ပေးဆပ်ရုံ သက်သက်

ကောမန့်လေးတွေ စီဘောက်စ်က နှုတ်ခွန်းဆက်သံလေးတွေဟာ ဘလော့ဂါတွေအတွက် စိတ်ဓါတ် ခွန်အားတွေဖြစ်စေတဲ့ အားဆေးလေးတွေဆိုတာ ဘလော့ရေးနေတဲ့ ဘလော့ဂါတိုင်းက အသိစိတ်ထဲမှာရော မသိစိတ်မှာပါ လက်ခံကြပါတယ်။

အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် ကျွန်မအတွက်တော့ ဘလော့ရေးခြင်းနဲ့ ကောမန့်တွေရခြင်း မရခြင်းကို သေသေချာချာ ပိုင်းခြားပြီး နားမလည်ခဲ့သလို ကောမန့်တွေအတွက် ပြင်းပြင်းပြပြ အိပ်မက်တွေ မက်ခဲ့တာလဲ မရှိခဲ့ပါဘူး။

စာရေးနေရတာကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ခံယူခဲ့သလို စာရေးခြင်းကိုလဲ မြတ်နိုးလွန်းတာမို့ ဒီဘလော့လေးကို ၂၀၀၈ ဒီဇင်ဘာလ ၂၅ မှာ စပြီး ရေးခဲ့ပါတယ်။

ကိုယ်တိုင်က Sales and Marketing field ထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပေမယ့် ဘလောဂိုစဖီးယားကြီးထဲမှာ marketing က အင်မတန် အရေးကြီးခဲ့တယ်ဆိုတာကို လုံးဝလုံးဝ မသိခဲ့သလို ဘလော့ရေးရင် အိမ်တွေလည်ရတယ်ဆိုတာကိုလဲ တကယ်မသိခဲ့ပါဘူး။

ကိုယ့်ရဲ့စိတ်ကူးနဲ့ကိုယ် စာရေးချင်တဲ့ စိတ်လေး တစ်ခုတည်းနဲ့ စာရေးခဲ့တာပါ။ ဒါပေမယ့် အခြားအခြားသော ဘလော့လေးတွေကို သွားဖတ်မိတိုင်းလဲ စာလာဖတ်ကြတဲ့ ဘလော့ဂါ မိတ်ဆွေတွေနဲ့ စည်စည်ကားကားနဲ့ ပျော်စရာကောင်းလွန်းနေတာကို တော့သတိထားမိပါတယ်။ အဲဒီအချိန်အထိလဲ နားမလည်နိုင်သေးပဲ အွန်လိုင်းမှာ လူမှုရေး အားနည်းနေဆဲပါ။

ဘလော့ကို တည်ဆောက်ပေးခဲ့တဲ့ အင်ဂျင်နီယာကြီးက မားကက်တင်းကို ကိုယ့်တိုင်ဆင်းလို့ ပြောခဲ့ပါသေးတယ် ဒါပေမယ့် ဘလော့ဆိုတာ မားကက်တင်း ဆင်းရလောက်တဲ့အထိ တအိမ်တက်ဆင်း ကြော်ငြာဝင်ရလောက်တဲ့ အထိ အရေးပါတဲ့ ထုတ်ကုန်တစ်ခုလိုများ ဖြစ်နေလားလို့လဲ တွေးမိပါတယ်။ ဒါပေမယ့် သူပြောသလို မလုပ်ဖြစ်ခဲ့ပါဘူး။

ဘလော့လင့်လေးတွေထည့်ပေးတဲ့ ကို Black Dream ကတော့ စာရေးကောင်းတဲ့သူတွေကိုပဲ ထည့်ပေးထားတယ်လို့ ပြောပြီး လင့် ၁၀ ခု ထည့်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ လင့်ခ်ယူထားတဲ့ အကြောင်း ဘလော့ပိုင်ရှင်တွေကို အသိပေးရမယ်ဆိုတဲ့ အသိနဲ့ လိုက်ပြီး ပြောပြခဲ့ပါတယ်။ အဲဒီ လင့်ခ် ၁၀ ခုက ဘလာ့ဂါ ၁၀ ယောက်ထက်ပိုပြီး အသိမပေးခဲ့ပါဘူး။ ဒါပေမယ့်လဲ ကိုယ့်ရဲ့ လင့်ခ်ကို ချန်ထားခဲ့ဖို့ သတိမရပြန်ပါဘူး။

စာစပြီး ရေးစဉ်ကတည်းက သုတ ရသပါတဲ့ ပို့စ်လေးတွေနဲ့ ကဗျာလေးတွေ ပဲ ရေးဖြစ်ခဲ့ပါတယ်
ပထမဆုံး ကျွန်မဘလော့ကို လာပီး အားပေးခဲ့တာက ဖြတ်သွားဖြတ်လာပို့စ်နဲ့အတူ ပျောက်သွားခဲ့တဲ့ ကိုတင့်ထူးရွှေပါ...

နောက်တစ်ယောက်ကတော့ ကိုအောင်သာငယ်ပါ ကျွန်မရေးတဲ့စာတွေကို အမြဲလာဖတ်ပေးခဲ့သလို သူ့ရဲ့ ဘလော့က ဖတ်စေချင်တဲ့ ပို့စ်များမှာလဲ ထပ်ပြီး ညွန်းပေးခဲ့ပါတယ်..

ကျွန်မရဲ့ တတိယနေရာ
ဆိုတဲ့ ပို့စ်လေးကစလို့ ထင်ပေါ်ကျော်ကြား ဘယ်လက်ပိုင်ရှင်များ နဲ့ ပေတသီးကျီးတသား ဆိုတဲ့ ပို့စ်လေးတွေ အခြားစိတ်ဝင်စားစရာ ပို့စ်လေးတွေကို ကိုအောင်သာငယ်ရဲ့ ဘလော့ပေါ်မှာ မျှဝေပေးခဲ့ပါတယ်။ ကိုအောင်သာငယ်ရဲ့ ဘလော့မှာ ကျွန်မရဲ့ ပို့စ်လေးကို ပထမဆုံးအကြိမ် မျှဝေပေးထားတာကို တွေ့တဲ့နေ့က ရခဲ့တဲ့ ပီတိလေးက ဘာနဲ့မှ လဲလို့မရခဲ့ပါဘူး...

