မွေးနေ့

အလုပ်ထဲမှာ သူက ထူးထူးခြားခြား အလုပ်ကြိုးစားသူတစ်ယောက်….
စကားများများ မပြောပေမယ့် အလုပ်အရမ်းလုပ်တာမို့ လူချစ်လူခင်ပေါသလို သူများဘယ်လို အကူအညီတောင်းတောင်း မငြင်းတတ်သူတစ်ယောက်မို့ သူ့အနားမှာ သူငယ်ချင်းတွေ ဝိုင်းနေတာမဆန်းပါ…

ထူးဆန်းတာက သူအလုပ်စဝင်ကတည်းက အလုပ်မှာ ကပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ မွေးနေ့ မှတ်တမ်းတွေထားရှိရာ memo Board မှာ သူ့မွေးနေ့ကိုရေးမထားခဲ့တာမို့ သူအလုပ်ဝင်ပြီး ၃ နှစ်ထဲ ဝင်တဲ့အထိ သူ့အတွက် မွေးနေ့ပွဲကို တစ်ခါမှ မလုပ်ပေးခဲ့ရပါ။

ဘယ်သူ့မွေးနေ့ပဲ ဖြစ်ဖြစ် ကုမ္ပဏီက အသိအမှတ်ပြုပြီး နေ့လည်စာစားပွဲလေးကို လုပ်ပေးနေကျ အစဉ်အလာလေးကရှိနေတာမို့ HR က တင်ထားတဲ့ ကြော်ငြာသင်ပုန်းပေါ်မှာ လုပ်ဖော်ကိုင်ဘက်တွေရဲ့ မွေးနေ့လေးတွေကို မျှော်နေတတ်ကြပါသည်။

တစ်လတစ်လ ဘယ်သူတွေမွေးနေ့တွေရှိလဲဆိုတဲ့ သတင်းလေးတွေစုပြီး မွေးနေ့လက်ဆာင်လေးတွေ ကြိုပြီး စီစဉ်သူက စီစဉ် စားချင်တဲ့ စားစရာတွေကို ကြိုပြီး မီနူးထုတ်သူက ထုတ်လို့ ဝန်ထမ်းပေါင်း ၁၀၀ နီးပါးလောက်ရှိတဲ့ ကုမ္ပဏီကြီးမှာ မွေးနေ့နေလည်စာ စားပွဲလေးက ဝန်ထမ်းအားလုံးအတွက် ပျော်စရာ အစီအစဉ်လေးလိုဖြစ်နေခဲ့ပါသည်.

တနေ့ လုပ်ဖော်ကိုင်ဘက်တစ်ယောက်က မမျှော်လင့်ပဲ သူ့မွေးနေ့လေးကို သိခွင့်ရလိုက်တာမို့ မန်နေဂျာကို အကြောင်းကြားပြီး အရေးပေါ်အစီအစဉ်နဲ့ မွေးနေ့ပွဲလေးကို သူမသိအောင် တိတ်တိတ်လေး ဖန်တီးစီစဉ်လိုက်ကြပါသည်…

အမှတ်မထင် သူ့မွေးနေ့ကို သိခွင့်ရတဲ့အချိန်ဟာ နှစ်ရက်တိတိ နောက်ကျနေခဲ့ပေမယ့် လူချစ်လူခင်ပေါလွန်းလှတဲ့ ဝန်ထမ်းကောင်းတစ်ယောက် လုပ်ဖော်ကိုင်ဘက်ကောင်းလေး တစ်ယောက်ရဲ့ မွေးနေ့ပွဲလေးကို မဖြစ်ဖြစ်အောင် ဖန်တီးပေးချင်တဲ့ စေတနာတွေက ဝန်ထမ်းတိုင်းရဲ့ ရင်ထဲမှာ တူညီစွာပဲရှိနေခဲ့ပါသည်။

သူနဲ့ဌာနတူတဲ့ သူငယ်ချင်းတွေကလဲ ရှားရှားပါးပါးရတဲ့ အခွင့်အရေးလေးကို အလွတ်မပေးပဲ သူ့အတွက် အမှတ်တရ ဖြစ်စေမယ့် မွေးနေ့လက်ဆောင်တွေကို အလုအယက်စီစဉ်နေခဲ့ကြပါသည်။

နေ့လည်စာ စားချိန်မှာတော့ ဝန်ထမ်းတွေအားလုံး တက်တက်ကြွကြွနဲ့ ထမင်းစားခန်းမကျယ်ကြီးထဲကို ရောက်နေခဲ့ကြသလို သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလဲ ကြိုတင် အသိမပေးထားပဲ သူ့ကိုခေါ်လို့ ထမင်းစားခန်းမကြီးထဲကို ဝင်လာခဲ့ပါသည်…

သူခန်းမကြီးထဲ ဝင်လာချိန်မှာတော့ လုပ်ဖော်ကိုင်ဖက် အားလုံး မတိုင်ပင်ထားပဲ Happy Birthday သီချင်းလေးကို ဆိုလိုက်ချိန်မှာတော့ သူလဲအံ့သြခြင်းကြီးစွာနဲ့ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါသည်..

