သားသြချစ်ရဲ့ စာမျက်နှာ ၁၁



ဘာလိုလိုနဲ့ သားကြီးသြချစ်က ၁၁ နှစ်ပြည့်ပြီတဲ့။ သူ့မိဘတော့ မသိဘူး ကိုယ်ကတော့ သူ့ကို လူကြီးမဖြစ်စေချင်သေးဘူး။ ကလေးပိစိလေးလို မြင်နေတုန်း။ ကလေးလေး တစ်ယောက်လို ချစ်လို့မဝသေးပေမယ့် သူ့အနားမှာ နေရတဲ့အချိန်တွေက သိပ်နည်းလွန်းခဲ့တာ။ သူပိစိလေးတည်းက အမေကို အာခံပြီး အဒေါ်ကို သဲသဲလှုပ်ချစ်ခဲ့တဲ့ ကလေးလေး။  ခုချိန်ထိ မာမားကို မချစ်ပါဘူး သားကြီးလာရင် တီတီလေးနဲ့နေမှာလို့ ဂျစ်ကန်ကန်ပြောနေတုန်း။
ကိုယ်တွေ ကြီးပြင်လာခဲ့ရတဲ့ အခြေအနေတွေနဲ့ ယှဉ်ရင်တော့ သူတို့က သိပ်ကံကောင်းတယ်လို့ပြောလို့ရသေးတယ်။ 

သားယောက်ျားလေးပီပီ ကလေးဘဝကို ကလေးပီသလွန်းစွာ ဖြတ်သန်းနိုင်ခဲ့တာကိုတော့ ကျေနပ်တယ်။ အမေက စည်းကမ်းကြီးပြီး ဟိုမလုပ်နဲ့ ဒီမလုပ်နဲ့ ဘယ်လောက်တားတား ညီအကို သုံးယောက် လုပ်ချင်ရာလုပ်ကြတာကို ကိုယ်တွေက ဘေးကနေ ပွဲကြည့်ပရိတ်သတ်လုပ်ပြီး သူတို့ကွယ်ရာမှာ ရီရတယ်။
သူ့အမေက ကလေးတွေကို အင်မတန် တင်းတင်းကျပ်ကျပ်ထိန်းသိမ်းနေတဲ့ကြားက ဇာတိလေးတွေပြပြီး မျောက်ရှုံးအောင်ဆော့ကြတော့ ဆေးရုံဆေးခန်း ခဏခဏရောက်။  သူတို့ ညီအကိုသုံးယောက်လုံး ဆေးရုံ ဆေးခန်း အရေးပေါ် မရောက်ဖူးတဲ့သူမရှိ။

သားကြီး ၁၀ နှစ်ပြည့်ပြီးတဲ့ အချိန်မှာ ခြေကျိုးဘူးတယ် လက်ကျိုးဘူးတယ် မျက်စိဆေးရုံ ခဏခဏရောက်တယ်။  လက်ကျိုးနေချိန်မှာတောင် ကျောက်ပတ်တီးနဲ့ ဘောလုံးကန်မပျက်။  အဆော့မပျက်ဘူး။  ဒါ့ကြောင့် သူတို့အိမ်ကို မျောက်ရွာလို့ ခေါ်မိတယ် ။ သူ့အဖေကလည်း ကျောင်းပိတ်ရက်ဆို ကလေးတွေကို ရေကူးကန်ခေါ်သွား ဘောလုံးကွင်းခေါ်သွား အိမ်မှာလဲ လက်ဝှေ့ထိုးတဲ့ သဲအိတ်တွေဝယ်ပေးထား သူလဲဆော့ ကလေးတွေလဲဆော့ သိပ်တာဝန်ကျေတဲ့အဖေ။