အဲဒီအချိန်အထိလဲ ကျွန်မဘလော့ကို လာဖတ်တဲ့သူဆိုတာ သိပ်များများစားစားမရှိခဲ့ပါဘူး။
ကောမန့်ဆိုတာကတော့ မရှိသလောက်ပါပဲ ရှိကိုမရှိခဲ့တာပါ။ ကိုယ်တိုင်ကလဲ လူမှုရေးအားနည်းခဲ့လို့လားလို့ စဉ်းစားမိပါသေးတယ်။

ဖြစ်နိုင်ပါတယ်။ ကျွန်မ စာတွေဖတ်ပါတယ် ဘလော့တွေမှန်သမျှ အကုန်လိုက်ဖတ်ပါတယ်။ ဒါပေမယ့် စီပုံးမှာလဲ တခါမှ မအော်ခဲ့ဖြစ်သလို ကောမန့်တွေလဲ မရေးဖြစ်ခဲ့ပါဘူး...

ကျွန်မလို ပဲ ဘာမှမပြောပဲ တိတ်တိတ်လေး စာဖတ်သူတွေအွန်လိုင်းမှာ အများကြီး ရှိနေခဲ့ပါတယ်။
ဒါကို ကျွန်မနားလည်ခဲ့သလို ကျေကျေနပ်နပ်လဲ လက်ခံခဲ့ပါတယ်။

နောက်ပိုင်းမှာ ကျွန်မဘလော့ကိုလာဖတ်ရင်း ကော့မန့်တွေပေးပြီး အားပေးခဲ့တာက ကိုပီတာ မောင်မျိုး မပန်ဒိုရာ နဲ့ မမသီရိပါ။

ကျွန်မ သတိထားမိသလောက် တခါတရံမှာ နာရီပေါင်းများစွာ မအိပ်မနေနဲ့ သတင်းအချက်အလက်တွေစုစည်းပြီး ရေးခဲ့ရတဲ့ ပို့စ်လေးတွေမှာတောင် ကောမန့်တွေမရှိခဲ့ပါဘူး။

ကျွန်မတစ်ယောက်တည်း စိတ်ကူးလေးတွေနဲ့ စာတွေရေးနေရင်း ဒီဘလော့လေးပေါ်မှာ တစစနဲ့ သူငယ်ချင်းလေးတွေ ကောက်ရလာခဲ့ပြန်ပါတယ်။

ဒူဘိုင်းက ဘလော့ဂါတွေ ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့အတူ အခြားခင်မင်ရတဲ့ ဘလော့ဂါလေးတွေလဲ တိုးပွားလာခဲ့ပါတယ်။ အခုဆိုရင် ကျွန်မရဲ့ လင့်ခ်တွေထဲမှာ ခင်မင်ရတဲ့ ဘလော့ဂါမိတ်ဆွေအားလုံးကို တစုတစည်းတည်း ထည့်ထားခဲ့ပါတယ်။

ဒါပေမယ့် ကျွန်မအတွက် ဒီနေရာမှာလည်း ကောမန့်ဆိုတာ ခင်မင်ရင်းနှီးမှုနဲ့ ဆိုင်တယ် မဆိုင်ဘူး ဆိုတာကို ပြောရခက်နေပါသေးတယ်။

စာတစ်ကြောင်းတည်းရေးပြီး ဓါတ်ပုံလေး တစ်ပုံလောက်တင်ထားပြီး ပေါ့ပေါ့ပါးပါးနဲ့ ကောမန့်ပေါင်းများစွာရနေတဲ့ ဘလော့ဂါအချို့ အတွက်တော့ ခင်မင်မှု ရင်းနှီးအားနာမှုက ကောမန့်တွေ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။

စာရေး ကောင်းတယ် မကောင်းဘူးဆိုတဲ့အပေါ်မှာမှ ကောမန့်များတယ် မများဘူးလို့ ပြောမယ် ထင်မင်ယူဆမယ် ဆိုရင်လဲ မြန်မာ ဘလော့လောကကြီးအတွက် လွဲမှားနေအုံးမှာပါ....

မြန်မာဘလော့တွေဟာ စာရေးဆရာတွေ ပညာရှင်တွေရဲ့ စာတွေစုစည်းနေတဲ့ နေရာမဟုတ်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေး ကောင်းလွန်းတဲ့ ဘလော့ဂါလေးတွေဆီမှာ ခင်မင်သူတွေဝိုင်းဝိုင်းလည်နေပြီး ကောမန့်တွေ တောင်လိုပုံနေပေမယ့် စာရေးကောင်းတယ်လို့ ပြောလို့ရတဲ့ စာတွေကို အမှန်အကန်ရေးပြီး လူမှုဆက်ဆံရေး အားနည်းတဲ့ ဘလော့ဂါတွေဆီမှာတော့ ကောမန့်တွေနည်းသလို စာတွေ လာဖတ်သူတွေလဲ မရှိသလောက်ရှားပါးနေတတ်ပါတယ်။

ဒါပေမယ့် လူမှုဆက်ဆံရေး အင်မတန်ကောင်းလွန်းတဲ့ မြန်မာ ဘလော့ဂါတွေကို အရမ်းကို လေးစား အားကျမိသလို အချင်းချင်း ရင်းနှီး ခင်မင်စွာ စည်းလုံးညီညွတ်စွာ ကူညီဖေးမတတ်တဲ့အပေါ် စာနာပေးတဲ့အပေါ်မှာလဲ ထပ်လောင်းပြီး ကျေးဇူးတင်မိပြန်ပါတယ်...

