သိပ်မကြာသေးခင်က သူငယ်ချင်းတွေဆီကတဆင့် စာအုပ်နှစ်အုပ်ကို မြည်းစမ်း ဖတ်ရှုခွင့်ရခဲ့ပါတယ်။ တစ်အုပ်ကတော့ Jean Sasson ရေးတဲ့ Princess ဆိုတဲ့ စာအုပ်လေးပါ။ ကိုပီတာရဲ့ ကျေးဇူးနဲ့ ဖတ်ဖြစ်တဲ့ စာအုပ်လေးပါ။ ဆော်ဒီအာရေးဗီးယားနိုင်ငံက တော်ဝင်မိသားစုဝင် မင်းသမီးလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။
နောက်တစ်အုပ်ကတော့ ရောင်းအားအကောင်းဆုံး နံပါတ်တစ်နေရာမှာရှိတဲ့ Jeffrey Archer ရေးတဲ့ Paths of Glory ဆိုတဲ့စာအုပ်လေးပါ။ ဧဝရက်တောင်ပေါ်သွားရောက်ခဲ့တဲ့ တောင်တက်သမားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို နောက်ကြောင်းခံထားတဲ့ ကြည်နူးစရာ ချစ်ခြင်းဖွဲ့ ဇာတ်လမ်းရိုးရိုးလေးစ်ပုဒ်ပါ။
Jean Sasson ကတော့ အမျိုးသမီးစာရေးသူပီပီ သူမနဲ့ မရင်းနှီးမကျွမ်းဝင်တဲ့ အာရပ်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ၁၉ နှစ်တိတိအချိန်ယူပြီး လေ့လာပြီးမှ ရေးခဲ့တဲ့ စာအုပ်လေးဖြစ်ပါတယ်။သူမရဲ့ ကိုယ်ပိုင်ခံစားချက်တွေအပြင် သူမကို ဒီဇာတ်လမ်းလေး ဖြစ်မြောက်ရေးအတွက် ရင်ဖွင့်တိုက်တွန်းခဲ့တဲ့ အာရပ်အမျိုးသမီးတစ်ယောက်ရဲ့ ရင်ထဲက စကားလုံးတွေနဲ့ ယောက်ျားတွေရဲ့ အတ္တကို အတတ်နိုင်ဆုံး ပုံဖော်ခဲ့ပါတယ်။ ယောက်ျားတွေအပေါ်မြင်တဲ့ အမြင်နဲ့ အတွေးကိုအမျိုးသမီးနှစ်ယောက်ရဲ့ အမြင်(စာရေးသူနဲ့ ဇာတ်လမ်းပြောသူ) နဲ့ အကောင်းဆုံးဖြစ်အောင် ရေးဖွဲ့နိုင်ခဲ့တာမို့ သူမပေးချင်တဲ့ အသိအမြင် ဗဟုသုတကို စာဖတ်သူကို အပြည့်အဝ ပေးနိုင်ခဲ့ပါတယ်။
Jean Sasson ရဲ့ Princess ဆိုတဲ့စာအုပ်လေးကိုတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ အကြီးအကဲ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဘဒူအဇစ်ရဲ့ ရာဇဝင်နဲ့အစပြုခဲ့ပါတယ်။ ၁၉၀၁ မှာ အသက် နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်တဲ့ အဘဒူအဇစ်ဟာ ရန်သူအပေါင်းကို တိုက်ခိုက်အောင်မြင်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူဟာ သူ့ဒေသရဲ့ သြဇာရှိတဲ့ အကြီးအကဲခေါင်းဆောင်တစ်ဦးပီသစွာ အမျိုးသမီးပေါင်း ၃၀၀ ကျော်ကို လက်ထပ်ခဲ့ပြီး သား ၅၀ ကျော်နဲ့ သမီး ၈၀ ကျော်ရှိခဲ့ပါတယ်။ ၁၉၉၁ ကိုရောက်တဲ့ အချိန်မှာတော့ သူ့ရဲ့ သားသမီးမြေးမြစ် အနွယ်တော်ဝင်တွေဟာ မိသားစုဝင် ၂၁၀၀၀ ကျော်တဲ့အထိ တိုးတက်ပွားများလာခဲ့ပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာ ပါဝင်တဲ့ တော်ဝင် မင်းသမီးလေး ( Princess Sultana Al Sa’ud) ရဲ့ မိသားစုဝင်တွေ လက်ထက်အထိ သူတို့ဟာ မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ် ဘုရင်ရဲ့ ဆွေတော်မျိုးတော်တွေ ဖြစ်ခဲ့ကြပါတယ်။
သူတို့ရဲ့ ဓလေ့ထုံးစံတစ်ခုက အရွယ်ရောက်သူ အမျိုးသားတိုင်း မိန်းမလေးယောက်နဲ့ တရားဝင် လက်ထပ်ခွင့်ရသလို မိန်းမလေးဦးအနက်က တစ်ယောက်ယောက်က မတော်တဆ တိမ်းပါးသွားခဲ့ရင်လဲ သူ့နေရာမှာ ပြန်ပြီး အစားထိုးဖို့ အချိန်အခါမရွေး အရွယ်သုံးပါးအရွေး နောက်ထပ် တစ်ယောက်ကို ထပ်ပြီး လက်ထပ်ကြရပါတယ်။
အဲဒီတော်ဝင်မင်းသမီးလေးရဲ့ ဖခင်ကလဲ သူတို့ထုံးတမ်းအစဉ်အလာအတိုင်း အမျိုးသမီးလေးယောက်ကို လက်ထပ်ယူခဲ့ပြီး မင်းသမီးလေးရဲ့ မိခင်က သားသမီး ၁၆ ယောက်တိတိ မွေးဖွားပေးခဲ့တဲ့ အနက် ၁၁ယောက်တိတိ အဖတ်တင်ခဲ့ပါတယ်။ မင်းသမီးလေးရဲ့ မိခင်ဟာ သူမ(အငယ်ဆုံးသမီးလေး) အသက် ၁၆နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ မင်းသမီးလေးရဲ့ မိခင်ကွယ်လွန်ပြီး လေးလအကြာမှာတော့ သူမရဲ့ ဖခင်က လစ်လပ်သွားတဲ့ သူမရဲ့ မိခင်နေရာမှာ အစားထိုးဖို့ သူမထက် တစ်နှစ်တိတိငယ်တဲ့ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဆက်ပြီး လက်ထပ်ယူခဲ့ပါတယ်။