သူတို့က မြို့ထဲမှာနေပေမယ့် သောကြာညဆို တမိသားစုလုံး အိမ်ရောက်လာပြီး  စနေ တနင်္ဂနွေ နှစ်ရက်မှာ ကလေးတွေကို သဘာဝတရားနဲ့ မကင်းကွာအောင်ထားတတ်သေးတယ်။
သူတို့ကလည်း အဒေါ်တွေကို သိပ်ချစ်တယ် မနှစ်က ကိုယ်ပြန်ရောက်တဲ့ အချိန်က မိုးချုပ်နေပြီ။ သူတို့လဲ ကျူရှင်တွေဆက်ပြီး ပင်ပန်းနေတော့ အဘွားအိမ်ကို မနက်မှ ပို့မယ် ပြောတာမရဘူး။ တစ်ယောက်ပြီး တစ်ယောက် ဖုန်းဆက် အော်ဟစ် သောင်းကျန်း ဂျီကျ ငိုကြတော့ အကိုက ဖုန်းဆက်လာတယ် နင့်သူပုန်တွေ သောင်းကျန်းနေပြီတဲ့။ ဒီတော့ မနေနိုင်တဲ့ အဒေါ်က ညကြီး မိုးချုပ်သူတို့ဆီ ပြေးရတယ်။

ဒီလို အရွယ်လေးတွေက တစတစကြီးပြင်းလာပြီး သူတို့ အချစ်တွေကို မရတော့မှာ စိုးမိတယ်။
ဒါတောင် တနှစ်နဲ့ တနှစ် အပြောင်းအလဲက မတူတော့ဘူး။ နောက်ဆုံးအခေါက်ေ၇ာက်တဲ့ အချိန်မှာ  သားကြီးက ၁၀ နှစ်နဲ့  ညီညီက ၉ နှစ် ရှက်တတ်နေပြီ လူကြီးစိတ်ဝင်ချင်နေကြပြီ။
သူတို့ရေချိုး သနပ်ခါးလိမ်းတာကို အခြားသူကို အထိမတို့ မခံချင်တော့ဘူး အဒေါ်ကိုတော့ ချစ်လွန်းလို့ ခွင့်ပြုပုံရတယ်။ သားကြီးထက်ဆိုးတာက ညီညီ ကျောင်းသွားရင် ဘောင်းဘီရှည်ပဲ ဝတ်တော့တယ် အတို မဝတ်တော့ဘူး။

ခေတ်ကာလ ကလေးတွေရဲ့ထုံးစံအတိုင်း ဖုန်းထဲက ဂိမ်းတွေ တီဗီဂိမ်းတွေ ဆော့လွန်းလို့ သူတို့အိမ်မှာ တီဗီတောင်မထားပေးပေမယ့် သူ့အဖေလက်ပ်တော့ကို နည်းမျိုးစုံနဲ့ ကလိကြသေးတယ်။ စနေတနင်္ဂနွေကျတော့ အဘွားအိမ်မှာ တီဗီ နှစ်လုံးကနေ သုံးလုံးအထိ ထားပေးပီး ဂိမ်းစက်တွေပါရှိတော့ သူတို့အတွက် နိဗ္ဗာန်ဘုံက အဘွားအိမ်ပေါ့။ ဦးလေးတွေ အဒေါ်တွေရဲ့ ဖုန်းတွေကို ကလိ Tab တွေ အိုင်ပက်တွေလဲ အလွတ်မပေးကြဘူး။ ချစ်ဖို့ကောင်းတာက ညီအကို သုံးယောက် တက်ညီလက်ညီ ရှိကြတယ်။ တစ်ယောက်က ဂိမ်းစက်တခုခု မှာရင် တစ်ယောက်က မလိုသေးဘူး မဝယ်နဲ့ လိုမှ ပြောမယ်ဆိုပြီး ထိန်းတတ်ကြသေးတယ်။

သူတို့အိမ်မှာ တီဗီ မကြည့်ရပေမယ့် မုန့်ဘိုးတွေစုပြီး သူတို့ကြည့်ချင်တဲ့ အခွေတွေ ဝယ်ထားတတ်တယ်။ ပိတ်ရက်ဆို  ကျောင်းလွယ်အိတ်ထဲမှာ အခွေကိုယ်စီနဲ့ အဘွားအိမ်ကို ချီတက်ကြတယ်။
ကျောင်းဖွင့်ရက် ကျောင်းချိန်မီအောင် ပြန်ပို့တိုင်း သူတို့တွေ ကားပေါ်မှာ အသံထွက်ပြီး ဆုတောင်းကြတယ်။ “မီးပွိုင့်ကြာကြာမိပါစေ ကျောင်းမမီပါစေနဲ့ “တဲ့။ တခါတလေ သူတို့ဆုတောင်းတွေက ပြည့်တတ်တော့ အဒေါ်တွေက အတန်းထဲထိ လိုက်ပို့ပြီး ဆရာမတွေကို ခွင့်တောင်းပေးရတတ်သေးတယ်။