ကျွန်မကတော့ ခုချိန်ထိ အရာရာမှာ အားနည်းနေဆဲပါ လူမှုဆက်ဆံရေး ပိုင်းမှာ ပိုလို့အားနည်းခဲ့ပါတယ်။ ရင်ထဲက မပါပဲ ကောမန့်တွေမချတတ်တာကလဲ မဟာအားနည်းချက်ကြီး ဖြစ်နေပြန်ပါတယ်။

သေသေချာချာ မဖတ်ပဲ ပီးပီးရောဆိုပီး ကောမန့်တွေရေးရမှာလဲ လိပ်ပြာမလုံပါဘူး။။ ဘယ်စာကိုဖတ်ဖတ် ဘယ်သူ့စာကိုဖတ်ဖတ် ရင်နဲ့ ဖတ်ချင်သလို ရင်ထဲက ပါမှပဲ လိပ်ပြာသန့်သန့်နဲ့ ကောမန့်ချဖြစ်တဲ့ အတွက် ကျွန်မအတွက် တော်ရုံတန်ရုံ ခင်မင်မှုနဲ့ လာပေးကြတဲ့ ကောမန့်တွေကို မရခဲ့တာ မဆန်းပါဘူး။

ကောမန့်အပေါ်မှာ ကျွန်မပေးထားတဲ့ တန်ဘိုး နဲ့ ကျွန်မရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အခုလက်ရှိ အပြင်လောကမှာတွေ့နေရတဲ့ ကောမန့်တွေနဲ့ တခုခုလွဲမှားနေတယ်လို့ထင်ပါတယ်...

ကျွန်မအနေနဲ့ ခင်မင်မှုအရရော ရင်ထဲကနေ ဖြစ်လာတဲ့ သံယောဇဉ်တွေကြောင့်ရော သူငယ်ချင်းတွေ ရေးတဲ့စာတွေရော မခင်မရင်းနှီးတဲ့ ဘလော့ဂါတွေ ရေးတဲ့စာတွေကိုပါ အမြဲဖတ်ပါတယ်....

ရင်ထဲက လာတဲ့ဆန္ဒတွေနဲ့ နှုတ်ဆက်ပါတယ် ကောမန့်တွေကို လေးလေးစားစား အချိန်ယူပြီးပေးပါတယ်။
ဘလော့ဂါတွေရဲ့ ဘဝတွေကို ကိုယ်ချင်းစာပါတယ်။ မအားလပ်တဲ့ကြားကနေ အချိန်တွေပေးပြီး စာတွေရေးနေသလို သူငယ်ချင်းမိတ်ဆွေတွေကိုလဲ အပြေးအလွား နှုတ်ဆက်အားပေးနေကြတဲ့ အွန်လိုင်း ပရဟိတ္တ လုပ်နေသူတွေမို့ ပိုလို့လေးစားမိပါတယ်။

နောက်တစ်ခု ကောမန့်တွေနဲ့ပက်သက်လို့ မြန်မာ ဘလောဂါတွေကြားမှာ ဖြစ်တတ်သလို ဖြစ်နေဆဲ ပြဿနာလေးတွေကိုလဲ တွေ့နေမြင်နေမိတော့ ကောမန့်တွေကို ချစ်တတ်သလို ကြောက်လဲ ကြောက်တတ်လာပါတယ်။

ဘယ်သူရေးတဲ့စာပဲဖြစ်ဖြစ် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ် ဆိုပေမယ့် အပြုသဘောမျိုးမဟုတ်ပဲ အဖျက်သဘောမျိုး သဘောထားကွဲလွဲနေတဲ့ အချိန်တွေမှာတော့ ကောမန့်ဆိုတာ ဘလော့ပေါ်မှာအချင်းချင်း မလိုရင်မလိုသလို တိုက်ခိုက်နေတဲ့ အွန်လိုင်း တိုက်ပွဲလဲ ဖြစ်နေပြန်ပါတယ်။

ဒီကိုမလာခင်လေးမှာ မီဒီယာမှာ လုပ်ခဲ့တုန်းက အနုပညာသမားတစ်ယောက်ရဲ့ အတ္တနဲ့ မာနကို တွေ့ခဲ့ဖူးပါတယ်။
ှိ
ဆရာမင်းခိုက်စိုးစံက အနုပညာအရ စီးပွားရေးကြော်ငြာတစ်ခုကို လက်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူအများသိနေတဲ့ ဗိုက်တာမင် အားဆေးတစ်မျိုးကို သူက Photo Essay လေးရိုက်ဖို့ သဘောတူခဲ့ပါတယ်။

စာသားကိုတော့ သူကိုယ်တိုင်ရေးပါတယ်။ သူ့ရဲ့တနေ့တာ လုပ်ငန်းစဉ်လေးကို ရေးပြထားပြီး နောက်ဆုံးမှာတော့ အဲဒီဗိုက်တာမင်အားဆေးကို သူနေ့စဉ် သောက်သုံးပါတယ် လို့ရေးပေးထားပြီး စာဖတ်သူကိုတော့ လိုအပ်မယ်ထင်ရင် သောက်ပါလို့ ပြောထားပါတယ်။
သူသောက်နေတဲ့ အားဆေး ဖြစ်တဲ့အတွက် စာဖတ်သူကိုလဲ သောက်ပါလို့ မတိုက်တွန်းထားပါဘူး။

အဲဒီစာမူကို စီးပွားရေးလုပ်ငန်းရှင်ဘက်က မကြိုက်ပါဘူး စာဖတ်သူကိုလဲ အဲဒီအားဆေးကို သောက်ပါလို့ ပြန်ပြင်ပေးဖို့ ပြောလာပါတယ်။

ဒါပေမယ့် ဆရာမင်းခိုက်စိုးစံက အပြတ်ငြင်းခဲ့ပါတယ်...
သူဒီအားဆေးကို သောက်ချင်လို့ သောက်နေတာ ဖြစ်ပေမယ့် စာဖတ်သူကို တွန်းအားတွေ မပေးပဲ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးချင်တဲ့အတွက်ရော သူ့ရဲ့ အနုပညာမာန အတွက်ပါ အဲဒီ အက်ဆေးကို မပြင်ပေးခဲ့ပါဘူး.....