သီချင်းဆိုသံတွေနဲ့ လက်ခုပ်သံတွေ စဲသွားချိန်မှာတော့ သူ့ဌာနမှ အထွေအထွ မန်နေဂျာက ဦးဆောင်လို့ ခန်းမကြီး အလယ်မှာရှိတဲ့ မွေးနေ့ကိတ်ကြီး တင်ထားတဲ့ စားပွဲရှည်ကြီးဆီကို ခေါ်သွားပြီး ဆုမွန်ကောင်းတောင်းပေးရင်း

သူ့ရဲ့မွေးနေ့လေးဟာ နှစ်ရက်တိတိ နောက်ကျပြီးကျင်းပရပေမယ့် လတ်ဆတ်သောနေဆဲ သစ်လွင်နေဆဲ ဖြစ်ကြောင်း ဒီနေ့ကျင်းပတဲ့ သူ့ရဲ့ မွေးနေ့လေးဟာ လှပတဲ့ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးဖြစ်ကြောင်း သူ့ကို ပြောပြနေခဲ့ပါတယ်…

မန်နေဂျာကြီးရဲ့ စကားအဆုံးမှာတော့ ကြည်နူးမှုတွေနဲ့အတူ ပီတိအပြုံးတစ်ခုနဲ့ အားလုံးကို ကျေးဇူးတင်ရှိကြောင်း သူကလဲ ဂရုစိုက်မှု အလေးပေးမှုများအတွက် အလွန်ပျော်ရွှင်ကြည်နူးမိတဲ့အကြောင်း သူ့ဘဝမှာ မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရသလို တိတ်ဆိတ်စွာ ခြောက်ကပ်စွာနဲ့ မွေးနေ့အချို့ကိုလဲ ဖြတ်သန်းခဲ့ရဘူးကြောင်း ခုနောက်ပိုင်းမှာ မွေးနေ့မကျင်းပခဲ့တာ တော်တော်ကြာခဲ့ပီဆိုတာကိုလဲ မမေ့မလျှော့ပြောပြခဲ့ပါတယ်….

သူ့ဘဝမှာ သူ့ရဲ့မွေးနေ့ကို နာကျင်စွာ မေ့လျော့ထားဖြစ်ခဲ့တဲ့ အဓိက အကြောင်းပြချက်တစ်ခု ရှိနေခဲ့ကြောင်းနဲ့ ဒီနေ့မှာတော့ သူ့ရင်ထဲမှာ သိမ်းဆည်းထားခဲ့တဲ့ အမှတ်တရ အဖြစ်အပျက်လေးကို မိတ်ဆွေ အပေါင်း အသင်းများကို ပြောပြချင်ပါတယ်လို့ ခွင့်တောင်းလို့ သူ့ရဲ့ ဘဝ တစိတ်တဒေသကို ပုံပြင်လေးတစ်ပုဒ်လို ဖွင့်ပြောပြခဲ့ပါတယ်…..

……………………………………………………………………………………….
သူ့မိသားစုမှာ မေမေရယ် ဖေဖေရယ် ညီမလေးရယ် သူရယ် စုစုပေါင်းလေးယောက်ရှိခဲ့သလို သူ့မိသားစုလေးဟာ ဆင်းရဲပေမယ့် နွေးထွေးတဲ့ စည်းလုံးညီညွတ်တဲ့ ချစ်ခြင်းတရားတွေအပြည့်ရှိတဲ့ မိသားစုလေး ဖြစ်ခဲ့ပါတယ်…

သူ့မေမေကတော့ သူတို့မြို့လေးက နာမည်ကျော် ကိတ်မုန့်ဆိုင်ကြီးမှာ နှစ်ရှည်လများ အလုပ်လုပ်ခဲ့သူဖြစ်သလို သူ့မေမေ ဖုတ်တဲ့ ကိတ်မုန့်တွေကလဲ သူတို့မြို့လေးမှာ နာမည်ကြီးခဲ့ပါတယ်… သူ့ဖေဖေကလဲ အဲဒီမုန့်ဆိုင်က မုန့်တွေကို ဆိုင်ခွဲတွေကို လိုက်ပို့ရတဲ့ အရောင်းဝန်ထမ်း တစ်ယောက်ဖြစ်ခဲ့ပါတယ်…

ဖေဖေနဲ့ မေမေနဲ့ ဖူးစာပါခဲ့တဲ့ အဲဒီမုန့်ဆိုင်လေးဟာ သူတို့မိသားစုအတွက် စာဝတ်နေရေး အတွက် လုံလောက်တဲ့ ဝင်ငွေကို ပေးနိုင်ခဲ့သလို ဒီဆိုင်လေးက ပေးတဲ့ ဝင်ငွေလေးနဲ့ သူနဲ့ညီမလေး ပညာသင်ဖို့ကိုလဲ စီမံကိန်းလေးဆွဲလို့ မေမေနဲ့ဖေဖေက ငွေစုစာအုပ်လေးနဲ့ ပိုက်ဆံလေးတွေ စုဆောင်းခဲ့တာကိုလဲ သူမှတ်မိနေခဲ့ပါသည်…

သူအမြဲတမ်း မှတ်မိနေခဲ့တာကတော့ သူတို့မိသားစု စုံစုံလင်လင် ပျော်ရွှင်ခဲ့ဖူးတဲ့ သူ့မွေးနေ့ရယ် ညီမလေးမွေးနေ့ရယ် ဖေဖေ့မွေးနေ့တွေရယ်….

နှစ်စဉ်နှစ်တိုင်း သူတို့မွေးနေ့လေးတွေရောက်တိုင်း မေမေက အလုပ်ကနေခွင့်ယူပြီး သူမရဲ့ အကောင်းဆုံးလက်ရာတွေထဲက အကောင်းဆုံးဖြစ်ခဲ့တဲ့ ချိစ်ကိတ်လေးတွေကို အရသာမျိုးစုံ ပြောင်းပြီး လုပ်ပေးခဲ့ပါသည်။ တနှစ်တာပတ်လုံးမှာ တပတ်တခါရတဲ့ နားရက်တွေအပြင် မေမေအလုပ်ကနေ ခွင့်ယူတတ်တဲ့ ရက်က မရှိသလောက် ရှားပါးလွန်းလှစွာ သူတို့မွေးနေ့လေးတွေပဲ ဖြစ်ခဲ့ပါသည်။