တခါတလေ အိမ်က လူကြီးတွေမအားလို့ လမ်းထဲက အသိ တက္ကစီတွေနဲ့ ထည့်ပေးရင် ကားဆရာကို သူတို့က အပိုင်ပေါင်းကြသေးတယ်။
“ကျောင်းမမီလဲ ကိစ္စမရှိဘူး ဦးလေး ဖြေးဖြေးမောင်းတဲ့… “
သူ့ဦးလေး သူ့အဖေမောင်းရင်တော့ မီးပွိုင့်မိတိုင်း “တဟာဟာ တဟင်ဟင် … ဟာ ဒီမီးပွိုင့်ကလဲ မိပြန်ပီကွာ “လို့ ရွတ်နေပေမယ့် သူတို့အားလုံး ပျော်နေတာ ကို ဖုံးမရ ဖိမရ။
ဒါကမှ တကယ့် ကလေးဘဝပေါ့။ ကျောင်းမတက်ချင် ကျောင်းပျင်းချင်တယ်ဆိုပေမယ့် စာမေးပွဲရှိရင်တော့ သူတို့အားလုံး အသည်းအသန်ကြိုးစားကြပါတယ်။

ဂိမ်းတွေ ဆော့လို့ မျက်စိပျက်မယ် အော်နေတဲ့ အမေ ပြောလို့မှမဆုံးသေး သားကြီးကို မျက်စိစမ်းဖို့ မျက်စိဆေးရုံပို့ရတယ်။ မျက်စိတစ်ဖက် ရောင်နေတော့ ရောင်နေတဲ့ တခြမ်းကို လက်နဲ့ပိတ်ပြီး ကောင်းနေတဲ့ တဖက်နဲ့ တီဗီကြည့်တယ် ဂိမ်းဆော့တယ်။ ဒါတွေအားလုံး အဘွားအိမ်မှာပဲ လုပ်ခွင့်ရှိတော့ မျက်စိဆေးခန်းပြပြီး မျက်စိနာနေတဲ့ ရက်မှာ အဘွားအိမ်မှာပဲထားဖို့ ဆန္ဒပြတယ် သူ့အိမ်ကို မပြန်တော့ဘူး။

ပိတ်ရက်တစ်ရက်ကြတော့ တီဗီကြည့်နေကြတဲ့ သူတို့အဖွဲ့ကို အပြင်ထွက် လမ်းထဲက သစ်ပင်တွေကို သွားကြည့် သစ်ရွက်စိမ်းစိမ်းတွေ ကြည့်တာ မျက်စိအားကောင်းတယ်… ဆိုပြီး သူတို့အဖေက သစ်ပင်အကြည့်ခိုင်းလိုက်တယ်။
ကလေးတွေအားလုံး လမ်းထဲမှာ ပေါက်နေတဲ့ သစ်ပင်ကြီးတွေကို လိုက်ကြည့်နေတုန်း ၁၀ မိနစ်လောက်နေတော့ သားကြီးက အိမ်ထဲပြန်ဝင်လာတယ်။
“သားကြီး သစ်ပင်တွေ သွားကြည့်ခိုင်းထားတယ်လေ ဘာလို့ပြန်လာတာလဲ “ မေးတော့ သားကြီးက သူခူးလာတဲ့ ဝါးရွက် လေးငါးရွက်ကိုပြပြီး “ အဲဒါသားကြီးကြည့်နေတယ်လေ… အပင်ပေါ်မော့ကြည့်ရတာ ဇက်ညောင်းတယ်” လို့ပြန်ပြောတော့ အဒေါ်တွေမှာရီရမလို ငိုရမလို….
သူ့အဖေကတော့ ငါ့သား ဥာဏ်ကြီးရှင်လို့ ပြောပြီး တဟားဟားရီလို့…