ကျွန်မ အဖြစ်ကလဲ ဆရာ မင်းခိုက်စိုးစံနဲ့ နည်းနည်းတူပါတယ်... ဆရာပြောခဲ့သလို ပြောရမယ်ဆိုရင်တော့

ကောမန့်တွေကို ချစ်ပါတယ်... ကောမန့်တွေရရင် ပျော်ပါတယ်... သူတပါးအတွက် ကောမန့်တွေပေးရတိုင်းလဲ ပျော်ခဲ့ပါတယ်.......

ဒါပေမယ့် ကျွန်မအတွက် အင်မတန်လိုအပ်တဲ့ အားဆေးလိုဖြစ်နေပေမယ့် ကောမန့်တွေကို ပေးပါလို့တော့ အတင်းအကျပ် မတိုက်တွန်းလိုပါဘူး မတိုက်တွန်း ရက်ပါဘူး...... ရေးချင်တဲ့ ဆန္ဒရှိမှ ရေးပေးပါ....လို့ ပြောပါရစေ....

စာဖတ်သူတွေကို လေးစားတဲ့အတွက် ကျွန်မရဲ့စာတွေကို ဖတ်ဖို့ ပေးထားခဲ့တဲ့ အချိန်တွေအတွက် အမြဲတမ်း ကျေးဇူးတင်နေသလို ကောမန့်တွေမရပေမယ့်လဲ စာဖတ်သူတွေအတွက် အကျိုးရှိစေမယ့် ထိုက်တန်တဲ့ စာတွေကိုလဲ အမြဲရေးပေးနေမှာတော့ သေချာပါတယ်....

ကောမန့်မရေးပဲ စီဘောက်စ်မှာ မအော်ပဲ တိတ်တိတ်လေး စာလာဖတ်နေကြတဲ့ ဘလော့ဂါမဟုတ်တဲ့ စာဖတ်သူ မိတ်ဆွေတွေ အများကြီးရှိနေတာကို သိခွင့်ရတော့လဲ အရမ်းကို ပျော်မိပါတယ်... ဘယ်သူဘယ်ဝါလို့ မသိပေမယ့် အားလုံးကို လေးစားစွာ ကျေးဇူးတင်မိပါတယ်...

ကျွန်မဘက်ကတော့ ဒီဘလော့လေးကနေတဆင့် စာလာဖတ်သူတွေကို ပေးဆပ်နေရုံသက်သက်နဲ့ ကျေနပ်နေမှာသေချာပါတယ်....

ကိုရေတမာရေ ကျေနပ်မယ်လို့ထင်ပါတယ်နော်...

22 comments:

သူကြီးမင်း (တုံးဖလား) said...

နံပါတ် (၁)
ဂုဏ်ယူစွာ နံပါတ် ၁ နေရာယူပြီး လေးလေးနက်နက် ရင်ထဲက ကွန်မင့်လေး ပေးလိုက်ပါတယ်။
ဒီပို့စ်လေးကို တကယ်ကြိုက်တယ်။

သူကြီးမင်း (တုံးဖလား) said...

မြန်မာဘလော့ဂါအများစုအတွက်တော့ ဘလော့ဂ်ဆိုတာ သတင်းအချက်အလက် ဖန်တီးပေးတာထက် ခံစားမှုနှင့်ခင်မင်မှု၊ မိတ်ဖွဲ့မှုတို့ကို အခြေခံပြီး အပျော်တမ်းအဆင့်မှာဘဲ ရှိပါသေးတယ်။ ကျနော်ကိုယ်တိုင်လဲ အဲဒီ အပျော်တမ်းအဆင့်ထဲမှာ ပါပါတယ်။

မြန်မာဘလော့ဂ်ကောင်းတွေ အချို့ရှိပါတယ်။ ဒါပေမဲ့ သူတို့အိမ်မှာ ဧည့်မစည်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူများအိမ်ကို သွားမလည်ကြလို့ပါ။

မြန်မာအများစုမှာ ဂျင်းစိမ်းနှင့်မိဿလင်၊သူကြင်မှ ကိုယ်ကြင်မယ် ဆိုတဲ့စိတ်ဓါတ်က ရှိကြတယ်မဟုတ်လား။ ဒါလဲ အပြစ်မပြောသာပါဘူး။

အကိုလဲ ညီမလိုပါဘဲ။ ဘလောဂ်တွေ အတော်များများကို လိုက်ဖတ်ဖြစ်တယ်။ ဒါပေမဲ့ ဘယ်လို ကွန်မင့်ပေးရမှန်းမသိလို့ ဘာမှ မပေးထားခဲ့တာ များတယ်။ ကွန်မင့်အပေးမတတ်ရင်လဲ အဆဲခံရမှာက ကြောက်ရသေးတယ်လေ။

ပြီးတော့ ကွန်မင့်ရေးဖို့ စဉ်းစားနေရတာနဲ့ စာဖတ်ချိန်တွေ လျော့သွားမှာလဲ စိုးရိမ်ရသေးတယ်မဟုတ်လား။

ဒါပေမဲ့ ဘာရေးရေးစိတ်မဆိုးလောက်ဘူးလို့ ယုံကြည်ရတဲ့ ဘလော့ဂ်လေးတွေကို လည်ပတ်ရင်းတော့ ကွန်မင့်ပေးတတ်တဲ့အကျင့် ရနေပါပြီ။

ဒီပို့စ်လေးအတွက် တကယ်ကျေးဇူးပါ။

ပျော်ရွှင်ပါစေ။

Unknown said...

ညီမလေးရေ...ကိုလာလည်သွားတယ်.. ပို့ စ်လေး အရမ်းကောင်းပါတယ်.. အားပေးနေမယ်..

MZL

desertraindrops said...

မနှင်းရေ ကောမန့်လေးတွေက ရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြဲအားပေးနေတယ်နော်။

စူး said...

