နာရီတို့ရဲ့ မှတ်တမ်း






ကျွန်မ နာရီနာရီလှလှလေးတွေကိုချစ်ပါသည်။ အထူးသဖြင့် မိန်းမဝတ်နာရီသေးသေးလေးတွေပေါ့။ တစ်ချို့မိန်းမတွေက ဒိုင်ခွက်ကြီးကြီး ယောင်္ကျားဝတ်နာရီတွေ ကိုကြိုက်ကြတယ်။

တကယ်တော့ နာရီဆိုတာ လူတိုင်းအတွက် မရှိမဖြစ်အသုံးဆောင် ဖြစ်နေပြန်တော့ လူတိုင်းလူတိုင်း ဆင်းရဲချမ်းသာမရွေး နာရီတစ်လုံးစီတော့ ပိုင်ဆိုင်ကြပါသည်။ တစ်ချို့ကတော့ တစ်လုံးထက်
ပိုပြီးပိုင်ဆိုင်ကြပါသည်။

ဲပြီးတော့ မိမိ ကြွယ်ဝချမ်းသာလျှင်ချမ်းသာသလောက် နာရီတစ်လုံးအတွက် ငွေကြေးကိုသုံးစွဲကြပါသည်။
အမှတ်တရ လက်ဆောင်ပေးရန်ကြုံလာလျှင်လည်း အပြေးအလွှားစဉ်းစားမနေကြတော့ပါ နာရီကိုသာပြေးဝယ်တတ်ကြပါသည်။ လူတန်းစား ပေါင်းစုံ အလွှာပေါင်းစုံတွေက် ဈေးမျိုးစုံ နာရီမျိုးစုံ နေရာတိုင်းမှာရှိနေပါသည်။
တစ်ခါက လက်ဆောင်ပေးရန် သိန်း(၅၀) တန်သောနာရီယောင်္ကျား ပတ်နာရီ နှစ်လုံး သိန်း(၃၀) ကျော်တန်သော မိန်းမပတ်နာရီ (၂)လုံး ကုမ္ပဏီ ကောင်းမှူဖြင့် ကိုယ်တိုင်ဝယ်ပေးခဲ့ဘူးပါသည်။
နာရီကဲ့သို့အဖိုးတန်သော ဘောပင် ၁၀ ချောင်း ( တစ်ချောင်းကို ၈ သိန်းမှ ၁၀ သိန်းအထိပေးခဲ့ရပါသည်) ကိုလည်း ရှာဖွေပြီးဝယ်ပေးခဲ့ဘူးပါသည်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက် ကဝယ်ခဲ့တာမို့ မှတ်မိနေသေးပါသည်။
ဒါက မိမိဂုဏ်သိက္ခာ စည်းစိမ် ကြွယ်ဝမှုတွေနဲ့ အညီ နာရီတွေကိုသုံးစွဲကြခြင်းဖြစ်ပါသည်။
အထူးသဖြင့်ယောက်င်္ကျားလေးတွေအတွက် နာရီကောင်းကောင်းတစ်လုံး ကမရှိမဖြစ်လိုအပ်ပါသည်။
ကျွန်မဖေဖေက အစ်ကိုတွေကို နာရီကောင်းကောင်းတွေ အကြောင်းမကြာ ခဏပြောပြဘူးတာမို့
ယောကျာင်္းလေးတွေနာရီကိုခုံမင်ရူးသွပ်ကြတာ ကျွန်မလက်ခံနိုင်ပါသည်။ နောက်တစ်ချက်က သူတို့ဘယ်လောက်ပဲချမ်းသာချမ်းသာ မိန်းမတွေလိုရွှေတွေစိန်တွေ အများကြီးဝတ်လို့မှမရတာ။ အဲလိုရှိလို့ဝတ်ပြန်ရင်လဲ အခြောက်လို့ထင်ခံရမှာ ကြောက်ကြပြန်ရော။