လူကြီးတွေကတော့ သူတို့ကို ရုပ်ဝတ္ထုကမ္ဘာထဲမှာ နစ်မြုတ်နေမှာစိုးရိမ်ကြတာ။ တိုက်ခန်းတွေထဲမှာနေပြီး ကမ္ဘာမြေကို မေ့လျော့မှာစိုးလို့ ကျောင်းပိတ်ရက်တွေဆို ဘောလုံးကွင်းထဲမှာ ဘောလုံးကန်တတ်အောင် စက်ဘီးစီးတတ်အောင် ရေကူးတတ်အောင် အလေ့အကျင့်တွေလုပ်ပေးကြတယ်။
တခြားကလေးတွေနဲ့ ယှဉ်ရင်တော့ သူတို့ရဲ့ ကလေးဘဝက ပိုပြီး လွတ်လပ်ပြည့်စုံတယ်လို့ပြောလို့ရတာပေါ့။

မိဘတွေက ကျောင်းစာဘက်မှာ ထူးချွန်စေချင်တယ်။ ဒါပေမယ့် သူတို့ကတော့ ခပ်အေးအေးဆိုတော့ သိပ် တွန်းအားမပေးဖို့ ပြောမိတယ်။ ကလေးတစ်ယောက်ဟာ ကလေးတစ်ယောက်လို လွတ်လပ်စွာ ကြီးပြင်းသင့်တယ်လေ။ ကိုယ့်ဆန္ဒကအနှောင်အဖွဲ့ ကင်းကင်းနဲ့ ကိုယ့်ကိုကိုယ် ထိန်းကျောင်းစေချင်တာ။ သိပ်ဆိုးဆိုးရွားရွား မဖြစ်အောင်တော့ ဘေးကနေ စောင့်ကြည့်ပေးကြတာပေါ့။

သူ့ညီ ညီညီကတော့ ကျောင်းစာမှာ သူရနေကျ အဆင့်တစ်ခုကို ပုံမှန်ထိန်းထားနိုင်တယ်။ သူ့အရွယ်လေးနဲ့ မိဘက ပြောစရာမလိုအောင် စာကျက်တယ် ကျောင်းစာဘက်မလစ်ဟင်းစေရအောင် သူ့ကိုယ်သူ ထိန်းကျောင်းတယ်။ ဒါ့ကြောင့် သူက အဆင့် ၂ ဆိုတဲ့ နေရာက ဘယ်တော့မှမကျဘူး တခါတလေ အဆင့် ၁ ပေါ့။

သားကြီးကတော့ ပြောင်းပြန် လုပ်စရာရှိတာလုပ်တတ်ပေမယ့် သိပ် ပြင်းပြင်းပြပြ ဆန္ဒရှိပုံမရ။ ကျောင်းမှာဆို သူ့အဆင့်တွေက တက်လိုက်ကျလိုက်။ တခါတော့ ထူးထူးဆန်းဆန်း အဆင့် ၃ ပြီးတော့ ၁၂ ထိုးကျသွားတယ် သိပ်မကြာဘူး ၁၆ တွေ ဘာတွေဖြစ်ကုန်ရော။
သူ့အမေက စိတ်ပူတော့ “အတန်းပိုင်ဆရာမက ဘာပြောလဲ သားကြီးအဆင့်တွေ မငြိမ်ဘူးနော် “လို့ မေးတော့…
“သြချစ်ကိုကြည့်ပြီး ဆရာမ ရူးချင်တယ် ကျောင်းအုပ် ဆရာမကြီးနဲ့တွေ့ရတော့မယ် ဒုက္ခပါပဲလို့ ပြောတယ်… သားလည်း မသိတော့ပါဘူး မာမားရယ်“ ဆိုတယ်..