အဲဒီစာအုပ်ထဲမှာ စာရေးသူ ပြောပြထားတဲ့ အကြောင်းအရာတွေကတော့ သူတို့ တိုင်းပြည်မှာ မိန်းကလေးတွေအများဆုံး တွေ့ကြုံနေရတဲ့ ဖိနှိပ်ခံဘဝတွေ အကြောင်းပဲဖြစ်ပါတယ်။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေနဲ့ တန်းတူအခွင့်အရေးမရတဲ့ အပြင် မိသားစုဝင်တွေထဲမှာလဲ အကိုတွေ မောင်တွေနဲ့ယှဉ်လိုက်တိုင်း မိန်းကလေးတွေက အမြဲလိုလိုမျက်နှာငယ်ရပါတယ်။ အိမ်ထောင်ကျသွားပြီးတဲ့ အချိန်တွေမှာလဲ သူတို့ရဲ့ အိမ်ဦးနတ်အလိုကျ ထားရာနေစေရာသွားပြီး သူတို့ပြောသမျှဆိုသမျှကို တသွေးတသံတမိန့်ဆိုသလို နာခံရပြန်ပါတယ်။
မိမိအိမ်ထောင်ရေးအတွက်လဲ ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်ခွင့်မရှိပဲ မိဘအလိုကျ အထူးသဖြင့် ဖခင်ကစီမံတဲ့အတိုင်း( ဖခင်စီမံတာကို မိခင်အနေနဲ့တောင် ဝင်ပြီး စွက်ဖက်ခွင့်မရှိပါ) နာခံကြရပါတယ်။
အရွယ်ရောက်လာတဲ့ မိန်းကလေးတွေဟာ မိမိတို့ဖခင်အရွယ် ( တခါတရံမှာ ဖခင်ထက်တောင် အသက်ကြီးတဲ့ )အမျိုးသားတွေကို လက်ထပ်ကြရပါတယ်။ မိမိတို့နဲ့ လက်ဆက်ရမယ့် အမျိုးသားကိုတောင် မင်္ဂလာပွဲကျင်းပတဲ့နေ့မှာမှ မြင်တွေ့ခွင့်ရတတ်ပါတယ်။မိမိတို့ အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး ငြင်းဆိုခွင့်မရှိသလို မိဘကို တော်လှန်ပုန်ကန်ခွင့်လဲ မရှိရှာပါဘူး။ ပြီးတော့ မိမိတို့လက်ထပ်ယူထားတဲ့ ယောက်ျားကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သည်းခံပြီး ပေါင်းသင်းရပါတယ် ကွာရှင်းပြတ်စဲခြင်းကို ယောက်ျားဘက်က သဘောတူ ခွင့်ပြုမှသာ ကွာရှင်းခွင့်ရပါတယ်။ အမျိုးသမီးဘက်က တောင်းဆိုပေမယ့် သူ့အိမ်ထောင်ဘက်က သဘောမတူရင် တဖက်သတ် ကွာရှင်းလို့မရပါဘူး။
သူတို့ဘာသာရေး ထုံးတမ်းအစဉ်အလာအရ အမျိုးသမီးတစ်ယောက် လူ့အခွင့်အရေး အပြည့်အဝမရရှိတဲ့ အပေါ်မှာ လူတိုင်းနားလည်ပေးနိုင်တယ်ဆိုပေမယ့် တခါတရံမှာ အမှန်တရားတွေ ကိုဖော်ပြခွင့်မရပဲ လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့တဲ့အဖြစ်တွေ ဘဝတစ်ခုလုံး နစ်နာစေတဲ့ အဖြစ်အပျက်တွေကို ဒီစာအုပ်လေးထဲမှာတွေ့ရပါတယ်။
အခြားနိုင်ငံကနေ ရိုးရိုးသားသား အလုပ်လာလုပ်ကြတဲ့ အိမ်ဖော်တွေရဲ့ ဆိုးရွားလှတဲ့ဘဝတွေကိုလဲ ဒီစာအုပ်လေးထဲမှာ တွေ့ရပြန်ပါတယ်။ သူတို့နိုင်ငံမှာ အိမ်ဖော်မိန်းကလေးတွေကို နှစ်ရှည်လများ( စာချုပ်သက်တမ်းမကုန်မချင်း) သားမယားအဖြစ် အနိုင်ကျင့်လေ့ရှိကြတဲ့ အိမ်ရှင်အမျိုးသားများရဲ့ စရိုက်ဆိုးတွေကို တိုင်တန်းဖို့အတွက် အိမ်ဖော်တွေမှာ အခွင့်အရေးမရှိသလို အဲဒီလို အမှုမျိုးတွေကိုလဲ သက်ဆိုင်ရာ သံရုံးတွေက လက်ပိုက်ကြည့်နေရုံပဲ တတ်နိုင်ကြပါတယ်။
မင်းသမီးလေးနဲ့ သူ့မိသားစု အီဂျစ်နိုင်ငံကို အလည်သွားရောက်စဉ်က ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကလဲ စာရေးသူ အမြင် မင်းသမီးလေးရဲ့ အမြင် ပြီးတော့ ကျွန်မရဲ့ အမြင်တွေအရ အင်မတန် ရုပ်ဆိုးအကျည်းတန်တဲ့ အဖြစ်အပျက်တစ်ခုလဲဖြစ်ခဲ့ပါတယ်။