ဒီပို့စ်ကတော့..
အင်း ဘယ်လိုပြောရမလဲ...။

ဘာသိဘာသာ နေချင်တဲ့ ..စကားတန်ဆာဆင် အပိုတွေ မပြောချင်တဲ့ ရင်ထဲကမလာပဲ ဟန်ဆောင်စကားလုံးတွေနဲ့ မနုတ်ဆက်တတ်တဲ့
ဘယ်တော့မှလဲ အဲလို လုပ်ဖြစ်မှာ မဟုတ်တဲ့ ကိုယ့်လို လူအတွက်တော့ ဒီလို လောက လူမူရေးတွေမှာ အသိုင်းအဝိုင်းမရှိဘူးရယ်လို့ ပြောလာခဲ့ရင်လဲ ကျေနပ်စွာ လက်ခ်ံပါတယ်။

ဘာပဲဖြစ်ဖြစ် အေးအေးဆေးဆေး ရိုးရိုးသားသား နေချင်တဲ့ စိတ်ဓာတ် ဘလော့တော်တော်များများကို စာဖတ်ပီး တိတ်တိတ်လေး ပြန်သွားရတာကို ဘလော့ဂါရေးတဲ့ လူတိုင်းကို နုတ်ဆက်နေရတာထက် ပို ကြိုက်ပါတယ်။ ခင်မိပီဆိုရင် စကားတွေ ဖောင်ဖွဲ့အောင် ပြောချင်ပေမဲ့ မခင်ဘူးဆိုရင် အပြုံးတောင် ရှားပါး ပစ္စည်း ဖြစ်တဲ့ ကိုယ့်အတွက် ဖော်ရွေစွာ (စိတ်ထဲမပါပဲ) ဟန်ဆောင်နုတ်ဆက်ရမှာကို ၀န်လေးပါတယ်။

ကော်မန့်ဆိုတာကလဲ ရင်ထဲကိုမှန်ပီး တိုက်ရိုက်ထိမှသာ ပေးဖြစ်တာများပါတယ်။

တခါတလေ ကိုယ်မသိတဲ့ ဘလော့တွေကိုဖတ်ပီး ကော်မန့်ပေးဖြစ်တာတွေ တောင် ရှိခဲ့ဖူးပါတယ်
ရှိလဲ ရှိနေဆဲပါ။

လေ့လာကြည့်သလောက်
အရမ်းစာရေးကောင်းတဲ့ ဘလော့ဂါတွေ အချို့ဟာ သူတို့မှာ ရှိတဲ့ အချိန်အခက်အခဲကြောင့် ဖြစ်နိုင်သလို အေးချမ်းစွာ နေလိုတဲ့အတွက်
ကြောင့် သော် လည်းကောင်း စာရေးပီး ဖြန့်ဝေယုံ သက်သက်ပဲ ကြောင့်သော်လည်းကောင်း လိုက်မလည်ကျပါဘူး။
ဘာပဲဖြစ်ဖြစ်လေ ဒီလို စာရေးကောင်းတဲ့ ဘလော့ဂါတွေ လိုက်မလည်တတ်ပေမဲ့ သူတို့ရဲ့ စာကောင်းပေမွန်တွေ ကြောင့် ဂျာနယ်တွေမှာ ဖော်ပြခံရတဲ့ ဘလော့ဂါတွေ အများအပြားရှိပါတယ်။
ဥပမာ. နိုင်းနိုင်းစနေ ဆို ဘလော့တော်တော်များများကို လိုက်မလည်ပါဘူး
ဒါပေမဲ့ သူ အောင်မြင်နေပါတယ်။

ဒါက ဥပမာ တခုပါ။

ကိုယ်ဘလော့ရေးတဲ့ ရည်ရွယ်ချက်ပေါ်မူတည်မှန်ထင်ပါတယ်။

မိတ်ဆွေလိုချင်လို့ ရေးတာ ဆိုရင်တော့ တအိမ်တက်ဆင်း လျှောက်လည်ပေါ့။
စာရေးချင်လို့ ရေးတာ ကိုယ်သိထားတာတွေ ဖြန့်ဝေချင်လို့ ရေးတာ ဆိုရင်တော့ ပေးဆပ်ယုံသက်သက်ပဲ ကောင်းပါတယ် လို့ အကြံပေးပါရစေ။

ကော်မန့်အရှည်ဆုံးဖြစ်မယ်ထင်တယ်။

ရေတမာ said...

ကျေနပ်ပါတယ်ဗျာ.. ကျနော်တက်ဂ်တယ်ဆိုတာက နှိပ်စက်ချင်လို့မဟုတ်ပါဘူး။ အမြင်လေးတွေ မေးကြည့်တာပါ။ ရင်ခုန်စရာ၊ပျော်စရာကောင်းသလို အားနာစရာလည်းကောင်းပါတယ်။ ခုဘလော့ဂိုစပီးယားထဲမှာ ကွန့်မန့်ပေးတဲ့ ယဉ်ကျေးမှုလေး ထွန်းကားနေတော့ တကယ်လေးလေးနက်နက်ရေးထားတဲ့ စာတွေမှာ စည်းကမ်းတကျ(သို့)လေးလေးနက်နက်လေး ပြန်ပြောသွားစေချင်တဲ့ စေတနာပါ။ ပြီးတော့ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စကားလေး ပြောသင့်တယ်မဟုတ်လား.... ကိုယ်တိုင်သေသေချာချာလေးကွန့်မန့်ပေးရင် သူများတွေလည်းပေးလိမ့်မယ်လို့ မျှော်လင့်လို့ပါ။

Sein Lyan Tun said...

ကောင်းလိုက်တဲ့ပိုစ်ဗျာ


ကောင်းလိုက်တာ


မနှင်းရေးတာတွေက တစ်ခုခုကိုရစေတာတော့ အမှန်ပဲလေ...