သူ့ပုံကတော့ ခပ်အေးအေး။ ကျောင်းချိန်ပီးရင် ကျောင်းကသင်တဲ့ကျူရှင် ညကျရင် ကျူရှင်ဆရာက အိမ်လာသင်တဲ့ ကျူရှင် ဆိုတော့ သူတို့ ညီအကို သုံးယောက် ညကျူရှင်ဆို ငိုက်နေကြပြီ။
ပြီးခဲ့တဲ့ နှစ်က သူ့မိဘတွေ မရှိတုန်း ကလေးတွေအိမ်မှာ သွားနေပေးတော့ ညဦးပိုင်းမှာ
“တီတီလေး ဝရန်တာ တံခါးပိတ် မီးပိတ်ထား ဆရာက မီးလင်းနေရင် လာလိမ့်မယ်” ဆိုပြီး ညီအကိုတွေ တညီတညွတ်တည်း တောင်းဆိုကြတယ်။
သူ့မိဘတွေ မရှိတဲ့ တလအတွင်း ကိုယ်ကလဲ ရောက်နေတော့ ကျူရှင်ဆရာကို ခဏခဏ ဖုန်းဆက်ပြီး ခွင့်တိုင်ပေးရတယ်။

“သားတို့ ပင်ပန်းလှပြီ စာမသင်ချင်ဘူး” သူတို့ ဂျီကျတော့ချော့ရ ခြောက်ရနဲ့ စိတ်မကောင်းလဲ ဖြစ်ရတယ်။
နောက်ဆုံးမှာတော့ ကလေးတွေကို သနားလို့ အိမ်မှာ ခေါ်သင်တဲ့ ကျူရှင်ကို သူ့အဖေက နားပေးလိုက်တယ်။

အတန်းစာ ကျောင်းစာတွေထက် အရေးကြီးတဲ့ အရာတွေ အများကြီးရှိသေးတယ်လေ။ ကလေးတွေကို ပညာရေးနဲ့ ပက်သက်ပြီး ပြင်းပြင်းထန်ထန် ဖိအားမပေးတဲ့ အကိုကို သဘောကျတယ် ယောင်းမကတော့ အမေပီပီ တွန်းတွန်းတိုက်တိုက် အားပေးနေတုန်း။
တလောတုန်းကတော့ ညီညီက စာစီစာကုံးရေးရမယ် တီတီလေးကိုပြောပေးတဲ့။ အဝေးကြီးက အဒေါ်ကို သတိတရနဲ့ အဘွားကို လှမ်းဖုန်းဆက်ခိုင်းတယ်။ ကိုယ်က ဖုန်းပြန်ဆက်တော့ “သားမသိသေးတာ တီတီလေး နည်းနည်းလေးပြောပြ သားကိုယ့်ဟာကိုယ်ရေးမယ်” လို့ ဆိုလာတော့ သားငယ်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်တဲ့ စိတ်ကို မလေးစားပဲ မနေနိုင်ဘူး။

သူ့အမေက အမြဲပြောတယ်။  ညီညီကို စိတ်ချတယ် သူက ပညာရေးနဲ့ပက်သက်ပြီး သူ့စည်းကမ်းနဲ့သူ သားကြီးကတော့ ညီညီ့လောက် ဇွဲမရှိဘူး ရယ်လို့ ညည်းရှာတယ်။
သူ့အမေက သူ့ကို တပူပူတဆူဆူလုပ်တော့ “သားကြီးက စာမေးပွဲမကျဘူးလေ… ဘွဲ့ယူပြီး တီတီလေးနဲ့ နိုင်ငံခြားသွားလိုက်သွားမှာ ဘာမှမပူနဲ့ “ လို့ဆိုသတဲ့…

နိုင်ငံခြားမှာ ကလေးတွေကို မူကြိုမှာတည်းက အိမ်မှုကိစ္စစိတ်ဝင်စားအောင် ရင်းနှီးကျွမ်းဝင်အောင် သင်ပေးတာတွေ့ဖူးတယ်။ မြန်မာပြည်မှာတော့ သိပ်မရှိသလို မိဘတွေကလဲ ကလေးတွေကို ဖူးဖူးမှုတ်ထားတာများပါတယ်။ 