အိမ်ရှေ့မင်းသမီးလေးရဲ့ ဆယ်ကျော်သက်အရွယ်အကို ပြီးတော့ သူ့အကိုနဲ့အတူပါလာတဲ့ သူ့သူငယ်ချင်းတစ်ယောက် သူတို့လူငယ်၂ ယောက် ပျော်ပါးဖို့အတွက် အသက် ၈ နှစ်တောင် မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ကို သူမရဲ့ မိခင်ကိုယ်တိုင်က အီဂျစ်ငွေ ၁၅ ပေါင်နဲ့ လာရောက်ရောင်းချတဲ့ အဖြစ်ကိုတော့ ယူကြုံးမရခြင်းများစွာနဲ့ ဖတ်လိုက်ရပြန်ပါတယ်။
မသိနားမလည်သေးတဲ့ ကလေးငယ်တစ်ယောက် ကမ္ဘာပျက်မတတ် အော်ဟစ်ငိုကြွေးနေတာကို စာနာစိတ်မရှိပဲ ခြေတွေလက်တွေ ချုပ်ကိုင်ပေးသူက မင်းသမီးလေးရဲ့ အကို ဖြစ်ပြီး ကလေးသာသာ ချာတိတ်မလေးကို စာနာစိတ်မရှိပဲ စော်ကားသူက သူနဲ့အတူပါလာတဲ့ သူ့သူငယ်ချင်းပဲဖြစ်ပါတယ်။ အခန်းတစ်ခုလုံးသွေးတွေလွှမ်းနေတဲ့ မြင်ကွင်းကို တစိမ့်စိမ့်ကြည့်ပြီး သူတို့ ၂ ယောက်ကတော့ သဘောကျစွာ အော်ဟစ်ရယ်မောနေခဲ့ပါတယ်လို့ မင်းသမီးလေးက ပြောပြခဲ့ပါတယ်။
အင်မတန်ဆိုးရွားတဲ့ ဖြစ်ရပ်တွေကို မင်းသမီးလေးက အသေးစိတ်ပြောပြခဲ့ရာမှာ ကလေးငယ်ရဲ့ မိခင်ကတော့ ဒီကလေးကို အခကြေးငွေယူပြီး ခိုင်းစားရတဲ့ အပေါ်မှာ တုန်လှုပ်ဟန်မရှိခဲ့ဘူး သူမရဲ့ မျက်နှာပေါ်မှာ ခံစားချက် ကင်းမဲ့နေခဲ့ပါတယ်လို့ ဒီဇာတ်လမ်းလေးထဲမှာ ပြောပြထားခဲ့ပါတယ်။
လူ့အခွင်အရေး ဆိုးရွားစွာဆုံးရှုံးခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အဖြစ်အပျက်တစ်ခုကိုလဲ ဒီစာအုပ်လေးထဲမှာ စိတ်မကောင်းခြင်းကြီးစွာနဲ့ ထပ်ပြီး ဖတ်လိုက်ရပြန်ပါတယ်။
မင်းသမီးလေးဟာ သူမရဲ့ ပထမဆုံးရင်သွေးလေးကို မွေးဖွားဖို့အတွက် ဆေးရုံတက်နေစဉ်အချိန်လေးမှာ Amal ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်ဆိုးကို မြင်တွေ့ ကြားသိခဲ့ရခြင်းဖြစ်ပါတယ်။
တော်ဝင်မင်းသမီးလေး သူမရဲ့ ပထမဆုံးရင်သွေးလေးကို မွေးဖွားသန့်စင်ပြီး ဆေးရုံမှာ အနားယူနေတဲ့ အချိန်မှာ ခြေချင်းတွေ လက်ထိပ်တွေ ခတ်ထားခြင်းခံရတဲ့ Amal လေးဟာ သူမရဲ့ ရင်သွေးလေးကိုမွေးဖွားဖို့ ရဲတွေ ဘာသာရေးလူကြီးတွေ ခြံရံစောင့်ကြပ်ပြီး ဆေးရုံကိုရောက်လာခဲ့ပါတယ်။
တကယ်တော့ Amal ဟာသူတပါးရဲ့ မတရားစော်ကားတာကို ခံရပြီး လူသိရှင်ကြား အရှက်ရခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒုတိယအနေနဲ့ ထပ်မံကံဆိုးစေတာကတော့ သူမဟာ သူတပါးရဲ့ စော်ကားမှုကြောင့် ကိုယ်ဝန်ရှိလာခဲ့ခြင်းပါပဲ။
သူတို့ နိုင်ငံက အမျိုးသမီးလေးတွေလိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့လို့ သူတပါးစော်ကားခြင်းကို ခံရတယ်လို့ ယူဆပြီးဘုရားသခင်က ဒဏ်ခတ်ခြင်းလို့ ခေါ်တဲ့ အကြီးဆုံးသော အပြစ်ဒဏ်ကို ခံယူရမယ့် အသက်ဆယ့်လေးနှစ်အရွယ် ကလေးမလေးဟာ အပြစ်ဒဏ်ခံရဖို့အတွက် ကလေးမွေးပြီးတဲ့ အချိန်အထိ စောင့်ဆိုင်းခဲ့ရသူလဲ ဖြစ်ပါတယ်။
မင်းသမီးလေးဟာ သူမရဲ့ ဗြိတိသျှလူမျိုး သူနာပြုထံမှတဆင့် ကလေးမလေးရဲ့ ဘဝ အဖြစ်အပျက်အလုံးစုံကို သိခွင့်ရခဲ့ပေမယ့် သူမကို ကယ်တင်ဖို့တော့ အခွင့် အရေးမရခဲ့ပါဘူး။ အပြစ်မဲ့တဲ့ ကလေးမလေး အသက်ရှင်လွတ်မြောက်ခွင့်ရဖို့တွက် မင်းသမီးလေးကိုယ်တိုင်လဲ သူမရဲ့ အမျိုးသားကို ကြိုးစားပြီးတောင်းဆိုခဲ့ပါသေးတယ်။
Amal ဟာ သူမရဲ့ ရင်သွေးလေးကို မွေးဖွားပေးပြီးတာနဲ့ သူတို့နိုင်ငံရဲ့ ဥပဒေအရ ပေးတဲ့ သေဒဏ်ကို ( မသေမချင်းခဲနဲ့ ပစ်ပေါက်တဲ့ သေဒဏ်ရဖို့) ခံယူဖို့ရှိတာမို့ သူမမွေးဖွားချိန်မှာ သူမအပေါ်သနားညှာတာခြင်း စာနာထောက်ထားခြင်းမရှိစေဖို့ ဘာသာရေးလူကြီးများနဲ့ ရဲများက မွေးခန်းရှေ့မှာထိုင်စောင့်နေကြပြီး နိုင်ငံခြားသား သူနာပြုများကိုလဲ ဒီအမှုမှာ စာနာစိတ်နဲ့ ပါဝင် ပက်သက်ခြင်းမပြုကြဖို့နဲ့ သူမကို ကယ်တင်ခြင်းမပြုနိုင်အောင် ထားမြစ်ထားကြပါတယ်။