ကျွန်မငယ်ငယ်တုန်းက နာရီတွေကိုရူးသွပ်ခဲ့ဘူးပါသည်။ နာရီသေးသေးလှလှလေးတစ်လုံး ပိုင်ဆိုင်ဖို့မကြာခဏ အိပ်မက်မက်ခဲ့ဘူးပါသည်။
မှတ်မှတ်ရရ ကျွန်မ နာရီ ငါးလုံးထက်မနည်းပိုင်ဆိုင်ဘူးပါသည်။ အထက်တန်းကျောင်းသူဘဝတုန်းက တစ်လုံး စတီးကြိုးလေးနဲ့ သံပတ်ပေးတဲ့နာရီလေး မိန်းမပတ်ပေမယ့်ပုံစံကခပ်ရိုးရိုး။ နောက် တက္ကသိုလ်တက်တော့ ရွှေရောင်နာရီသေးသေးလေး တစ်လုံး နဲ့ သားရေကြိုး အနက်ရောင် နဲ့ဒိုင်ခွက်သေးသေးလေးပါတဲ့ နာရီလေးတစ်လုံး ထပ်ပြီး ပိုင်ဆိုင်ရပါသည်။ အလုပ်စဝင်တော့ အစ်ကို ကနာရီတစ်လုံးထပ်ဝယ်ပေးပြန်ပါသည်။
နာရီတွေအားလုံးကို ဟောင်းသွားပေမယ့် မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက် ရတဲ့အလုပ်တစ်ခုတိုးလာပါတယ်။ နောက်ဆုံးရခဲ့တဲ့နာရီလေးက တော့ကျွန်မအတွက် ထင်ထင်ရှားရှား
အမှတ်ရစရာနာရီလေးပါ။ ကျွန်မမွေးနေ့လက်ဆောင်ရခဲ့တဲ့နာရီလေးပါ။ ပိုင်ဆိုင်ဘူးသမျှ နာရီတွေထဲမှာ ဈေး အကြီးဆုံး နဲ့ အကောင်းဆုံးနာရီလေးပါ။ အဲဒီတုန်းက ကျွန်မသူငယ်ချင်းက ပြောခဲ့တာကိုလဲမှတ်မိနေပါတယ်။
နင်ကလူကြီးဖြစ်နေပြီဆိုတော့ နင့်ဂုဏ်သိက္ခာနဲ့ လိုက်ဖက်အောင်ရယ် ပြီးတော့ နင်ကြိုက်တဲ့ သေးသေးလေးဖြစ်ရအောင်ရယ် ငါတော်တော်ရှာလိုက်ရတယ်တဲ့ မောသွားတာပဲတဲ့။ သူပြောတဲ့ လူကြီးဆိုတာက အရွယ်နဲ့မမျှအောင် တာဝန်တွေအများကြီးနဲ့ ဖမ်းလို့မမိအောင် မနားမနေ အလုပ်လုပ်နေလို့ နောက်ပြောင်ပြီးပြောတဲ့လူကြီးပါ။ တကယ်တော့ အသက်က ၂၀ကျော် အစိတ်နားတောင်မရောက်သေးဘူး။ မွေးနေ့ အမီပေးချင်လို့ သူပင်ပင်ပန်းပန်းရှာပြီးဝယ်ခဲ့ပေမယ့် မွေးနေ့မှာတော့ ကျွန်မက အလုပ်ကိစ္စနဲ့ ရှမ်းပြည်ရောက်နေတဲ့အချိန် ကျွန်မရဲ့မွေးနေ့ကို ပင်းတယက အမှတ်တရဆိုတဲ့ ဆိုင်လေးမှာ
လုပ်ဖြစ်ခဲ့တာလဲမှတ်မိနေပါသေးတယ်။ မွေးနေ့လွန်ပီး တစ်ပတ်ကျော်လောက်မှရတာပါ။ ကျွန်မအရမ်းကြိုက်တဲ့နာရီလေးပါ။ ခုချိန်ထိ ကျွန်မဆီမှာ မပျက်မစီးရှိနေပါသေးတယ်။ မပျက်မစီးဆိုတာက အဲဒီနာရီလေးကို ၂ နှစ်လောက်ပဲပတ်ခဲ့တာပါ။ အဲဒီနှစ်နှစ်ကာလရဲ့နောက်ပိုင်းမှာ ကျွန်မနာရီ ပတ်တဲ့ အကျင့်ကိုရင်နာနာနဲ့ စွန့်လွှတ်ခဲ့လို့ပါ။ ခုချိန်ထိ ကျွန်မနာရီမပတ်တော့ပါ။ ကျွန်မနာရီမရှိပဲ အခက်အခဲမရှိ နေတတ်အောင် တော်တော်လေ့ကျင့်ခဲ့ရတာပါ။ နာရီ ကိုယ့်လက်ထဲမှာမရှိပဲ အချိန်တွေကို စီမံခန့်ခွဲရတာ ကျွန်မအတွက်တော်တော် ကသိကအောက်နိုင်ခဲ့ပါတယ်။ ကျွန်မလုပ်တဲ့ အလုပ်က ဈေးကွက်ရှာရတဲ့ အလုပ် နေ့စဉ်နဲ့အမျှ အစည်းအဝေးတွေ အရေးကြီးတဲ့ လူတွေ တစ်ခါတစ်ရံနိုင်ငံခြားသားတွေ နဲ့ ချိန်းဆိုပြီးတွေနေရတာဆိုတော့ တော်တော့်ကို စိတ်ပင်ပန်းခဲ့ရတာပါ။
ကျွန်မရဲ့ မကောင်းတဲ့အကျင့်က တော်တ်ာကိုခေါင်းမာတာရယ် ကိုယ်ရေးကိုယ်တာခံစားချက်တွေကိုရှေ့တန်းတင်လွန်းတာရယ်ပါ။
ခုတော့ကျွန်မအတွက် လက်ပတ်နာရီကို အစားထိုးစရာ ပစ္စည်းတစ်ခုရလာတာမို့တော်တော်လေးအဆင်ပြေနေပါပြီ။ အဲဒီပစ္စည်းလေးကတော့ ကျွန်မရဲ့ မိုဘိုင်းလ်ဖုန်းလေးပါပဲ။