ယောင်းမကတော့ အညာသူပီပီ ကလေးတွေကို အိမ်မှုကိစ္စအားလုံးကို ကူညီခိုင်းတယ်။ ကျွန်မတို့က မကြိုက်ပေမယ့် ဝင်မစွက်ဖက်ခဲ့ပါဘူး။
ကလေးတွေအားလုံးက ကျောင်းပိတ်ရက်ဆို အမေကို အစစအရာရာ ကူညီကြတယ်။ တံမျက်စည်းလှည်း ကြမ်းတိုက် ကြက်သွန်နွာ ပန်းကန်ဆေး ထမင်းဝိုင်းပြင်တာ သိမ်းတာ အဝတ်လျှော်စက်နဲ့ အဝတ်လျှော်တာ ရေတင် မီးစက်မောင်း အကုန်လုံး အကွက်စေ့အောင် ကူကြရတယ်။ တခါတလေ သူတို့အိမ်နားက ဈေးလေးမှာ လက်တိုလက်တောင်း ဈေးဝယ်ရတယ်။ အကြီးဆုံးဖြစ်တဲ့သားကြီးကတော့ အမှိုက်သိမ်းကားလာရင် အမှိုက်ပုံးဆင်းပစ်ပေးရတယ်။ 

ယောက်ျားလေးတွေကို အိမ်အလုပ်တွေခိုင်းတော့ အဘွားဖြစ်တဲ့သူက စိတ်ဆိုး ကျွန်မတို့က စိတ်ဆိုးပေါ့။ ဒါပေမယ့် သူတို့မိဘတွေ တစ်လလောက်ခရီးသွားတဲ့ အချိန်မှာတော့ အိမ်ရှင်ဖြစ်တဲ့ ကလေးသုံးယောက်က အိမ်သွားစောင့်ပေးတဲ့ အဒေါ်တွေ ဦးလေးတွေကို လိုအပ်သည်များကို ပြန်သင်ပေးကြပါလေရော။

သားကြီးက ဒါလုပ်မယ်.. ညီညီက ဟိုဟာလုပ်… အငယ်ဆုံးကတော့ ဘာလုပ်မယ်ဆိုပြီး ကိုယ်စီကိုယ်စီ သူ့တာဝန်သူယူကြလေရဲ့။ ဒီတော့လဲ ကျွန်မတို့ သူ့အမေကို ကျေးဇူးတင်ရတယ်။
“တီတီလေးကလဲ ဒါလေးတောင်မသိဘူးလား… မိန်းခလုတ်ကဒါ… ရေတင်တာက ဒီဟာ…အဲယားကွန်းက ဒီကဖွင့်…  အဝတ်လျှော်စက် ခလုပ်က ဒီကဖွင့်… ဟင်းချက်တဲ့ ပလပ်က ဒီပလပ်ပေါက် သားကြီးတို့ အကုန်လုပ်တတ်တယ်” တဲ့…ကလေးပိစိလေးတွေလို့ ကိုယ်မြင်နေမိတဲ့ ကလေးလေးတွေက မိဘ မျက်ကွယ်မှာ ကိုယ့်ကိုယ်ကို ထိန်းကျောင်းတတ်နေတာ ဝမ်းသာစရာ။

သူ့ဦးလေးက တစ်လလုံးလုံး သူတို့ကိစ္စအဝဝကို တာဝန်ယူရတော့ တခါတလေ ဟင်းချက်ကျွေးတတ်ပေမယ့် များသောအားဖြင့် အပြင်က ဝယ်စားကြရတာ..
တစ်ရက် ကျွန်မဟင်းချက်ကျွေးတော့ မောင်လေးက ကလေးတွေအားလုံးကို မေးတယ်။ ဦးငယ်ချက်တာနဲ့ တီတီလေး ချက်တာ ဘယ်ဟာပိုကောင်းလဲတဲ့…
ညီညီကတော့ ငြိမ်နေတယ် ဘာမှ မပြောဘူး အသံမထွက်ပဲ  ကျိတ်ပြီး ပြုံးနေတာ..သူက သံတမန်နည်းလမ်းသုံးပေမယ့် အငယ်ဆုံးလေးက သွက်မှသွက် “ တီလေးချက်တာကောင်းတယ်..” တဲ့ သားကြီးက အကိုကြီးဆိုတော့ ခပ်တည်တည်နဲ့
“ဦးငယ်ချက်တာက အရသာ တမျိုး တီလေးချက်တာ အရသာတမျိုး မတူဘူးလေ  တမျိုးစီကောင်းတယ် ဦးငယ်“ တဲ့ ပညာရှိဖြေနည်းဖြေရှာတယ်။ ဦးလေးနဲ့ အဒေါ်ကြား ဗျာများရှာတဲ့ ကလေးသုံးယောက်။