နံနက်ခင်းတစ်ခုမှာတော့ သူမဟာ ရင်သွေးငယ်(သမီးငယ်)လေးကို မွေးဖွားပေးခဲ့ပါတယ်။ သူမရဲ့ ရင်သွေးငယ်လေးကို မွေးဖွားပေးပြီးချိန်မှာတော့ နေ့မဆိုင်းပဲ ရဲများနဲ့ ဘာသာရေး ခေါင်းဆောင်လူကြီးများဟာ သူမကို ပြစ်ဒဏ်စီရင်မယ့် နေရာကို ခေါ်ဆောင်သွားကြပါတယ်။
မင်းသမီးလေးကိုယ်တိုင်နဲ့ စာရေးသူက ဒီလိုအပြစ်ပေးတာကို ကိုယ်တိုင် မမြင်ဘူးကြပေမယ့် ကိုယ်တွေ့မျက်မြင် ကြုံဘူးခဲ့သူတစ်ဦးကတော့ သူမမြင်တွေ့ခဲ့ရတာတွေကို မင်းသမီးလေးကို အခုလို ပြောပြခဲ့ပါတယ်။
အဲဒီလိုပြစ်မှုမျိုးကို ဘုရားသခင်ကပေးတဲ့ ပြစ်မှုပြစ်ဒဏ်လို့ သတ်မှတ်လေ့ရှိကြပြီး သူတို့ နိုင်ငံရဲ့ ထုံးစံအရ အပြစ်ရှိသူ အမျိုးသမီးကို ပြစ်ဒဏ်ပေးမယ့် နေရာမှာ လူစုလူဝေးကြီးဟာ အားတက်သရော စုဝေးရောက်ရှိနေလေ့ရှိပါတယ်။ ထရပ်ကားကြီးတွေကလဲ ခဲလုံးတွေကို တင်ဆောင်လာပြီး အဲဒီနေရာမှာ စုပုံထားပေးပါတယ်။ ရဲတွေ ခြံရံလို့ အပြစ်ဒဏ်ခံရမယ့်သူ ရောက်ရှိလာမယ့် အချိန်မှာတော့ အင်မတန် တက်ကြွနေကြတဲ့ လူစုလူဝေးကြီး ( အများအားဖြင့် ယောက်ျားသားတွေများပါတယ်) ဟာဝိုင်းဝန်းအော်ဟစ်ပြီး ကောင်းချီးသြဘာပေးကြပါတယ်။
အပြစ်ရှိသူ ရောက်လာချိန်မှာတော့ သူမကိုရဲကားထဲကနေ ကြမ်းတမ်းစွာ ဆွဲထုတ်ပြီး ပြစ်ဒဏ်စီရင်မယ့် နေရာကို ခေါ်သွားလ့ရှိကြပါတယ်။ အပြစ်ရှိသူ အမျိုးသမီးကို ပဆစ်တုတ်ထိုင်စေပြီး သူမရဲ့ ပါးစပ်ကို မအော်နိုင်အောင် အဝတ်စုတ်နဲ့ ပိတ်ဆို့ကြပါတယ်။ အနက်ရောင် ခေါင်းစွပ်ကို စွပ်ပေးပြီးချိန်မှာတော့ သူမရဲ့ ပြစ်မှုကို လူထုကြီးရှေ့မှာ ဖတ်ပြပါတယ်။ အမှုကို ဖတ်ပြသူက ပြစ်ဒဏ်ပေးဖို့ အချိန်ရောက်ပြီဆိုတာကို လူထုကြီးကို ကြေငြာတဲ့အချိန်မှာတော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ စုပုံထားတဲ့ ကျောက်ခဲပုံကြီးဆီကို အလုအယက်ပြေးသွားကြပြီး ခဲလုံးတွေနဲ့ သူမကိုစတင်ပြီး ပစ်ပေါက်ကြပါတယ်။
လူစုလူဝေးကြီးဟာ အပြစ်ဒဏ်ခံရသူကို ဘက်ပေါင်းစုံကနေ မရပ်မနား အားကုန်သုံးပြီး ခဲနဲ့ ပစ်ပေါက်ကြပြီး ဆရာဝန်က သူမကို စစ်ဆေးဖို့ ခေတ္တရပ်ဆိုင်းတဲ့ အချိန်လေးလောက်ပဲ ခဏနားကြပါတယ်။ စိတ်ဓါတ်တက်ကြွနေတဲ့ လူအုပ်ကြီးဟာ အပြစ်ဒဏ်ခံရသူကို နှစ်နာရီလောက်နီးပါး ခဲနဲ့ ပစ်ပေါက်ကြပြီး နောက်ဆုံးမှာ သူမတကယ်ပဲ သေဆုံးသွားပြီဆိုတဲ့ ဆရာဝန်ရဲ့ အတည်ပြုချက်ရမှသာ သူတို့ရဲ့ အပြစ်ပေးခြင်းကို ရပ်နားကြပါတယ်။
အဲဒီ Amal ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်နင့်စရာ အဖြစ်အပျက်လေးက (ဆော်ဒီနိုင်ငံနဲ့ ဘာသာရေး အယူအစွဲပြင်းထန်လွန်းတဲ့ အချို့သော အာရပ်နိုင်ငံတွေကလွဲလို့) အခြားနိုင်ငံတွေမှာ လူဖြစ်ခွင့်ရတဲ့ မိန်းကလေးတွေမှာ လူ့အခွင့်အရေးတွေ အပြည့်အဝရှိနေခဲ့တယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။
တကယ်တမ်းမှာတော့ သူမခံစားရတဲ့ ပြစ်မှု ပြစ်ဒဏ်ဟာ သူမအတွက် လုံးဝကို တရားမျှတမှုမရှိတဲ့ ပြစ်မှု ပြစ်ဒဏ်တစ်ရပ်ပါ။
ရီရတ်မြို့မှာ နေထိုင်တဲ့ သူမရဲ့မိဘတွေ ခရီးသွားနေချိန်မှာ ဆယ့်သုံးနှစ်သမီးလေးဖြစ်တဲ့ Amal ဟာ ဆယ့်ခုနစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့အကိုတစ်ယောက်နဲ့အတူ အိမ်ဖော် ၃ ယောက် ဒရိုင်ဘာတစ်ယောက်ကို အဖော်ပြုပြီး အိမ်မှာ ကျန်ရစ်ခဲ့ပါတယ်။