မြတ်နိုးပေးတဲ့ကော့မန့်လဲ ဖတ်လို့ကောင်းပါတယ်


ကျနော်ကတော့ ဘယ်လိုပြောမလဲ... ပြောချင်သလိုသာပြောပေါ့လေ...

ကျနော်မရေးဖြစ်လဲ ပျော်နေမှာပဲ

ကျနော်ရေးဖြစ်လဲပျော်နေမှာပဲ

ကိုယ့်ချစ်တဲ့သူတွေ ရေးနေတာကို ဖတ်ရရင်လဲပျော်နေမှာပဲလေ....

ကျနော့်အတွက်တော့ ရင်ထဲက ခံစားချက်တွေကို ချပြလိုက်တာပဲ... ဒါကြောင့်လဲမိသားစုနဲ့သက်ဆိုင်တဲ့အကြောင်းရေးဖြစ်တာများတာပေါ့

ကိုယ့်အကြောင်းရေးတော့လွတ်လပ်တယ် အိမ်ကိုလွမ်းတယ်... သတိရတယ်... စသဖြင့်ပေါ့လေ


မနှင်းရေးးး


မနှင်းရဲ့ပိုစ့်တွေကိုတော့ တစ်ခုခုကျန်ခဲ့တဲ့အတွက် ကျနော်သဘောကျပါတယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

သုခုမလေဒီ said...

ရေးထားတာတွေ အရမ်းမှန်ပြီးအရမ်းကိုထိရောက်တယ်။
တစ်ခါတစ်လေ ကိုယ်လည်း စာကိုသာဖတ်ပြီး ကွန်မန့် မပေးတတ်တာမျိုးရှိသလို၊ ကိုကိုမောင်ပြောသလို ကွန်မန့် အပေးမှားတာမျိုးဖြစ်မှာလည်းစိုးမိသေးတယ်။ ကိုက ခင်လို့ နောက်ပြောင်ခဲ့ပေမယ့် ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိဘူးလေ။ ဘလော့လောကထဲမှာသာ ခင်မင်ကြတာဆိုတော့ ကိုယ်ဖက်ကအမှားမဖြစ်ချင်ဘူး။
ကိုယ်သိသလောက် ဘလော့ဂါတွေဆီတော့အမြဲ စာတွေ
သွားဖတ်တတ်ပါတယ်။
အားလုံးအဆင်ပြေပါစေ။

သီဟသစ် said...

နှင်းရေ

အစ်ကိုလဲသတိထားမိတယ်။ တစ်ချို့တကယ် စာရေးကောင်းတဲ့သူတွေ ဆီမှာ ကောမန့်တွေ မရှိဘူး။ ဒါပေမယ့် တကယ်လာဖတ်တဲ့သူတွေတော့ ရှိမှာပါ။

အစ်ကိုကိုယ်တိုင်လဲ သွားဖတ်ဖြစ်တယ်။ ဒါပေမယ့် ကောမန့်မရေးဖြစ်ဘူး

ဘာပဲပြောပြောကောမန့်ဆိုတာ အမြင်ချင်းဖလှယ်ဖို့ ခွန်အားတွေရှိစေဖို့တော့ အသုံးဝင်ပါတယ်

ခင်မင်စွာဖြင့်
သီဟသစ်

ATN said...

ရေးသင့်တဲ့ အကြောင်းအရာတခုပါ...

ပြောစရာရှိတာက လက်ချောင်းတွေ အတိုအရှည် မညီသလို
လူတွေမှာလည်း ကိုယ်စီ ခံယူချက်လေးတွေ မတူကြတော့ အမျိုးမျိုး ဖြစ်နိုင်ပါတယ်...

ဘာပဲဖြစ်ဖြစ် ဘယ်သူမှ မငြင်းနိုင်တာကတော့ ကွန်မန့်ဆိုတာ အားဆေးတမျိုးပါပဲ...
အကိုကတော့ စာမူခ လို့ ယူဆတယ်...း)

သို့သော်လည်း ကွန်မန့်တွေကြောင့်ပဲ ပြသနာတွေ ကြုံခဲ့ဖူးတော့ တကယ်လိုအပ်မှပဲ ပေးတာ အကောင်းဆုံးဖြစ်မယ်လို့ ယူဆမိတယ်...

လူတိုင်းအတွက် အကျိုးရှိတဲ့ သည်ပို့စ်အတွက် ကျေးဇူးတင်ပါတယ်...

kiki said...

နှင်းရဲ့  အယူ အဆ တွေ နှစ်သက်တယ် ။
အရေး အသား တွေ ကြိုက်တယ် ။
ဟုတ်ပါတယ် ။ခု မြန်မာ ဘလောဂ် အသိုင်း အဝန်း မှာက မားကက်တင်း ဆန်ဆန် ဖြစ်နေကြတာ တွေလည်း ရှိနေကြတာ လေ ။ ကော်မန့်လေးတွေ ကလည်း စာရေးသူအတွက် လိုအပ်တဲ့ အားဆေး လေးတွေ ပါပဲ ။

လင်းကြယ်ဖြူ said...

ဒီဘလော့ခ်လေးကနေတဆင့်စာလာဖတ်သူတ္ဂေကို ပေးဆပ်နေတဲ့ မနှင်းရေ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတတ်စမြဲပါ...
အဲ့ဒီ့..Comment လေးတ္ဂေက ပေးဆပ်ခြင်းရဲ့ အနက်..ရင်ခုန်သံ အစိတ်အပိုင်း အတ္ဂက် ..တန်ပြန်သက်ရောက်မှုလေးတ္ဂေပါ..
ဆက်လက်ပျော်ရွှင်ပါစေ...

သားကြီး said...