ဒီအချိန်မှာ သိလိုက်တာက ကလေးတွေအားလုံး သူ့ဦးလေးကို သိပ်ချစ် သိပ်အားကိုးကြတယ် ဦးလေး ငြိုငြင်မှာ မလိုလားဘူးဆိုတာပဲ။ သူ့ဦးလေးက သူတို့ကို အော်ဟစ် ငေါက်ငမ်းတတ်ပေမယ့် အလိုလိုက်တာများတာ သူတို့သိတယ်လေ။
မိဘတွေကွယ်ရာမှာ သူတို့ရဲ့ တနေ့စာ အသုံးစားရိတ်တွေအားလုံးကို ဦးလေးနဲ့တူတူ စာရင်းမှတ်ပြီး လိမ်လိမ်မာမာသုံးကြတယ် စည်းနဲ့ ကမ်းနဲ့သုံးကြတယ်။ စုဘူးလေးတွေနဲ့ ပိုက်ဆံစုတတ်ကြသေးတယ်။
ကျွန်မတို့ ခရီးသွားမယ်ဆိုတော့ သူတို့မိဘတွေထားခဲ့တဲ့ ပိုက်ဆံကို မသုံးခိုင်းပဲ သူတို့စုဗူးလေးတွေဖောက်ပြီး အဒေါ်တွေနဲ့ လိုက်လာကြတယ်။

ကလေးစုဗူးဆိုပေမယ့် ညီအကို သုံးယောက်ပေါင်းကို ခြောက်သောင်းကျော်လောက်ရတယ်။ ဒါကလဲ သူတို့ဦးလေးက မင်းတို့လိုက်ချင်ရင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လိုက်ဆိုပြီး နောက်လို့ တကယ်ထင်ပြီး အားရပါးရ စုဗူးဖောက်ကြတာ။

ဟိုတယ်ရောက်တော့ အခန်းခမေးတာတွေ အစားအသောက် ဈေးနှုန်းတွေကို သူတို့ သေသေချာလိုက်မှတ်ကြသေးတယ်။ ဒါပေမယ့် ခရီးကပြန်တော့ ငွေဆောင်ရွာထဲကတောင် မထွက်သေးဘူး သားတို့စုဗူးတွေ ပြန်ဝယ်ပြီး ပိုက်ဆံပြန်ထည့်ပေး မာမားပြန်လာရင်ဆူလိမ့်မယ်ဆိုလို့ မရီမိအောင် ထိန်းရတယ်။ အိမ်ရောက်တော့ စုဗူးအသစ်တွေပြန်ဝယ်ပြီး ရထားတဲ့ စာရင်းအတိုင်း အညီအမျှပြန်ထည့်ပေးရတာပဲ။ 

ပြီးခဲ့တဲ့ နွေရာသီတုန်းက ရာသီဥတုပူတော့ သူ့ဦးလေးက ကလေးတွေအားလုံးကို တန်းစီပြီး ကတုံးရိတ်ပေးတယ် သားကြီးက ရှက်လို့ တရှုံ့ရှုံ့နဲ့ ငိုတယ် သူလူကြီးစိတ်ဝင်နေပြီလေ။ အရမ်းလှချင်နေပီတဲ့။ ကျောင်းဖွင့်ရင် ဆံပင်တွေ ပြန်ရှည်လာမှာပေါ့လို့ ချော့တော့ ပြန်ငြိမ်သွားတယ်။ 

သူတို့ကို နာရီလေးတွေ မပြတ်အောင် ဝယ်ပေးထားပေမယ့် ဒီတခါတော့ သားကြီးက နာရီထပ်ဝယ်ပေးပါတဲ့ လူကြီးပါတ်တဲ့ ပုံစံဆိုတော့ ကိုယ်လဲ နည်းနည်းသဘောပေါက်သွားတယ်။ ဖုန်းဆက်ရင်လဲ အရင်လို တတွတ်တွတ်မပြောဘူး တခုခုဆို အကြာကြီးကို စဉ်းစားပြီးမှပြော တီတီလေး ပိုက်ဆံကုန်နေမယ်ဆိုတာတွေပါ ထည့်စဉ်းစားတတ်လာတော့ တကယ့်ကို လူကြီးစိတ်ဝင်သွားမှာ စိုးရိမ်ရပြန်တယ်။