အဲဒီညက မိဘတွေ ခရီးထွက်နေတာကို အခွင့်အရေးယူပြီး သူမရဲ့ အကိုဟာ သူ့ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ဖိတ်ပြီး အိမ်မှာ လွတ်လပ်စွာ ပျော်ပါးခဲ့ပါတယ်။ Amal ရဲ့ အိပ်ခန်းက အပေါ်ထပ်မှာရှိတာမို့ သူ့အကိုတွေ အောက်ထပ်မှာ သောင်းကျန်းနေတာကို သိပေမယ့် သူမကတော့ အိပ်ခန်းတံခါးပိတ်ပြီး စာဖတ်နေခဲ့ပါတယ်။ သူ့အကိုနဲ့တကွ သူငယ်ချင်းတွေအားလုံးဟာ မူးယစ်ဆေးဝါးသုံးစွဲနေတယ်လို့ သူမက ထင်နေခဲ့ပါတယ်။
ညဉ့်နက်လာချိန်မှာတော့ အိမ်အောက်ထပ်က သူ့အကိုတွေ ဖွင့်ထားတဲ့ သီချင်းသံဟာ ဆူညံပေါက်ကွဲလာပြီး သူမရဲ့ အိပ်ခန်းနံရံကိုပါ လာရိုက်ခတ်တဲ့အထိ ကျယ်လောင်နေခဲ့တာမို့ သူ့အကိုကို အသံလျှော့ပေးဖို့အတွက် တောင်းဆိုဖို့ သူမအောက်ထပ်ကို ဆင်းသွားခဲ့ပါတယ်။
အိမ်မှာနေတဲ့အချိန် ညအိပ်ချိန်မို့ သူမဟာ ညအိပ်ဝတ် ဝတ်စုံပါးပါးလေးကို ဝတ်ဆင်ထားခဲ့ပါတယ် ( သူတို့ဓလေ့ထုံးစံအရ သူစိမ်းတွေ အိမ်မှာရှိတဲ့အချိန်မှာ အမျိုးသမီးတွေဟာ မျက်လုံးကစလို့ တကိုယ်လုံးကို ဖုံးကွယ်ထားရပါတယ်။ အဲဒီညကတော့ Amal ဟာ သူမရဲ့ အိမ်မှာဖြစ်နေတဲ့အပြင် သူမရဲ့ အကိုဆီကို သွားတာဖြစ်လို့ သူမဝတ်ထားတဲ့ ညအိပ်ဝတ် ဝတ်စုံလေးပေါ်မှာ ထပ်ပြီး ဝတ်ဆင်ရမယ့် ဝတ်ရုံအနက်ရောင်ကို ထပ်မဝတ်ပဲ အောက်ထပ်ကို ဆင်းသွားခဲ့တာပါ။)
အောက်ထပ်ကိုရောက်တော့လဲ အခန်းထဲကို မဝင်ပဲ အခန်းတံခါးဝကနေ သူ့အကိုကို ချောင်းကြည့်ပြီး ငိုယိုပြီး လှမ်းခေါ်ခဲ့ပါတယ်။ သူ့အကိုဆီက တုန့်ပြန်သံမကြားရတာမို့ စိတ်မရှည်နိုင်လွန်းတဲ့ Amal ဟာ အခန်းထဲကို ဝင်သွားပြီး သူမရဲ့ အကိုကို ရှာဖွေခဲ့ပါတယ်။
ကံဆိုးချင်တော့ အဲဒီအချိန်မှာ သူမရဲ့အကိုဟာ ရေချိုးခန်းထဲကိုရောက်နေခဲ့သလို မူးယစ်ဆေးအရှိန်နဲ့ ရေချိုးခန်းနံရံနဲ့ တိုက်မိပြီး ရေချိုးခန်းထဲမှာ တစ်ညလုံး အိပ်ပျော်သွားခဲ့တာမို့ သူမအဲဒီအခန်းထဲကို ရောက်နေခဲ့တာကို မသိလိုက်ပါဘူး။
အဲဒီအခန်းဟာ ညအိမ်မီးသီးလေးရဲ့ ခပ်မွဲမွဲအလင်းရောင်ကလွဲလို့ ခပ်မှောင်မှောင်လေးဖြစ်နေပါတယ်။ သူမထပ်ပြီးကံဆိုးခဲ့တာက အခန်းထဲမှာရှိနေတဲ့ သူမအကိုရဲ့ သူငယ်ချင်းတွေဟာ မူးယစ်ဆေးရွားကို လွန်ကဲစွာသုံးထားကြတာမို့ အသိစိတ်ကင်းမဲ့နေကြပြီး အမျိုးသမီးတွေအကြောင်းကို ကျယ်လောင်စွာ ပြောဆိုနေကြပါတယ်။ အသိစိတ်ကင်းမဲ့နေတဲ့ ဆယ်ကျော်သက်အရွယ် ချာတိတ်တွေဟာ အခန်းထဲကို ဝင်လာတဲ့ သူမကို စတင်တိုက်ခိုက်လာပါတယ်။ ကြမ်းပြင်ပေါ်ကို တွန်းလှဲလိုက်ပြီး လုံးဝလှုပ်ရှားလို့မရအောင် ချုပ်ထားကြပါတယ်။
သူမဟာ အော်ဟစ်ပြီး ဒီအိမ်ရဲ့ အိမ်ရှင်တစ်ယောက်ဖြစ်ကြောင်း ငိုယိုပြီး တောင်းပန်ခဲ့သလို သူမရဲ့ အကိုကိုလဲ ကြိုးစားပြီး အော်ဟစ်ပြီးခေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ တောင်းပန် အသနားခံမှုတွေဟာ အရာ မရောက်ခဲ့ပါဘူး။ တတိယမြောက် ချာတိတ်တစ်ယောက်ရဲ့ စော်ကားခြင်းကို ခံလိုက်ရပြီးတဲ့နောက်မှာတော့ သူမဟာ လုံးဝသတိလက်လွတ်ဖြစ်သွားခဲ့ပါတယ်။
မနက်လင်းလို့ ရောင်နီပျိုးစပြုလာချိန်မှာတော့ သူ့အကိုရဲ့ သူငယ်ချင်းတွေဟာ ညတုန်းက သူတို့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ပြန်သုံးသပ်မိသွားပြီး သူတို့အိမ်တွေကို အသီးသီးပြန်သွားကြပါတယ်။
မနက်မိုးလင်းမှ Amal လေးကိုတွေ့သွားကြတဲ့ အိမ်ဖော်တွေကတော့ သူမကို ဆေးရုံကိုပို့လိုက်ကြပါတယ်။ အရေးပေါ်ဌာနမှာ တာဝန်ကျနေတဲ့ ဆရာဝန်က သူမကို စမ်းသပ်စစ်ဆေးပြီးချိန်မှာ သူတို့နိုင်ငံရဲ့ ထုံးစံအတိုင်း ရဲကို အကြောင်းကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရဲနဲ့အတူ ဘာသာရေးဆိုင်ရာ လူကြီးတွေပါ သူမရဲ့ အမှုမှာ ပါဝင်ပက်သက်လာပါတယ်။ သူတို့တိုင်းပြည်မှာ Mutawas ဆိုတဲ့ ဘာသာရေးဆိုင်ရာ လူကြီးတွေဟာ အလွန်အရေးပါတဲ့ နေရာမှာရှိပါတယ်။