နာရီတွေကိုစွန်လွှတ်ခဲ့ရတဲ့ အဓိက အကြောင်းအရာကတော့ နာရီလေးက
ကျွန်မစိတ်ကို တော်တော်နာကျင်စေခဲ့လို့ပါပဲ။ နာရီကို လက်ဆောင်အဖြစ်လက်ခံရရှိတဲ့သူဟာနာနာကျင်ကျင်နဲ့ရီနေရပါတယ်တဲ့။
တကယ်လဲ အဲလိုဖြစ်ခဲ့တာပါ။ အဲဒီသူငယ်ချင်းက ကျွန်မကိုတော်တော်ချစ်ခဲ့ဘူးတဲ့ကောင်လေးတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်မတို့ အကြောင်းအမျိုးမျိုးကြောင့် ချစ်သူတွေမဖြစ်ခဲ့ကြပါဘူး။ အဲဒီကောင်လေးက ရိုးသားတယ် ကြိုးစားတယ် ရှေးရိုးဆန်တဲ့အယူအစွဲတွေရှိတယ်။ အဲဒီအယူအစွဲတွေက ပဲသူ့ကိုဒဏ်ခတ်ခဲ့တာပါ။ နှစ်ဖက်အသိုင်းအဝိုင်းကလဲ နားလည်ပေးနိုင်ပေမယ့် ကျွန်မတို့ကို စိတ်မကောင်းခြင်းကြီးစွာနဲ့ ရပ်ကြည့်နေရုံကလွဲလို့ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ကျွန်မတို့နှစ်ယောက်ကြားမှာ ဘယ်လိုမှာညှိလို့မရတဲ့ ကွာခြားချက်တွေရှိနေပါတယ် ။
အဲဒီကောင်လေး လက်ထပ်တော့ အခြားလက်ဖွဲ့ပစ္စည်းတွေနဲ့အတူ လက်ထပ်စာချုပ်ပန်းရောင်လေးတစ်စုံ လက်ဖွဲ့ခဲ့ပါတယ်။ ဒါကလဲ ကျွန်မနာကျင်ခံစားရတာတွေအတွက် ကလဲ့စားချေခြင်းတစ်မျိုးပါပဲ။ သူတကယ်မချစ်နိုင်ပဲတည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးမှာ တသက်လုံးအမှတ်ရနေမှာပါ။