သူငယ်စဉ်က သတိမထားမိခဲ့ပေမယ့် သူနည်းနည်းသိတတ် နားလည်လာတဲ့ အချိန်မှာတော့ သူတို့အားလုံးရဲ့ မွေးနေ့လေးတွေကို ဂရုတစိုက်နဲ့ လုပ်ပေးနေတဲ့ မေမေတစ်ယောက် ရဲ့မွေးနေ့ကို သတိရလာပါတယ်…

သူတို့အိမ်မှာ မေမေ့မွေးနေ့ကို တခါမှ မကျင်းပခဲ့တာကို အမှတ်ရလာတာမို့ မေမေ့မွေးနေ့ကို မေးမိတော့ နောက်နှစ်မေမေ့မွေးနေ့ရောက်ရင် ပြောပြမယ်ဆိုတဲ့ နှစ်သိမ့်မှုလေးအောက်မှာပဲ နှစ်အချို့ ကုန်လွန်သွားခဲ့ပါတယ်…

နောက်တစ်ကြိမ် ပြန်မေးမိတော့လဲ မေမေဆိုင်မှာ အလုပ်တွေများလို့ မွေးနေ့မလုပ်ဖြစ်တာပါသားရယ် မေမေအားတဲ့ အချိန်နဲ့တိုင်ဆိုင်ရင် မွေးနေ့လုပ်မှာပါ မပူပါနဲ့လို့ မေမေက ပြောလာပြန်ပါတယ်…

တကယ်လဲ မေမေက ဆိုင်မှာ အလုပ်များလွန်းသူတစ်ယောက်ပါ… မွေးနေ့ကိတ်ပေါင်းများစွာကို နေ့စဉ်နဲ့အမျှ မရိုးနိုင်အောင် လုပ်နေရင်းက အော်ဒါလာပေးသူတွေကလဲ မေမေ့လက်ရာစစ်စစ်ကိုပဲ လိုချင်ကြတော့ မေမေက ပိုပင်ပန်းခဲ့ပါသည်…..

သူတက္ကသိုလ်ဝင်ခွင့်ရတဲ့နှစ်မှာတော့ သူ့ကျောင်းစရိတ်အတွက် မေမေတို့ကို ကူညီချင်တဲ့ ဆန္ဒကြောင့် သူတို့မြို့လေးမှာရှိတဲ့ လက်အိတ်စက်ရုံမှာ အချိန်ပိုင်းဝင်လုပ်ခဲ့ပါသည်။

သူ့အတွက် ကံကောင်းစေဖို့ ဖြစ်လာခဲ့တာက သူတို့ကျောင်းက Exchange Student တွေရွေးတော့ သူက အာရှနိုင်ငံတစ်ခုမှာ တစ်နှစ်တိတိ ကျောင်းသွားတတ်ဖို့ ရွေးချယ်ခံခဲ့ရပါသည်။

မခွဲစဖူး မေမေနဲ့ တစ်နှစ်လောက်ခွဲရမှာမို့ တွေးပြီး ဝမ်းနည်းနေချိန်မှာ အချိန်အတော်ကြာ မေ့လိုက် သတိရလိုက် ဖြစ်နေတဲ့ မေမေ့မွေးနေ့ကို ပြန်သတိရလာပြန်ပါသည်။

ဒီတခါတော့ မေမေ့ကို မမေးပဲ ဖေဖေ့ကိုမေးဖို့ ဆုံးဖြတ်မိတာမို့ ဖေဖေ့ကို တိတ်တိတ်လေး မေးမိခဲ့ပါသည်…. ဒီတချိန်မှာတော့ သူဖေဖေ့ကို ရွေးချယ်ခဲ့တာ မှန်ပါသည်…. သိချင်စိတ်ပြင်းပြနေတဲ့ သူ့ကို ဖေဖေက မေမေ့လိုမညာခဲ့ပါ သူနားလည်အောင် လက်ခံလာအောင်ရှင်းပြ အသိပေးခဲ့ပါသည်။

တကယ်တော့ မေမေ့မှာ မွေးနေ့မရှိခဲ့ပါ…. မေမေက လူမှန်းသိတတ်ချိန်မှာကတည်းက မိဘမဲ့ကလေးများဂေဟာကို ရောက်နေခဲ့ပါသည်…မေမေ့ကို ဂေဟာသို့ ပို့ပေးခဲ့သူများကလဲ မေမေ့ရဲ့ မွေးစာရင်းမှတ်တမ်းကို မတွေ့ခဲ့ကြသလို မေမေ့နောက်ကြောင်းကိုလဲ သေသေချာချာ မသိခဲ့ကြပါတဲ့…

မေမေ မိဘမဲ့ ဂေဟာကို မရောက်ခင် ကြားမှာ မေမေ့ကို အဆင့်ဆင့်လက်လွဲပြီး မွေးစားခဲ့သူက သုံးဦးလောက်ရှိခဲ့တာမို့ မေမေတစ်ယောက် ဘယ်က ရောက်လာမှန်း ဘယ်သူမှမသိခဲ့ကြပါ…..

ဖေဖေပြောပြတဲ့ မေမေ့အကြောင်းကို ကြားခွင့်ရတဲ့ နေ့က သူ့ဘဝမှာ အနာကျင်ဆုံးအထိခိုက်ဆုံး ဖြစ်ခဲ့ရပါသည်…

သူလူမှန်းသိတတ်စကတည်းက မွေးနေ့ကိတ်ပေါင်းများစွာ မွေးနေ့ပေါင်းများစွာကို ဖန်တီးပေးခဲ့တဲ့ မေမေ့အတွက် မွေးနေ့ပွဲလေးတစ်ခု ဖန်တီးပေးဖို့ သူအကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါသည်…

မွေးနေ့ကိတ်ကို ကိုယ်တိုင်လှီးနေတဲ့ မေမေ့ကို သူမကြာခဏ စိတ်ကူးထဲမှာ ပုံဖော်ကြည့်ခဲ့ဖူးပါသည်… မေမေကလဲ သူနာကျင်မှာစိုးလို့ မုသားချိုချိုလေးတွေသုံးကို သူ့ကို နှစ်သိမ့်ပေးခဲ့ပါသည်….