လူကြီးတွေက စစ်မေးချိန်မှာ Amal လေးဟာ သူမကိုစော်ကားခဲ့ကြသူတွေ ဘယ်သူတွေဆိုတာ မသိခဲ့ပါဘူး။ သူမအကိုရဲ့ အပေါင်းအသင်းတွေ ဖြစ်တယ်ဆိုတာလောက်ပဲ ပြောပြနိုင်ခဲ့ပြီး သူတို့ရဲ့ နာမည်တွေကို မပြောပြနိုင်ခဲ့ပါဘူး။
ရဲရဲ့စစ်ဆေးချက်ကို မခံရခင်ကတည်းက သူမကို စော်ကားခဲ့ကြတဲ့ သူမအကိုရဲ့ သူငယ်ချင်းတွေဟာ သူတို့ အပြစ်က ရုန်းထွက်ဖို့အတွက် ယုံတမ်းပုံပြင်တွေကို ဖန်တီးခဲ့ကြပါတယ်။ သူတို့တွေဘက်က ပြောဆိုချက်တွေအရ အဲဒီညက သူတို့တွေဟာ မူးယစ်ဆေးဝါး လုံးဝ မသုံးစွဲခဲ့ကြပါဘူး။ သီချင်းတွေ ကျယ်လောင်စွာဖွင့်ပြီး သူငယ်ချင်းတွေ အပျော်သက်သက် စုဝေးခဲ့ကြတာပါလို့ ပြောလာပါတယ်။ သူတို့ဆီကို ဆင်းမလာခင်အချိန်လေးမှာ Amal ဟာ အိမ်အပေါ်ထပ်မှာ တစ်ယောက်တည်း Sex နဲ့ ပက်သက်တဲ့စာအုပ်တွေ ဖတ်နေခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့ဆီကို ဆင်းလာပြီး မြူဆွယ်ဖျားယောင်းခဲ့တယ်လို့ ပြောလာပါတယ်။
ချာတိတ်တွေဟာ သူမကို ကြိုးစားပြီး ဆုံးမခဲ့ပေမယ့် ဖြောင့်ဖြဆုံးမလို့ မရခဲ့သလို စိတ်ရိုင်းဝင်နေတဲ့ သူမဟာ သူတို့ရဲ ပေါင်တွေပေါ်မှာထိုင်ပြီး သူတို့ကို စတင်ပြီး ပွတ်သပ် နမ်းရှုံ့ခဲ့တယ်လို့ ပြောလာပါတယ်။ Amal ဟာ သူတို့အားလုံးကို သူမနဲ့အတူ ပျော်ပါးဖို့အတွက် ခခယယ တောင်းပန် စည်းရုံးခဲ့တယ်လို့ သူတို့အားလုံးက တပြိုင်တည်း ထွက်ဆိုကြပါတယ်။
သူမရဲ့ အဖြစ်အပျက်ကို ခရီးကပြန်လာတဲ့ မိဘတွေ သိသွားချိန်မှာတော့ မိခင်ဖြစ်သူက မိန်းမသားပီပီ သမီးဘက်က ရပ်တည်ပြီး သမီးပြောတဲ့ အဖြစ်မှန်ကို ယုံကြည်ပေးခဲ့ပေမယ့် သမီးတစ်ယောက်ရရှိခြင်းအတွက် တချိန်လုံး မကျေမချမ်းဖြစ်နေခဲ့တဲ့ သူမရဲ့ ဖခင်ကတော့ မဟာပုရိသ ဝါဒစွဲကိုင်ထားတဲ့ ယောက်ျားပီသစွာပဲ သမီးဖြစ်သူဟာ အပြစ်ကျူးလွန်သူဖြစ်တဲ့ အပြင် ဖခင်ကို မျက်နှာပျက် အရှက်ရစေခဲ့တဲ့ အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံစားရမယ်လို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်အပေါ်( ဖခင်မပီသစွာ ) ယောက်ျားသားတစ်ယောက်အနေနဲ့ သူခံစားမိတာကိုလဲ “ felt that the boys had done only what any male would do under the circumstances.” လို့ ပြောခဲ့ပါတယ်။ သူမဖခင်ရဲ့ ဖခင်မဆန်လွန်းတဲ့ ဆုံးဖြတ်ချက်ကြောင့် သူမဟာ အဲဒီအပြစ်ဒဏ်ကို ခံစားခဲ့ရတာလဲဖြစ်ပါတယ်။
သူမရဲ့ မိခင်ကတော့ ဆော်ဒီနိုင်ငံသူ အိမ်ရှင်မ ပီသစွာပဲ အရှက်အကွဲ အကျိုးနည်းဖြစ်ခဲ့ရတဲ့ သမီးအတွက် ယူကြုံးမရဖြစ်ပြီး သောကကြီးစွာရောက်ခဲ့ရတဲ့အပြင် အယူအစွဲကြီးလွန်းစွာ သမီးမျက်နှာကိုတောင်မထောက်ပဲ မျက်နှာလွဲ ခဲပစ် လုပ်ရက်တဲ့ ခင်ပွန်းသည်ဖြစ်သူကိုလဲ ဖြောင့်ဖြဖို့ ခွန်အားမရှိခဲ့ရှာပါဘူး။ အခွင့်အရေးလဲမရခဲ့ပါဘူး။
နောက်ဆုံးမှာတော့ Amal ဟာ သူတို့ထုံးစံအရ ပေးအပ်တဲ့ ပြစ်ဒဏ်ကို သွေးနုသားနု ဆေးရုံက ဆင်းဆင်းချင်းအချိန်မှာ ခံစားရမယ့် သနားစရာ မိန်းကလေးလဲ ဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာ မိန်းကလေးတွေနဲ့ ပက်သက်တဲ့ အခြားစိတ်ဝင်စားစရာ ရင်နင့်စရာ အဖြစ်အပျက်လေးတွေကိုလဲ ထပ်ပြီးတွေ့ခဲ့ရပါတယ်။