တနှစ်ကတုန်းက သားကြီးက ကိုးနှစ်မပြည့်သေး ညီညီက ရှစ်နှစ် သူတို့မိသားစု ခရီးသွားတော့ တည်းတဲ့အိမ်မှာ အိမ်ရှင် ကောင်လေးကို ညီညီက သူ့အိမ်ဖုန်းနံပါတ်တွေ လိပ်စာတွေ ကျကျနနပေး သူ့မှာ အဒေါ်ရှိတယ်ဆိုတာလဲ ကြွားသေး။ ရန်ကုန်လာရင် အိမ်လာလည်ပါ ဘာညာဖိတ်တော့ သားကြီးက အသံတိတ် မသိချင်ယောင်ဆောင်နေတယ်။ သူ့အဖေက သားကြီးက ဘာလို့ အိမ်လိပ်စာမပေးတာလဲ ညီညီကမှ လိမ်မာသေးတယ်ပြောတော့ “အခုမှ စတွေ့ဘူးတဲ့ သူတွေကို ဖုန်းနံပါတ်ပေးလို့မရဘူးလေ… တီတီလေးရှိတာလဲ ပြောလို့မရဘူး” လို့ စိုးရိမ်တကြီးနဲ့ ပြန်ဖြေရှာတယ်။ 

ဘာပဲ ဖြစ်ဖြစ် ကလေးပီပီ ဆော့တယ် ဆော့လို့ ကျိုးတယ်ပဲ့တယ်ဆိုပေမယ့် သူကျန်းမာလို့ ဆော့နိုင်တာ လို့ ဖြေတွေးတွေးရတယ်။ ကလေးတွေ ထိုက်တန်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ ရှိမယ် ပညာရေးမှာ ဆိုးဆိုးရွားရွား မညံ့ဘူးဆိုရင်ပဲ ကျွန်မတို့ကျေနပ်သင့်ပါပြီ။ ဘဝမှာ ဘာကြီးဖြစ်မှဆိုတဲ့ သံမဏိစည်းမျဉ်းတွေ မလိုပါဘူး။ အချိန်တန်ရင် ကိုယ့်ဘဝကိုယ် တည်ဆောက်ရမှာဆိုတော့ သူတို့ စိတ်တိုင်းကျ တည်ဆောက်စေချင်တာပဲရှိတာ။

ကလေးတွေကို ဘာဖြစ်မှ ညာဖြစ်မှ ဆိုတဲ့ ဖိအားတွေပေးနေတာထက်စာရင် သူတို့ ဆန္ဒအတိုင်း လွတ်လွပ်လပ်လပ်လေး ကြီးပြင်းစေချင်တယ်။

သားကြီးနဲ့ ညီညီနဲ့က လှချင် ပချင် လူကြီးစိတ်ဝင်နေပီလို့ ဘယ်လောက်ပြောပြော ဟောင်ကောင်ပုံစံ နှစ်ထပ်အိမ်လေးကို အဖော်မပါပဲ အပေါ်ထပ် မတက်ရဲကြသေးဘူး။  မမြင်ရတဲ့ နာနာဘာဝတွေကို ကြောက်တဲ့ကိစ္စမှာတော့ ခုထိ သူတို့ ကလေးဆန်နေတုန်း။ ကျွန်မကတော့ သူတို့တွေ အဖော်မပါပဲ တစ်ယောက်တည်း အပေါ်ထပ်တက်ရဲနေပြီဆိုတဲ့ အသံကို ခုချိန်မှာ မကြားရဲသေးဘူး.. ကြားဖို့လဲ အသင့်မဖြစ်သေးဘူးရယ်။


သြချစ်ဘုန်းမိုရ် ၁၁ နှစ်ပြည့် အမှတ်တရ (၁၄ ဇူလိုင် ၂၀၁၅ )

 

0 comments:

My Blog List