မေမေရေ တကယ်ဆို မေမေ့အဖြစ်က အဆက်မပြတ်စီးဆင်းနေခဲ့တဲ့ မြစ်ကြီးတစ်စင်းနဲ့ တူနေတယ်နော်….မြစ်ကြီးကိုမှီခိုပီး လူတွေက အသက်ရှင်နေကြပေမယ့် မြစ်ကြီးကိုယ်တိုင်မှာတော့ စီးဆင်းနေရင်း ရေငတ်နေတဲ့ အဖြစ်မျိုး ….

ပီးတော့ ကိုယ်တိုင်အကျွမ်းခံပြီး အလင်းရောင်ပေးနေတဲ့ ဖယောင်းတိုင်မီးနဲ့လဲ တူနေပြန်တယ်… သူတပါးအတွက် အလင်းတွေပေးရင် ကိုယ်တိုင်က ခြစ်ခြစ်တောက်အောင် ပူပြီးအရည်ပျော်နေခဲ့တယ်လေ…

မေမေတစ်ယောက် ဒီဆိုင်လေးမှာ မွေးနေ့ကိတ်လေးတွေကို နှစ်ရှည်လများ ဘာ့ကြောင့် ဂရုတစိုက်နဲ့ လုပ်နေခဲ့သလဲဆိုတာရယ်…. မေမေဖုတ်တဲ့ မွေးနေ့ကိတ်လေးတွေကမှ ဘာ့ကြောင့်ပိုပြီး နာမည်ကြီးနေခဲ့သလဲဆိုတာရယ်…

ပြီးတော့ သူတပါးရဲ့ မွေးနေ့ကိတ်လေးတွေကို ဖုတ်နေရင်း မေမေ့ရင်ထဲမှာ ဘယ်လိုခံစားနေခဲ့ရမလဲ ဆိုတာတွေကို တစတစ တွေးမိလာချိန်မှာ သူ့မျက်ဝန်းမှာ မျက်ရည်လေးတွေစို့လာခဲ့ပါတယ်…

သူကျောင်းသွားမတက်ခင် မေမေ့အတွက်မွေးနေ့ပွဲလေးတစ်ခု ဖန်တီးပေးချင်ပါတယ်လို့ ညီမလေးနဲ့ ဖေဖေ့ကို ပြောပြမိတော့ ဖေဖေက ကြည်ဖြူစွာနဲ့ ခွင့်ပြုခဲ့ပါသည်…
ညီမလေးကလဲ မေမေ့အတွက် အကောင်းဆုံး အလှပဆုံး အပြည့်စုံဆုံး မွေးနေ့လေးကို ဖန်တီးပေးချင်ပါတယ်လို့ စိတ်ပါလက်ပါ ပြောလာချိန်မှာ တော့ ညီမလေးမျက်ဝန်းမှာလဲ မျက်ရည်စ တချို့ကိုတွေ့လိုက်ရပါသည်…..

အဲဒီနေ့က သူရော ဖေဖေရော အလုပ်မသွားကြပါ မေမေကတော့ ဘာကိုမှ မသိတာမို့ ထုံးစံအတိုင်း မနက်စောစောထပြီး သူတို့မိသားစုအတွက် စားစရာတွေ ပြင်ဆင်ပေးပြီးချိန်မှာ မုန့်ဆိုင်ကို ထွက်သွားခဲ့ပါသည်။

ညီမလေးက ဒီညမှာကျင်းပမယ့် မေမေ့မွေးနေ့ပွဲလေးအတွက် ချက်ပြုတ်စီမံဖို့ စူပါမားကတ်တစ်ခုကို အပြေးသွားလို့ဈေးဝယ်နေချိန်မှာတော့ ဖေဖေက တက်ကြွစွာနဲ့ တအိမ်လုံးကို သန့်ရှင်းရေး လုပ်နေခဲ့ပါသည်။

တချိန်တည်းမှာပဲ သူကလဲ သူတို့မောင်နှမတွေစုထားတဲ့ စုဗူးလေးကိုဖွင့်လို့ မေမေ့အတွက် မွေးနေ့လက်ဆောင်လေးဝယ်ဖို့ မြို့ထဲက ရတနာဆိုင်လေးကို ထွက်လာခဲ့ပါသည်။

မေမေ့အတွက် ဈေးသိပ်မကြီးလှပေမယ့် ကြည့်လို့ခန့်ငြားတဲ့ ရွေသားနည်းနည်း အသည်းပုံ ရွှေနားကပ်လေးတစ်ရံဝယ်ပြီးချိန်မှာ ရမိတဲ့ ပီတိလေးက ဘာနဲ့မှမတူခဲ့ပါ…

နားကပ်လေးဝယ်ပြီးချိန်မှာတော့ မွေးနေ့ကိတ်ဝယ်ဖို့ မေမေ့ဆိုင်ကို သူသွားရမှာမို့ အိမ်ပြန်ပြီး သူ့ကို ရုတ်တရက် မေမေမမှတ်မိအောင် ကြိုးစားပြီး ရုတ်ဖျက်နေချိန်မှာ ဖေဖေက ဘေးကနေ ကြည့်ရင်း တဟားဟားနဲ့ ရယ်လို့မဆုံးခဲ့ပါ။

မေမေ့ဆိုင်ကိုရောက်တော့ ဆံပင်အတု ကောက်ကောက်ကွေးကွေး နှုတ်ခမ်းမွေးထူထူကြီးတပ်ပြီး မျက်မှန် ဝိုင်းကြီး တက်ထားတဲ့ သူ့ကို မေမေက မမှတ်မိခဲ့ပါ…

သူမှာတဲ့ ချိစ်များများပါတဲ့ မွေးနေ့ကိတ်ကြီးကို မေမေက စိတ်ရှည်လက်ရှည်လုပ်ပေးခဲ့ပါသည်။ သူကလဲ မုန့်ဖုတ်ပြီးတဲ့ အချိန်အထိ စောင့်နေခဲ့ပါသည်… မုန့်ဖုတ်ပြီးတဲ့ အချိန်မှာတော့ မေမေက ဘယ်သူ့အတွက်လို့ ရေးပေးရမလဲလို့ သူ့ကိုမေးလာပါသည်….