ဒီစာအုပ်လေးကို သေသေချာချာ ခံစားကြည့်မိတော့ လူကြီးလူကောင်းလို့ ကျွန်မတို့ တင်စားအပ်တဲ့ အမျိုးကောင်းသားတွေအနေနဲ့ သူတို့ပတ်ဝန်းကျင်မှာ ရှိတဲ့ အားနွဲ့သူအမျိုးသမီးတွေအပေါ် ထားရှိပေးကြတဲ့ စေတနာ မေတ္တာတွေနဲ့ တန်ဘိုးပေးအလေးထားမှုတွေဟာ တနေရာနဲ့ တနေရာ မတူကြဘူးဆိုတဲ့ အချက်တစ်ချက်ကို တွေ့ရှိလာပါတယ်။ မတူညီတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကြောင့်လို့တော့ အတပ်မပြောနိုင်ပါဘူး။ သူတို့မွေးဖွားကြီးပြင်လာတဲ့ ပတ်ဝန်းကျင်ဟာ သူတို့ရဲ့ လူနေထိုင်မှု စရိုက်ကို တနည်းနည်းနဲ့တော့ ပြောင်းလဲစေခဲ့ပါတယ်။
တကယ်တော့ အမျိုးသမီးတွေရဲ့ ဘဝဖြစ်တည်မှုတိုင်းဟာ အမျိုးသားတွေရဲ့ အတ္တတွေအတွက် သက်သက်မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ အိမ်ထောင်သည်တစ်ယောက်ဖြစ်လာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့အိမ်ထောင်ဘက်ရဲ့ သြဇာကို အပြည့်အဝ နာခံရတယ်ဆိုပေမယ့် စက်ရုပ်တစ်ရုပ်လို ကျောက်ရုပ်တစ်ရုပ်လို ကိုယ်ပိုင်ခံစားချက် ကိုမေ့ပစ်ထားပြီး သူတပါးအတ္တအတွက် ရှင်သန်နေရတဲ့ ဘဝမျိုးတွေရှိနေဆဲဆိုတာကို Princess ဆိုတဲ့ စာအုပ်လေးက ကျွန်မတို့ကို ပြောပြနေခဲ့ပါတယ်။
ဒီစာအုပ်လေးကို ပေးဖတ်တဲ့ ကိုပီတာကလဲ မိန်းကလေးတွေ ဖတ်သင့်တယ်လို့ သေသေချာချာ ပြောပြီးပေးဖတ်ခဲ့တာမို့ စာအုပ်ကောင်းတွေ့တိုင်း သတိရတတ်တဲ့ ကိုပီတာကိုလဲ ကျေးဇူးတင်မိပါတယ်။ ကိုယ်တိုင်လဲ စာအုပ်ဆိုင်မှာ ရှာပြီးဝယ်ဖြစ်တဲ့အထိ ဒီစာအုပ်လေးကို နှစ်သက်ခဲ့မိပါတယ်။
မူရင်း စာရေးသူ Jean Sesson နဲူ့ ဇာတ်လမ်းလေးတွေအားလုံးကို ပြောပြခဲ့တဲ့ အမည်မဖော်လိုသ တော်ဝင်မင်းသမီးလေးကို ကိုလဲ ဒီစာအုပ်လေးအတွက် အထူးကျေးဇူးတင်မိပါတယ်။ အာရပ်ကမ္ဘာက ကံမကောင်းအကြောင်းမလှတဲ့ အာရပ်အမျိုးသမီးတွေရဲ့ ဇာတ်လမ်းတွေအပြင် အာရပ်ကမ္ဘာမှာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်လုပ်နေကြတဲ့ အမျိုးသမီးလေးတွေအကြောင်းကို ကမ္ဘာက သိအောင်ချပြခဲ့တဲ့ဆရာမရဲ့ စေတနာကိုလဲ လေးစားမိပါတယ်။
ကျွန်မနဲ့ လက်လှမ်းမီတဲ့ သူငယ်ချင်းတွေကိုလဲ ဒီစာအုပ်လေးအကြောင်းပြောပြဖြစ်သလို ဖတ်ဖို့လဲ တိုက်တွန်းဖြစ်ပါတယ်။ အထူးသဖြင့် အာရပ်တိုင်းပြည်တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတွေ သိထားသင့်တဲ့ အကြောင်းအရာလေးတွေဖြစ်တာမို့ ဒီပို့စ်လေးကို ထပ်ပြီး ရေးဖြစ်ခဲ့ပါတယ်။
ပို့စ်တစ်ခုအနေနဲ့ တော်တော်ရှည်လျားနေတာမို့ ဒုတိယ စာအုပ်လေးကိုတော့ ဒုတိယပိုင်းအနေနဲ့ ထပ်ပြီး တင်ပါ့မယ်။
စိတ်ရှည်လက်ရှည် ဖတ်ပေးကြတဲ့ စာဖတ်သူများအားလုံး စာရေးဖော်မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
21 comments:
ဟုတ်တယ် မနှင်းရေ...
မိန်းခလေးအခွင့်အရေး အပြည့်အ၀မရရှိတဲ့ နိုင်ငံမှာ လူဖြစ်လာရတဲ့ မိန်းခလေးတွေဟာ အလွန်ဘဲ ကံဆိုးလှပါတယ်။ တော်လှန်ချင်ပေမဲ မတော်လှန်ဝံ့ကြဘူးဖြစ်နေတယ်။ ဒါပေမဲ့ တစ်ချို့ အမျိုးသမီးတွေကိုယ်တိုင်က အဲဒီလို ၀ါဒမျိုးကို ကြိုက်နှစ်သက်နေကြတာက ပိုခက်ပါတယ်။
ယောက်ျားတစ်ယောက်ကို မိန်းမ လေးယောက်အပြည့်ယူခွင့်ပေးထားတာကလည်း မိန်းခလေးဘက်က အခွင့်အရေးတွေ အားလုံး ဘုံးဘုံးကျစေပါတယ်။
အလွန်တရာမှ တန်ဖိုးရှိလှတဲ့ ပို့စ်လေးပါဘဲ မနှင်းရေ.....
အင်း.........မတရားမှုတွေ ဖတ်ပြီးစိတ်တော်တော် မကောင်းတောင်ဖြစ်မိတယ်...
အဲလို ...နိုင်င်္ငတွေအလုပ်သွားလုပ်မဲ့ မိန်းကလေးများ
ဆင်ချင်နိုင်စရာပဲမနှင်းရေ....