သူလက်ထပ်ဖို့အားလုံးစီစဉ်ပြီးမှ ကျွန်မရဲ့သဘောထားကိုမေးလာခဲ့တာပါ။ ကျွန်မသဘာမကျခဲ့ရင် သူ့လက်ထပ်ပွဲကို ဖျက်မယ်လို့လဲပြောလာပါတယ်။ ကျွန်မသူ့ကိုလက်ထပ်နိုင်လက်မထပ်နိုင်ဆိုတာကိုလဲမေးပါသေးတယ်။အားလုံးကလွန်နေပါပြီ။ သူ သူတို့နေမယ့်အိမ်တောင်ဆောက်ပြီးပါပြီ။ သူအိမ်ဆောက်နေတုန်းကတောင် ကျွန်မ သွားကြည့်ပြီးဝေဖန်ပေးပါသေးတယ်။ သူ့အပြုအမူတွေက နည်းနည်းကြောင် တောင်တောင်နိုင်ပေမယ့် သူ့ ကိုကျွန်မနားလည်ပေးနိုင်ပါတယ်။ ဘယ်သူကဘယ်သူ့ကိုညာခဲ့တယ် ဆိုတာတော့ ဘယ်သူမှမသိပါဘူး။ အဲဒီနောက်ဆုံးအချိန်အထိ နှစ်ယောက်စလုံးက အပြန်အလှန် ဖြူစင်ချင်ယောင်ဆောင်နေတာလဲဖြစ်နိုင်ပါတယ်။
ရည်းစားမထားကြေးဆိုတဲ့ ကတိတစ်ခုကို ငါးနှစ်ကျော် ခြောက်နှစ်နီးပါ အပြိုင်အဆိုင် ထိန်းသိမ်းလို့ပေါ့။
နောက်ဆုံးတော့ ကျွန်မကပဲသဘောထားကြီးချင်ယောင်ဆောင်လို့ သူ့ကို အနိုင်ယူခဲ့ပါတယ်။
သူလက်ထပ်ဖို့ ရွေးထားတဲ့ကောင်မလေးကို သူ့မိဘက သဘောမတူခဲ့ပါဘူး။ သူ့မိဘလက်ခံလာအောင် စည်း ရုံးရေးဆင်းပေးလိုက်ပါသေးတယ်။ ပြီးတော့လိုအပ်တဲ့ကိစ္စတွေကိုလည်း ဆရာလုပ်ပြီးကူညီပေးလိုက်ပါတယ်။
အရာရာမှာနောက်ကျခဲ့တဲ့သူ့ကို နောင်တတွေရနေဖို့ လက်ထပ်စာချုပ်လေးတောင်လက်ဖွဲ့ခဲ့ပါသေးတယ်။
အကြောင်းစုံသိနေတဲ့ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကတောင် ကြည့်လဲလုပ်ပါအုံး
ဟိုကောင်ငိုနေတော့မယ် လို့ သတိပေးပါသေးတယ်။
သူ့အရှုံးကို ကျွန်မတွေ့ခဲ့ပြီး ကျွန်မရဲ့အရှုံးကိုသူမသိခဲ့တာဟာ ကျွန်မရဲ့လက်ကျန်မာနတွေကို အရောင်တင်ပေးခဲ့တာနဲ့တူတူပါပဲ။ အဲဒီနေ့ကစလို့ ကျွန်မနာရီမပတ်တော့ပါဘူး။

ကျွန်မကတော့တော်တော်ဟန်ဆောင်ကောင်းခဲ့ပါတယ်။
ကျွန်မနာရီမပတ်တော့တာကို ခုချိန်ထိသူမသိခဲ့ပါဘူး။
ကျွန်မရဲ့ မာနတွေ ဒဏ်ရာတွေ ကိုသူမမြင်ခဲ့ပါဘူး။ မြင်စရာလဲမလိုခဲ့ပါဘူး။
ကျွန်မတစ်ချိန်လုံးပြုံးပျော်အောင်မြင်နေတာတွေပဲသူမြင်ခဲ့တာပါ။



ကျွန်မကြိုက်တဲ့နာရီလှလှလေးတွေတွေ့တိုင်း ကျွန်မရဲ့တစ်ချိန်ကပိုင်ဆိုင်ခဲ့ဘူးတဲ့နာရီတွေနဲ့အတူ သတိရမိတဲ့စာသားလေးလဲရှိပါတယ်။

ရပ်နေတဲ့နာရီတစ်လုံးတာ တစ်နေ့ကို နှစ်ကြိမ်နှစ်ခါ အချိန်မှန်ကိုဖော်ပြပေမယ့်
နောက်ကျနေတဲ့နာရီတစ်လုံးကတော့ ဘယ်တော့မှ အချိန်မှန်ကို မဖော်ပြနိုင်ပါဘူးတဲ့။

ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်တော့မှနောက်မကျပါစေနဲ့။
မမှီနိုင်ဘူးလို့ထင်ရင်ရပ်နေလိုက်တာအကောင်းဆုံးပါပဲ။

2 comments:

အညတြလေးရဲ့အိမ်မှာ said...

i want to give u like that present. he he

yehtutnaung said...

နာရီ ကလည်း သံယောဇဉ်တွေကို ဖန်တီးဖြစ်ခဲ့ဖူးတာပဲနော်..

My Blog List