အသင့်ရေးထားတဲ့ စာရွက်လေးကို မေမေ့ကို ပေးလိုက်ပြီး ချောကလက်ဆော့စ် နဲ့ရေးပေးပါနော်လို့ ပြောတော့ မေမေက စာရွက်လးကို ဖတ်ရင်း ပြုံးနေခဲ့ပါသည်….

Happy Birthday Mom….
We love you much…
You are our Angle from God….

စာတမ်းလေးတစ်ချို့ကို ရေးနေရင်းက မေမေက “မွေးနေ့ရက်စွဲက ဒီနေ့လား” လို့သတိတရနဲ့ ထပ်မေးလာခဲ့ပါသည်…
တကယ်ဆို ဒီမေးခွန်းကို သူမဖြေချင်ခဲ့ပါ…. ကျွန်တော့် မေမေမှာ မွေးနေ့မရှိပါဘူး လို့ပြောမိရင်…. မေမေဘယ်လိုနေမလဲ….မေမေ ဘယ်လို ခံစားလိုက်ရမလဲ… မေမေ့မျက်နှာပေါ်က အပြုံးလေး ပျောက်သွားမှာကို သူကြောက်လှပါသည်….အဲလို စကားမျိုး မေမေ့ကို သူမပြောရက်ခဲ့ပါ…

မေမေကတော့ သူ့ဆီက အဖြေတစ်ခုကို စောင့်နေခဲ့တာမို့…
“တကယ်ဆို နေ့စွဲတွေ ရက်စွဲတွေက တချို့ လူတွေအတွက် အရမ်းအရေး မကြီးလှပါဘူး… အဓိကက သူတို့ကို ချစ်နေတဲ့ ဂရုစိုက်နေတဲ့ သူတွေရှိနေဖို့ပဲ အရေးကြီးပါတယ်…ကျွန်တော့်မေမေကို ကျွန်တော် ချစ်တယ် …. ကျွန်တော်ချစ်တာကို မေမေ သိစေချင်လို့ ဒီမွေးနေ့ကိတ်လေးကို အော်ဒါမှာခဲ့တာပါ”…..
လို့ပြောရင်း မေမေ့ကို မသိမသာအကဲခတ်မိတော့ မေမေ့မျက်ဝန်းမှာ အရိပ်လေး တစ်ခု ဖြတ်ပြေးသွားတာကို တွေ့လိုက်ရပါတယ်…

မေမေ အကြာကြီး ငြိမ်သွားခဲ့သလို ကိတ်မုန့်ကို ဗူးထဲကို ကျကျနန ထည့်ပေးပြီးတဲ့အချိန်မှာတော့ ကျေးဇူးတင်ပါတယ်လို့ပြောလာတဲ့ မေမ့ရဲ့အသံက သိပ်ပီး မပီပြင်ခဲ့သလို မေမေ့အပြုံးလေးကလဲ ခပ်နွမ်းနွမ်းလေးပဲ ကျန်ပါတော့တယ်…

စိတ်မကောင်းမဖြစ်ပါနဲ့ မေမေရယ် ဒီလို ဈေးဝယ်သူမျိုး ဘယ်နှစ်ယောက်လောက် မေမေ ကြုံခဲ့ဖူးလဲ မေမေ ဘယ်နှစ်ခါလောက် မျက်နှာပျက်ခဲ့ဘူးလဲ သားတို့မသိခဲ့ပါဘူး… မေမေ မကြာခင်ပျော်ရမှာပါလို့ …စိတ်ထဲမှာ တိုးတိုးလေး ရေရွတ်ရင်း အိမ်ကို အမြန်ဆုံးရောက်အောင်ပြန်လာခဲ့ပါတယ်…..

ညနေစောင်းချိန်မှာတော့ သူတို့သားအဖတွေ က မေမေ့မွေးနေ့ပွဲလေးကျင်းပပေးဖို့ အစစအရာရာ အဆင်သင့် ဖြစ်နေခဲ့ပါပြီ… တအိမ်လုံးလဲ သန့်ရှင်းတောက်ပြောင်နေခဲ့သလို ဖေဖေ့မျက်နှာပေါ်မှာလဲ အပြုံးရိပ်လေး တစ်ချို့ကို ရှားပါးစွာတွေ့နေခဲ့ရပါသည်…

ဖေဖေ ညီမလေးနဲ့ သူတို့သုံးယောက်သား တီဗွီမှာ ပြနေတဲ့ ဇာတ်လမ်းတွဲတစ်ခုကို စိတ်မပါ့တပါ ကြည့်နေရင်း မေမေ ပြန်လာမယ့် အချိန်ကို ရင်ခုန်စွာနဲ့ မျှော်နေကြပါသည်….

ခါတိုင်းပြန်နေကျအချိန်ထက် တစ်နာရီလောက်စောလို့ မေမေ အိမ်ကို ပြန်ရောက်လာခဲ့ပါသည်… တံခါးလက်ကိုင်ဘုလေးကို သေသေချာချာလှည့်ပြီး တံခါးမကြီးကို ပြန်ပိတ်နေတဲ့ မေမေ့မျက်နှာလေးကို ခိုးကြည့်မိတော့ မေမေ့မျက်နှာလေး သိသိသာသာ ညှိုးနေတာကို သူသတိထားလိုက်မိပါသည်…..