စာရေးကောင်းတဲ့ဘလော့ကာစာရင်းထဲမှာ မနှင်းကိုထည့်ထားတာကြာပါပြီ
ပြောမယ့်သာပြောရတာ အချစ်အကြောင်းထက်
ဘဝရသအကြောင်းကိုကျနော်ပိုပြီးဦးစားပေးဖတ်
တတ်ပါတယ်
ဥပမာ မနှင်းရေးခဲ့တဲ့“မွေးနေ့”ဆိုတဲ့ပိုစ်မျိုးပေါ့
အစအဆုံးတရှိုက်မက်မက်ဖတ်မိတယ်
နောက်ပြီးခုနောက်ပိုင်းမနှင်းဘလော့ကဘယ်လို
ဖြစ်လဲမသိဘူး အသစ်တင်လည်း ကျနော့်bloglistမှာ အသစ်မပေါ်ဘူး ရက်ခြားပြီးမှပေါ်ပါတယ် အဲဒါကြောင့်အမြဲနောက်ကျပြီးမှရောက်ရပါတယ်
ဘာပဲပြောပြော ဘလော့ကာတွေအတွက်ကွန်မန့်ဆိုတာတော့ အားဆေးတစ်မျိုးပါ ဘယ်လိုပဲရေးခဲ့ရေးခဲ့
ဘလော့ပိုင်ရှင်မှာပျော်ရပါတယ်(နှက်တာကိုမဆိုလိုဘူးပေါ့)
အဲဒီထဲကမှရင်ထဲကလာတဲ့ကွန်မန့်ကိုဘလော့ပိုင်ရှင်တွေများသောအားဖြင့်ခွဲခြား
တတ်ပါတယ်
ရသကောင်းကောင်းလေးတွေရှေ့ဆက်ဖတ်ခွင့်ရလိမ့်မယ်လို့မျှော်လင့်လျှက် ...

Anonymous said...

ကိုယ်ကိုယ်တိုင်က ကော်မန့်ရေးခဲတော့ မနှင်း (သူများတွေခေါ်သလိုပဲ ခေါ်လိုက်မယ်နော်) ပြောတာကို နားလည်ပါတယ်။ တခါတလေ ဘလော့ရေးတာ ကိုယ့်ရင်ထဲကနေ အပြင်ကိုခုန်ထွက်ချင်နေတဲ့ ခံစားမှုတွေ၊ ခေါင်းထဲမှာကျပ်နေတဲ့ အတွေးတွေကို လွှတ်ပေးတဲ့ exercise တခုလို့ သဘောထားရင် ရေးလိုက်ရရင်ကိုပဲ ကျေနပ်သွားပြီ။ လူတွေလာဖတ်ရင် ကော်မန့်တွေရရင်တော့ အမြတ်ပေါ့နော့။ အဲဒီအထဲကမှ နက်နက်နဲနဲဝင်ဆွေးနွေးကြရင်တော့ ထီပေါက်တာပေါ့။ အရှုံးမရှိဘူးလို့ ထင်တာပဲ။ မနှင်းရော အဲလိုထင်လား။

Nyi Nyi said...

ဲငါကတော့ဒီလိုထင်တယ်ဟ
ကိုယ်ကြိုက်တာကိုယ်လုပ်တာပဲသိပ်ကိစ္စမရှိပါဘူး။
နောက်ပြီးအနုပညာလို့ ပြောကြစတမ်းဆိုရင်ငါကတော့
Arts for Arts-sake လို့ပဲသဘောထားပါတယ်။

တော်တော်ပြောင်းလဲလာတယ်ဟေ့။ ဆက်လုပ်...

pandora said...

နှင်းရေ..
မျှမျှတတ ရေးထားတဲ့ ပို့စ်လေး တစ်ခုပါ။
အချက်တော်တော်များများမှာလည်း သဘောချင်း တိုက်ဆိုင်နေတယ်။
ကိုယ်လည်း စိတ်ထဲရှိတဲ့အတိုင်း နေချင်တတ်သူဆိုတော့ လူမှုရေးတွေ အားနည်းတတ်ပါတယ်။ ရှားပါးတဲ့အချိန်တွေမှာလည်း ရေးတဲ့ဘက်ကို ပိုအားထည့်မိပြန်ရော။
ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ဂ်အသိုင်းအ၀ိုင်းလေးမှာတော့ ကိုယ်ရှာတာကိုယ်ရကြမှာပါပဲ။ အားလုံးကျေနပ်ပျော်ရွှင်ကြဖို့ ဆုတောင်းလိုက်ပါတယ်။

ခင်မင်စွာဖြင့်

ပန်

Angel Shaper said...

မနှင်းရေ... မနှင်းရဲ့ အတွေးနဲ့ အမြင်လေးတွေအတွက် လေးစားခင်မင်မိပါတယ်။
ခုမှတစ်ခေါက်စရောက်တာပါ။
ရင်ထဲကလာမှ ပေးတဲ့ ကွန်မန့် တွေချစ်သလို၊ ကိုယ်လဲရင်ထဲရောက်အောင်ဖတ်မိမှ မန့် ခဲ့ပါတယ်။
မပြောသလိုပဲ လိပ်ပြာမလုံတဲ့ ခံစားချက်ကြီးကိုမုန်းလို့ ပေါ့။ အရမ်းကောင်းတယ်မရေ.. နောက်ထပ် အသစ်လေးတွေ လာလာဖတ်မယ်နော်။

စူး said...

ပျော်ရွှင်ပါစေ...
ဒီရက်မြတ်မှာလေ..
မင်္ဂလာအပေါင်းနဲ့ ခညောင်း ပြည့်စုံစေ...

ပျော်ရွှင်ပါစေ..
ဒီရက်မြတ်မှာလေ..
အေးချမ်းပါစေ...။

ပျော်ရွှင်ပါစေ..
ဒီရက်မြတ်မှာလေ..
ဘေးဘယာတွေ ဝေးကွာပါစေ.။

ပျော်ရွှင်ပါစေ..
ဒီရက်မြတ်မှာလေ..
ပန်းကဲ့သို့မွှေး ရေကဲ့သို့ အေးချမ်းပါစေ..

ခင်တဲ့

မြတ်နိုး

မြစ်ကျိုးအင်း said...