သနားစရာပဲဗျာ။
မကောင်းမှန်း ၊ မမှန်မှန်း သိနေပေမဲ့ သွားပြီး ကူညီခွင့် မရတဲ့ ကိစ္စတွေပဲ။
စာအုပ်ကိုတော့ ရှာပြီး ဖတ်ပါ့မယ်။
ကျေးဇူးပါပဲ။
( တစ်ယောက်ယောက် ဘာသာပြန်ဖြစ်ရင် ကောင်းမယ်ဗျာ။ )
မိန်းကလေးအခွင့်အရေးအပြည့်အ၀ဆုံးရှုံးနေရတဲ့
နေရာတခုပဲနော်..။ အဲဒီပြဿနာကို ကမ္ဘာကနေ
ကူညီခွင့်ရရင်ကောင်းမှာပဲလို့တွေးမိတယ်..။
ဖတ်ရင်းဖတ်ရင်းလည်းအဲဒီမိန်းကလေးတွေရဲ့ကိုယ်စား
ခံစားမိတယ်.။ခုလည်းမရှိသင့်တော့ဘူး..။
အဖိုးတန်တဲ့စာပါမနှင်းရေ..ကျေးဇူး..
ခင်တဲ့
သဒ္ဓါ
နှင်းရေ
မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်..
ဖတ်မှတ်သင့်တဲ့ စာအုပ်ကလေးပါဘဲ..
အဲဒီလို စိတ်မကောင်းစရာ အကြောင်းအရာတွေ ဖတ်မိတိုင်းရင်ထဲမှာ ခံစားရတာ ပြင်းထန်လွန်းတယ်
တော်ပါသေးတယ် အာရပ်ကမ္ဘာမှာ မိန်းမ ဖြစ်ခွင့်မရခဲ့တာ..
ခုလိုကျတော့ ကိုယ်တွေအဖြစ်က အများကြီး တော်ပါသေးတယ်လေ..
မသင့်တော်တဲ့ ရိုးရာဓလေ့ဆိုတာကြီးတွေကိုတော့ ပယ်ဖျက်သင့်ပါပြီ..
အဲ.. စကားမစပ်
တို့ရဲ့ ဘလော့ကို http://www.missgreenlady.com နဲ့ ပြန်ပြောင်းချိတ်ပေးပါနော်..
အဟောင်းက ပျက်သွားပြီ မို့လို့ပါ..
ကျေးဇူး
I will search this book from NLB( Princess ). thank u v much.
I will search this book from NLB( Princess ). thank u v much.
I will search this book from NLB( Princess ). thank u v much.
I will search this book from NLB( Princess ). thank u v much.
I will search this book from NLB( Princess ). thank u v much.
အမရေ..ဒီအကြောင်းလေးဖတ်ရတာရင်နာလိုက်တာ
အမရယ်...အာရပ်ကမ္ဘာကမိန်းကလေးတွေရဲ့
ဘဝကိုစာနာသနားမိတယ်
ရင်နင့်စရာပဲ.. အဲလို ယောင်္ကျားတွေကို အမုန်းဆုံး.. အရှက်ကွဲခံရပြီးတဲ့ နောက်မှတော့ သူတို့ကို ထိုက်သင့်တဲ့ အပြစ်ခံရစေချင်တယ်..
မနှင်းရေ.......
ကိုယ်တိုင်ဖတ်လိုက်ရသလိုပါပဲ.......စာအုပ်လေးကို.......။
သနားစရာလေးတွေ......။
ဘာပဲဖြစ်ဖြစ်.........မိန်းကလေးတွေဆိုတာလည်း.........ခံစားချက်နဲ့ .....၊ နောက်အသွေးအသားနဲ့ သူလိုကိုယ်လို......သက်ရှိလူသားတစ်ဦးဆိုတာ......အဲ့ဒီလူမျိုးတွေ နားလည်လာရင် ဘယ်လောက်ကောင်းမလဲနော်ဗျာ......။
ခင်မင်တဲ့
ဏီလင်းညို
ကျနော့်တူမလေး လမ်းညွှန်လို့ ဒီဘလော့ကို ကျနော် ရောက်လာဖြစ်တယ်။ စိတ်မချမ်းသာဘူးဗျာ။
ကျနော် စာတချို့ရေးဖူးတယ်။ ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံးနဲ့ အကြာဆုံး ရပ်တည်နေနိုင်တဲ့ ဝါဒဟာ မဟာဖိုဝါဒ ဖြစ်တယ်လို့ ကျနော် ရေးခဲ့ဖူးတယ်။
ကဗျာဆရာမ ဆစ်လ်ဗီယာပလပ်ရဲ့ ကဗျာကို ရေးရင်းက ရေးခဲ့တာ။ အခု ဒီပို့ စ်ကိုဖတ်ရတော့ ကျနော် ပိုပြီးတော့ခံစားရ ထိတ်လန့်ရတယ်ဗျာ။
ကျေးဇူးတင်တယ်။ သည်လို စာမျိုးတွေ များများရေးနိုင်ပါစေခင်ဗျား
လာရောက် ဖတ်ရှုခံစားသွားပါတယ်
မမနှင်းရေ...
ဗဟုသုတလေးရသွားတယ် ....
ခရီးသွားနေလို့ စာတွေလာမဖတ်နိုင်ဘူးဖြစ်သွားတယ်
ပျော်ရွှင်ချမ်းမြေ့ပါစေ
နှင်းဟေမာ
မရေ..စာလာဖတ်တယ်..
သနားစရာတော်တော်ကောင်းတယ်နော်..
အဲဒီလိုအယူဝါဒဆိုးတွေ
ကွယ်ပျောက်ပါစေ...။။။။
ပြောရဦးမယ် စကားမစပ်။ အရာရာဟာ ဘုရားသခင်အလိုတူမှ ဖြစ်တယ်လို့ ယုံကြည်တဲ့သူတွေ နေတဲ့ နိုင်ငံမှာဆိုတော့ အဲလို မိန်းကလေးတွေ အဲဒီလို အဲသလို ဖြစ်ရတာဟာ ဘုရားသခင်အလိုတော အတိုင်းပါပဲဗျာ။ ဒီလိုစည်းကမ်းတွေ ဥပဒေတွေလဲ ကျမ်းစာထဲမှာ ပါမယ်ထင်တာပဲ။ ဥပဒေသတွေ ချမှတ်ပေးသူကလဲ ဘုရားသခင်ဆိုလားပဲ (သူတို့ ယုံကြည်ချက်ကို သိသလောက်လေးပြောပြတာပဲ မှားခဲ့ရင်ခွှင့်လွှတ်ပေးကြပါ) ဘာကိုမှ မရည်ရွယ်ပါခင်ဗျာ
hi, i think you might also like this story as well.
regards
http://www.freemyanmarvcd.net/PlayMovie/12368/1/d?sid=4692
Post a Comment