သားအဖသုံးယောက်သား မေမေ ပြန်လာပီလားလို့ မေးရင်း တီဗွီအစီအစဉ်ကိုပဲ စိတ်ဝင်စားဟန်ပြရင်း မေမေ ထမင်းစားခန်းထဲ ဝင်မယ့် အချိန်လေးကို မသိမသာ စောင့်နေကြပါသည်….

အိမ်ပြန်ရောက်တိုင်း မေမေမှာ အဝတ်အစားတောင်မလဲနိုင်ပဲ ထမင်းစားခန်းထဲဝင်ပြီး ညစာအတွက် အပြေးအလွား စဉ်းစားစီမံနေကျမို့ အခုလဲ ထမင်းစားခန်းဆီ တန်းတန်းမတ်မတ်ကြီး လျှောက်သွားတဲ့ မေမေ့ကို ခိုးကြည့်နေရင်း သားအဖသုံးယောက်သား အပြုံးကိုယ်စီနဲ့ ကြိတ်ပြီး ပျော်နေခဲ့ပါသည်…

ထမင်းစားခန်းထဲကိုဝင်သွားတဲ့ မေမေ့ဆီက ဘာသံမှမကြားရပါ။ တစ်စက္ကန့်ပြီး တစက္ကန့် သူရင်တွေ ခုန်နေခဲ့ပါသည်… မေ့မေ့ကို ရုတ်တရက်ပျော်စေချင်တဲ့ ဆန္ဒလေးနဲ့ သူတို့ သားအဖတွေ ပြင်ဆင်ထားတဲ့ မွေးနေ့ အပြင်အဆင်လေးကို တွေ့ရင် မေမေ တစ်ယောက် တအံ့တသြ နဲ့ သူတို့ကို လှမ်းခေါ်မယ့် အသံကို သူတို့ စောင့်စားနေခဲ့ပေမယ့် ထူးဆန်းလှစွာပဲ မေမေ့ထံမှ ဘာအသံမှ မကြားရခဲ့ပါ…..

ရုတ်တရက် မစောင့်နိုင်လွန်းစွာ သူမတ်တပ်ရပ်လိုက်ချိန်မှာတော့ ဖေဖေက ထမင်းစားခန်းထဲကို အပြေးအလွှား ဝင်ပြေးသွားပါသည်…

ဖေဖေ့နောက်က သူ သူ့နောက်နားမှာက ညီမလေး…..
သူတို့တွေ့လိုက်ရတဲ့ မြင်ကွင်းက ဘယ်လိုမှ ထင်မှတ်မထားတဲ့ မြင်ကွင်းတစ်ခု ပန်းနုရောင်ဖျော့ဖျော့ စားပွဲခင်း ခင်းထားတဲ့ ထမင်းစား စားပွဲကြီးရဲ့ အလယ်မှာက မေမေ နေ့လည်က ဖုတ်ပေးလိုက်တဲ့ ချိစ်ကိတ်ကြီးက တခမ်းတနား နေရာယူထားပါသည်..

ထမင်းစားပွဲပေါ်မှာက သားအမိ သားအဖ လေးယောက်စာ အထူးစီမံထားတဲ့ ဟင်းပွဲတွေက အစုံအလင် စားပွဲရဲ့ ညာဘက်ထိပ်က မေမေ ထိုင်နေကျနေရာလေးမှာက နှင်းဆီပန်း အနီရောင် တစ်ပွင့်ကို ပန်းအိုးလေးထဲမှာ လှလှပပ ထိုးစိုက်ထားခဲ့သလို မွေးနေ့လက်ဆောင်လေး ဖြစ်တဲ့ နားကပ်ဗူးလေးကလဲ ပန်းအိုးလေးဘေးမှာ ပွင့်လျှက်သားလေး ….

မေမေ မေမေကလဲ မေမေထိုင်နေကျ ထိုင်ခုံဘေးနားလေးမှာ ပုံလျှက်သားလေး ခွေခွေလေးလဲလို့….
မေမေလို့ အလန့်တကြားအော်ခေါ်ရင်း မေမေ့ကို အပြေးအလွားထွေးပွေ့ရင်း မေမေ့အသက်ရှုသံတွေကို နားထောင်မိတော့ အသက်ရှုသံတွေက ပုံမှန်မဟုတ်တော့ပါ…

မေမေ့ကိုဆေးရုံပို့ပြီး အဲဒီညက သူတို့ သားအဖတွေ ဆေးရုံမှာ တရေးမှမအိပ်ရပဲ မိုးလင်းခဲ့ပါသည်…
မေမေကတော့ သတိပြန်လည်မလာတော့ပါ… ဆေးရုံရောက်ပြီး နှစ်ရက်အကြာမှာ သူတို့ကို မေမေက အပြီး အပိုင်နှုတ်ဆက်သွားခဲ့ပါသည်….