ကျွန်တော်က စာရေးမကောင်းသလို လူမှုရေးပိုင်းမှာလည်း အားနည်းပါတယ် အဓိကကတော့
အားလပ်ချိန် နည်းပါးလို့ပါပဲ..ဒါပေမယ့် ရသလောက်အချိန်မှာ ဖတ်ဖြစ်တဲ့ ဘလော့တိုင်း ကိုတော့ စာရေးကောင်းကောင်းမကောင်းကောင်း ကွန်မန့်ပေးဖြစ်ပါတယ်...။သူတို့ရဲ့ ရင်နဲ့ရင်းထားရတဲ့
စာစုလေးတွေအတွက် အားပေးတဲ့သဘောပါပဲ...
ဒီစာစုလေးကို နှစ်သက်ပါတယ်...။

(လင့်ယူသွားမယ်ဆိုတာပါ ခွင့်တောင်းပါတယ်နော်)

ဇော် said...

အားပါး
လန်းတယ်ဗျာ။
ဒီပိုစ့်လဲ ရင်ထဲကို တန်းခနဲပဲဗျ။
ကျနော်တို့ ဒိုင်းဘူအုပ်စုမှာတော့ မနှင်းက တော့ပ်ပဲဗျိုးးး။ =)

မမသီရိ said...

နှင်းရေ..
စေတနာက အဓိကပါ
မမ အမြင်မှာတော့ ဘယ်သူ တဦးတယောက်မှ
ကိုယ့်စာတွေ သူနှစ်သက်ပါစေတော့ရယ်လို့ ရေးကြမယ် မထင်မိပါဘူး
စာရေးနေတဲ့ သူတွေ ဟာ စေတနာ ကိုယ်စီနဲ့ ကိုယ့်ခံစားချက်. .ကိုယ့်အတွေ့ အကြုံ တွေကို
ဝါသနာ အရင်းခံ လို့ စာရေးခြင်း အတတ်ပညာ ကဗျာဖွဲ့သီ ခြင်း အတတ်ပညာတွေ နဲ့ ပေါင်းစပ်ပြီး မျှဝေနေကြသူတွေ ချည်းဖြစ်မှာပါ..

ဒီအထဲမှာ ဘလော့ဂင်း ခြင်း ကတော့ ထူးခြားတဲ့ ကဏ္ဍ တခုအနေနဲ့ ရှိနေတယ် လို့ မမ မြင်မိပါတယ်

တချို့က ဘလော့ဂင်း လုပ်တာ မိတ်ဆွေ တိုးပွားချင်လို့
တချို့ ကလဲ ကိုယ့်ခံစားချက်လေးတွေ မှတ်တမ်းတင်ချင်လို့ တချို့ကလဲ ကိုယ်ပိုင် စီးပွားရေး အကြောင်းတွေ မသိမသာ ဒါမှ မဟုတ်လဲ သိသိသာသာ ကြော်ငြာချင်လို့.. တချို့ ကလဲ ပညာရပ်ဆိုင်ရာတွေ အသိပညာပေးချင်လို့၊ တချို့ကတော့ လူမှုရေးလုပ်ငန်းတွေ အကြောင်းဖြန့်ဝေ ချင်လို့ ဆိုပြီး. အမျိုးမျိုး ရှိမှာပါ

ဘယ်လိုအကြောင်းကြောင့်ပဲ ဘလော့လုပ်ဖြစ်ပါစေ
မိတ်ဆွေ ကတော့ အနည်းအများ တိုးပွားပြီး ခံစားချက်ချင်းတူညီသူတွေ စုဝေးမိတတ်ကြ၊ မျှဝေမိတတ်ကြတာတော့ သဘာဝ ဖြစ်မယ် ထင်ပါရဲ့

ကွန်မန့် ဆိုတာမျိုးကတော့ လူတဦးတယောက်ချင်းစီရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ ဆက်စပ်နေမယ်ထင်မိတယ် .. စာတွေ ဘလော့တွေ လိုက်ဖတ်ပေမဲ့ တချို့ စာတွေ အတွက် မန့်ချင်မှ မန့် ဖြစ်သလိုပဲ.. တချို့ ကျတော့လဲ သိသိ မသိသိ ကိုယ့်အမြင်လေးတွေ ရေးခဲ့ဖြစ်တာ ရှိတယ်

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပုဂ္ဂိုလ်ခင် လို့ တရားမင်ကြရတဲ့ အဖြစ်အပျက်တွေလဲ အများကြီး ရှိမှာပါ

နှင်းပြောတဲ့ ဘလော့မားကက်တင်းကိုတော့ မမ လုံးဝဆန့်ကျင်တယ် နှင်းရေ
ကိုယ်ရေးထားတဲ့စာတွေ သူတပါးဖတ်မိစေချင်တာ မှန်ပေမဲ့.. အနုပညာ ကို အဲသလို မာ့ကက်တင်းလုပ်စရာမလိုဘူး ထင်မိပါတယ်

ကိုယ်ရေးတဲ့ စာတပိုဒ်၊ ကဗျာ တပုဒ် က သူတပါး နှလုံးသားကို သွားရောက် ထိခတ်စေမယ် ဆိုရင်
အဲဒီစာတွေထဲမှာ ဖြူစင်တဲ့ စေတနာတွေနဲ့ ပြည့်ဝနေမယ် ဆိုရင် ဘာမားကက်တင်းမှ လုပ်စရာလိုမယ် မထင် ဘူးလေနော်..

ကဲ.. မမ လဲ မရောက်တာ ကြာပြီ
မန့်မယ် မန့်တော့လဲ ဖတ်တဲ့လူတွေ ဇက်ကြောတက်ရတော့မယ် နှင်းရေ့...း)

ချစ်ခင်စွာဖြင့်
မမသီရိ

Anonymous said...

ဒီပိုစ့်လေးကို သဘောကျနှစ်သက်ပါတယ်...။
အယူအဆလေးတွေကို သိပ်သဘောကျပါတယ်...။
နစ်နစ်ကာကာ ကော့မန်ပေးသွားတာပါ....။

My Blog List