သူမရဲ့ တတိယနေရာသို့ တစ်ခေါက်

ဒူဘိုင်းကိုရောက်ပြီး နှစ်နှစ်ကျော်ကြာမှ ပထမဆုံးအကြိမ် အဖြစ် ကိုယ့်ရဲ့ တတိယနေရာလေးကို ခဏတာ ခွဲခွာဖြစ်ပါတယ်...
ကိုယ်နားရက် ၂ရက်ရတဲ့ အချိန် သူမကလဲ ဒူဘိုင်းကို လာလည်ချိန်နဲ့တိုက်ဆိုင်နေတာမို့ သူမရဲ့ တတိယနေရာလေးကို ပထမဆုံးအကြိမ် လိုက်လည်ဖြစ်ခဲ့ပါတယ်....

ကိုယ်ရဲ့ တတိယနေရာလေးက ယူအေအီးရဲ့ စီးပွားရေးမြို့တော် ဒူဘိုင်းမြို့....
သူမရဲ့ တတိယနေရာလေးကတော့ ယူအေအီးနိုင်ငံရဲ့ ဘုရင်နန်းစိုက်ရာမြို့တော် အဘူဒါဘီမြို့.....

တကယ်ဆို ဒီမြို့နှစ်မြို့အကွာအဝေးက ကားစီးသွားရင် ၂နာရီခွဲလောက်ပဲကြာပေမယ့် အကြောင်းကိစ္စမရှိပဲ ဘယ်သူကမှ တကူးတက သွားမလည်ဖြစ်ခဲ့ပါ။

ခရီးအကွာအဝေး အတိုင်းအတာတစ်ခုထက် လူတွေလက်ခံထားတဲ့ တိုင်းပြည်တစ်ခုထဲမှာရှိနေတဲ့ မြို့ ၂မြို့ဆိုတဲ့ အသိစိတ်ကြောင့်လဲ ဖြစ်နိုင်ပါတယ်....

ဒီမြို့လေးနှစ်မြို့ကြားမှာလဲ မတူညီတဲ့အချက်တွေကလဲ အများသား....

မြို့တည်နေပုံ လူဦးရေ စီးပွားရေး ပို့ဆောင်ဆက်သွယ်ရေးကစလို့ ပတ်ဝန်းကျင် အနေအထားအဆုံး မတူညီ ကွဲပြား ခြားနားလို့....

ကိုယ်နေတဲ့ တတိယနေရာလေးက
စီးပွားရေး အချက်အချာ မြို့တော်ပီပီ အရောင်စုံ အသွေးစုံနဲ့ ဆေးရောင်စုံ ခြယ်သထားတဲ့ ဆေးဆိုးပန်းရိုက် မျက်နှာလှလှလေးတစ်ခုလို.....
အလှဂုဏ်မောက်ရှာတဲ့ မယ်ကမ္ဘာလေး တစ်ယောက်လို လှလှပပ ဝင့်ဝင့်ကြွားကြွား.....
မရှိစကား မကြားဖူးသူ စည်းစိမ်ရှင်တစ်ယောက်ရဲ့ အဆောင်အယောင်တွေအပြည့်.....

သူမနေထိုင်တဲ့ တတိယနေရာလေးကတော့ ဘုရင်နန်းစိုက်တဲ့ မြို့ဆိုတာ ကျိမ်ပြောရမတတ် ဘုရားစူး ကျမ်းစူးလို့ပြောလို့ရအောင် ဟန်ဆောင်မှုကင်းပြီး အိနြေ္ဒသိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းရှိတဲ့မြို့....

မြို့ပြရဲ့ အဆောင်အယောင်တွေနဲ့ အဝေးမှာ အထီးကျန်ဆန်စွာ သို့သော် လှပအေးချမ်းစွာ....
ပကတိရိုးစင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ကျေးတောသူလေးတစ်ယောက်လို မခို့တရို့ ကျက်သရေရှိစွာ လှပတဲ့မြို့....