မေမေ့ရင်ထဲမှာ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာလေးတစ်ခုကို သူတို့မသိအောင် ဘယ်သူမှလဲမသိခဲ့အောင် မေမေက ပိပိရိရိ ဖုံးကွယ်ထားခဲ့ပါသည်… ဒါပေမယ့် သူတို့က မေမေ့ကို ပျော်ရွှင်စေချင်စိတ်ကလေးနဲ့ ဒဏ်ရာဟောင်းလေးကို ပြန်သတိရစေခဲ့ချိန်မှာတော့ ဒဏ်ရာတွေအများကြီး ရခဲ့ဖူးတဲ့ မေမှေ့လုံးသားက ခံနိုင်ရည်မရှိခဲ့ပါ…

မေမေပေးခဲ့သလောက် သူတို့ ပြန်မပေးနိုင်ခဲ့ပေမယ့် တတ်နိုင်သလောက် ပေးဖို့ ကြိုးစားချိန်မှာ မေမေက လက်ခံဖို့ အဆင်သင့် မဖြစ်ပဲ ဝမ်းနည်းစရာ တွေသာဖြစ်လာခဲ့ပါသည်..ပထမဆုံးနဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ မေမေရဲ့ မွေးနေ့လေးတစ်ခုက သူတို့အားလုံးရဲ့ ရင်ထဲမှာ နာနာကျင်ကျင် မှတ်မှတ်ရရ ကျန်ရစ်ခဲ့သလို …

အဲဒီနှစ်ကစလို့ ဖေဖေရော ညီမလေးရော သူရော မွေးနေ့တွေပျောက်ဆုံးခဲ့ပါသည်…ဘယ်သူကမှ မွေးနေ့လုပ်ဖို့ အစမဖော်ပေးခဲ့သလို မွေးနေ့ပွဲတစ်ခုရဲ့ နာကျင်စရာ အဖြစ်လေးကိုလဲ ကိုလဲ သူတို့မမေ့နိုင်ခဲ့ကြပါ…

သူကတော့ မေမေ့ရဲ့ နှလုံးသားထဲမှာ လူမသိအောင် တစ်သက်လုံး သိမ်းဆည်းလာခဲ့တဲ့ ဆူးတစ်ချောင်းကို နှုတ်ယူပေးဖို့ ကြိုးစားမိခဲ့တဲ့ သူ့ကိုယ်သူလဲ အပြစ်တင်လို့ မဆုံးခဲ့ပါ…

အပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ သူကိုယ်တိုင်လဲ လိုအပ်လွန်းတဲ့ နေရာတွေမှာသာ သူ့မွေးနေ့ကို ကိန်းဂဏန်းတစ်ခုအနေနဲ့ အသုံးပြုဖြစ်ခဲ့ပေမယ့် ကျန်တဲ့အချိန်တွေမှာတော့ လုံးဝမေ့ထားခဲ့ပါသည်…

အတတ်နိုင်ဆုံး မွေးနေ့ပွဲတွေရဲ့ အဝေးမှာ နေချင်ခဲ့ပေမယ့် ဒီကုမ္ပဏီရဲ့ အစဉ်အလာတစ်ခုက သူ့ကို တော်တော်လေးကို နှိပ်စက်ခဲ့ပါတယ်လို့ ပြောလာတဲ့ သူ့မျက်ဝန်းမှာ မျက်ရည်စတွေကို တွေ့မြင်နေရသလို…. သူ့ရဲ့ ဇာတ်လမ်းလေးကို နားထောင်နေကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေကလဲ မျက်ရည်တွေဝဲလို့……..

တကယ်ဆိုရင် ကိန်းဂဏန်းတစ်ခုကို အစပြုခဲ့တဲ့ မွေးနေ့တွေဟာ လူသားတွေကို ပျော်ရွှင်ခြင်းနဲ့ အမှတ်တရများစွာကို ပေးစေနိုင်ခဲ့သလို ကံဆိုးလှစွာနဲ့ ကိန်းဂဏန်းပျောက်ဆုံးနေခဲ့တဲ့ လွဲမှားနေသူတွေ များစွာ ဒီကမ္ထာကြီးပေါ်မှာ အသက်ရှင်လျက် ရှိနေသေးတယ်ဆိုတာ….အမှတ်ထားမိစေဖို့….

ဒီလလေးဟာ ကျွန်မအတွက် မွေးနေ့များစွာကို အမှတ်ရစေတဲ့လလေးတစ်လပါ…

ဇူလိုင် ၄ ရက်နေ့မှာ ကျရောက်တဲ့ သူငယ်ချင်း Reporter,ဘလော့ဂါကြီး ကိုဆွေဝင်း ရဲ့မွေးနေ့
ဇူလိုင် ၅ ရက်မှာ ကျရောက်တဲ့ ချစ်သူငယ်ချင်းလေး ချောချော( ခင်ချောနုရွှေ) ရဲ့မွေးနေ့
ဇူလိုင် ၅ ရက်နေ့မှာကျရောက်တဲ့ ချစ်တူလေး ညီလင်းထက် ရဲ့မွေးနေ့
ဇူလိုင် ၆ ရက်နေ့မှာ ကျရောက်တဲ့ သူငယ်ချင်း Asep Sofyan ရဲ့မွေးနေ့
ဇူလိုင် ၉ ရက်နေ့မှာ ကျရောက်တဲ့ သူငယ်ချင်း Karen Andrade ရဲ့မွေးနေ့
ဇူလိုင် ၉ ရက်နေ့မှာ ကျရောက်တဲ့ သူငယ်ချင်း ဘလော့ဂါမလေး ရဲ့မွေးနေ့
ဇူလိုင် ၁၄ ရက်နေ့မှာကျရောက်တဲ့ ချစ်တူလေး သြချစ်ဘုန်းမိုရ် ရဲ့မွေးနေ့
ဇူလိုင် ၂၂ ရက်နေ့မှာ ကျရောက်မယ့် ဘလော့ဂါမလေး ဇော်ရဲ့ မွေးနေ့
ဇူလိုင် ၂၂ ရက်နေ့မှာ ကျရောက်မယ့် ဘလော့ဂါ ကိုဖိုးစိန်ရဲ့ မွေးနေ့နဲ့
ဇူလိုင် ၂၄ ရက်နေ့မှာ ကျရောက်မယ့် ဘလော့ဂါမလေး နှင်းနဲ့မာယာ တို့အတွက်
အမှတ်တရဖြစ်စေဖို့ ဒီပို့စ်လေးကို ရေးပါတယ်။

12 comments:

Sein Lyan Tun said...

့HAPPY BITHDAY !!!!

ဇူလိုင်လမှာ မွေးဖွားသူများအားလုံး....


ပျော်ရွှင်ပါစေဗျာ


ကျေးဇူးတင်ပါတယ် မနှင်းရေ.....


ချစ်တဲ့


ဖိုးစိန်

စူး said...

ဇူလိုင် ဖွားတွေ သိပ်များပါလားးး

ဒါဆို ကုမ္ပဏီမှာ ပျော်စရာကြီးနော်...

နေ့တိုင်းနီးပါး စားနေရတယ်..
ပိုင်ရှင်တော့ မွဲပါပီ..

အထက်က ဖြစ်ရပ်က တကယ်လားဟင်..သနားပါတယ်နော်..။

Sein Lyan Tun said...

ထူးခြားတဲ့ မွေးနေ့ဆုတောင်းပိုစ့်လေးအတွက် မနှင်းကိုကျေးဇူးတင်ပါတယ်...


မနှင်းလဲ (၂၄) နေမှာ ကျရောက်မယ့် မွေးနေ့မှာ ပျော်ရွှ့င်မှု အပေါင်းနဲ့ ပြည့်စုံပါစေလို့

ကျနော်ရင်ထဲက ဆုမွန်ကောင်းတောင်းပေးပါတယ်...

ချစ်တဲ့

ဖိုးစိန်

ရေတမာ said...

ဒီပိုစ့်လေးဖတ်ရတော့ မေမေ့ကို သတိရတယ်။ မိသားစုအားလုံးရဲ့ မြန်မာလို english လို မွေးနေ့တွေအားလုံးကို သိပေမယ့်၊ ကျနော်တို့ မေမေ့မွေးနေ့ကို မေ့နေကြတယ်။ ပျော်ရွင်ခြင်း၊ အံသြခြင်း၊ ၀မ်းနည်းခြင်း ရသတွေကို ပေးတဲ့ ဒီပိုစ်လေးကို မွေးနေ့တွေတိုင်းမှာ သတိရနေမှာပါ

မိုးခါး said...

ဇူလိုင်ဖွားများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ ..း)
ဒီပို့စ်လေးဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ် ..

ဇော် said...

မွေးနေ့ အတူလုပ်ကြမလား ဒေါ်လေး.. အဟိ။

မွေးနေ့အမှတ်တရအတွက် ကျေးဇူးတင်ပါတယ်ဗျာ။

တကယ်ကိုကောင်းတဲ့ စာမူတစ်ခုပါပဲ။ ရင်ထဲမှာ ငိုချင်လာတယ်။ =(
ဒါပေမယ့် ဒေါ်လေးရာ .. သည်နဲ့တယ် ကို တစ်ခုပဲ သုံးပါလား။ ပြီးတော့ ဇာတ်ကြောင်းပြန်တဲ့ပုံစံဆိုရင် သည်ဆိုတာကြီးကို မရေးပါနဲ့လား။
ကျနော်က ဘာမှ သိဘူးရယ်..။ စိတ်ထဲမှာ ခံစားမိလိုက်တာကို ပြောမိတာ။ အဟဲ။ ချိတ်ချိုးယ၀ူးနော။ မွေးနေ့လက်ဆောင် မပေးဘဲ နေလိုက်မှာရယ်။ ဟွင်း။ အဟိ။ =P

သားကြီး said...

ဝမ်းနည်းစရာကြီးဗျာ
အစကနေအဆုံးထိကိုဆွဲဆောင်သွားတယ်
အမေနဲ့ပတ်သက်ရင်ခံစားမှုထိလွယ်ရှလွယ်သူကျနော့်အဖို့
ဒီပိုစ်လေးဟာ ဝမ်းနည်းပက်လက်ဖြစ်မိတဲ့ပိုစ်လို့ပဲ ဆိုရတော့မယ်
ကျနော့်မှာမွေးနေ့ပွဲမရှိခဲ့တာပဲကြာကြာပေါ့ဗျာ :(

လင်းကြယ်ဖြူ said...

အားလုံး ကို ပျော်စရာ မ္ဂေးနေ့ပ္ဂဲလေးဖြစ်ပါစေလို့ ..
ဆုမ္ဂန်ချွေလိုက်ပါတယ်ခင်ဗျာ...
ပျော်ကြပါစေ..

desertraindrops said...

မွေးနေ့ရှင်များ ပျော်ရွှင်ဖွယ် မွေးနေ့ရက်လေးတွေ ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Beauty Studio USA Branded Store said...

ဇူလိုင်မွေးနေ့ရှင်အပေါင်းကိုပျော်ရွှင်ပါစေ
ကြောင်းဆုတောင်းပေးလိုက်ပါတယ်။

မိုးစက်အိမ် said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာဗျာ
ထင်တော.ထင်တယ် ဖတ်နေရင်းနဲ.လေ
သူ.အမေ က ၀မ်းသာလုံးစို.သွားတာ
လား ရုတ်တရက် ရှော. ဖြစ်သွားတာ
လား တော.မသိဘူးဗျာ ဒါပေမဲ.
တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်ဗျာ...
အားလုံးဘဲဗျာ ပျော်ရွှင်စရာ မွေးနေ.
မွေးလ မွေးနှစ်လေးတွေ ပိုင်ဆိုင်နိုင်
ကြပါစေ ခင်ဗျာ....

သီဟသစ် said...

ဇူလိုင်မွေးနေ့ရှင်တွေ အားလုံးအတွက် Happy Birthday ပါ

ရွှင်လန်းချမ်းမြေ့ကြပါစေ

ဒီပို့စ်လေးကိုဖတ်ပြီး ခံစားရတယ်

ခင်မင်စွာဖြင့်
သီဟသစ်

My Blog List