ကိုယ်ရဲ့တတိယနေရာလေးဖြစ်တဲ့...
ဒုတိယမြို့တော်မှာလို Traffic ပြဿနာတွေမရှိ (ဒူဘိုင်းက Traffic ပြဿနာက ကမ္ဘာနဲ့ချီပြီး တင်စားလို့ရလောက်အောင် ဆိုးရွားလွန်းပါတယ်)
ဒုတိယမြို့တော်မှာလို အမှိုက်ပုံတွေမရှိ
ဒုတိယမြို့တော်မှာလို နေရာတိုင်းမှာ လူရမ်းကားတွေမရှိ
ဒုတိယမြို့တော်မှာလို လူဦးရေသိပ်သည်းမှုတွေမရှိ....
ဒုတိယမြို့တော်လို ချွေးတွေ ချေးတွေ အထပ်ထပ်နဲ့ အရုပ်မဆိုး အကျည်းမတန်....
ဒုတိယမြို့တော်လို ညမင်းသမီးတွေ မရှိ... ( ကိုယ့်ရဲ့ တတိယနေရာလေးမှာတော့ အရုပ်ဆိုးအကျည်းတန်လှစွာ အာရပ်ကမ္ဘာရဲ့ ယဉ်ကျေးမှုနဲ့ မအပ်စပ်စွာ လူမျိုးပေါင်းစုံသော ညမင်းသမီးတွေ ရှိနေခဲ့ပါသည်။ သို့သော် ဥပုဒ်လ မဝင်မီ ရက်ပိုင်းအလိုမှာ အထူးစီမံချက်တစ်ရပ်အနေနဲ့ ကားနဲ့တစ်စီးစာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာမို့ ဒီလမှာတော့ ကိုယ့်ရဲ့ အိမ်အောက်မှာ မျက်စေ့နောက်စရာ ရှုခင်းတွေကို မတွေ့ရတော့ပါ။)


သူမရဲ့ဒုတိယနေရာလေးက
မန္တလေးမြို့လည်တစ်နေရာလို သန့်သန့်ရှင်းရှင်း သေသေသပ်သပ်....
မြို့လည်လမ်းမကြီးကလဲ ရန်ကုန်မြို့က အနော်ရထာလမ်းမကြီးလို မြို့ပြဆန်တဲ့ သာမန်ဟန်ပန်နဲ့ လူတွေကားတွေက မရှုပ်မရှင်း...
ရှုမငြီးတဲ့ အလှပိုင်ရှင် ရွှေမင်းသမီးလေးတစ်ယောက်လို ဝင့်ဝင့်ကြွားကြွား ထည်ထည်ဝါဝါ....
မြို့သူမြို့သားတွေကလဲ ကိုယ်တို့မြို့ကလူတွေလို ပျာလောင်ခတ်မနေပဲ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်.....


ပြီးတော့ သူမနေထိုင်တဲ့ အခန်းလေးကရော..
အိမ်ရှင်မကောင်းတစ်ယောက်ရဲ့ အိမ်တစ်အိမ်လို နေရာတိုင်းဟာ သစ်လွင်တောက်ပလို့ စည်းကမ်းတကျ....
ကိုယ်နေထိုင်တဲ့ တတိယနေရာလေးနဲ့မတူပဲ ကျယ်ကျယ်ဝန်းဝန်း အေးအေးချမ်းချမ်း...
သူမရဲ့ အခန်းဖော်ညီမလေးတွေကလဲ မိသားစုဝင်တွေလို နွေးနွေးထွေးထွေး ပျူပျူငှာငှာ...
( ညီမငယ်တစ်ယောက်ကတော့ ကိုယ့်လိုပဲ သရဲကြောက်တတ်သူ အခြားညီမငယ်တစ်ယောက်ကတော့ ကြောက်တတ်သူကို ပိုလို့ကြောက်အောင် ခြောက်လှန့်တတ်သူ)

ကိုယ်ကျိတ်ပီး လေးစား အားကျမိတဲ့ သူမလေးကလဲ
မိန်းမပီသစွာ အချက်အပြုတ်ကောင်းလှသလို အခြားအခြားသော မိန်းကလေးများစွာထက် သာလွန်တဲ့ မိန်းမကောင်းအရည်အချင်းလေးတွေ ပိုင်ဆိုင်ထားသူတစ်ယောက်....

သူမရဲ့ တတိယနေရာလေးက တိုက်ဆိုင်မှုလေးတွေကလဲ တသက်တာ အမှတ်ရစရာ...

အရာရာမှာ ကံမကောင်းတတ်သူပီပီ သူမရဲ့အိမ်လေးကို ကိုယ်ရောက်တဲ့နေ့မှာတော့ သူမရဲ့အိမ်လေးမှာ ၃ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ဂက်စ်ကုန်နေတဲ့အခိုက်နဲ့ကြုံသလို ရာဇဝင်တင်လောက်တဲ့ အဲဒီတိုက်ဆိုင်မှုလေးက ကိုယ်အိမ်ပြန်ရောက်ပြီး ၂ ရက်လောက်ကြာတဲ့အထိ သူတို့အိမ်မှာ ဂတ်စ်အိုးဝယ်လို့မရခဲ့ပါတဲ့....
( ကိုယ်နေထိုင်တဲ့ ကိုယ့်ရဲ့ တတိယနေရာလေးမှာတော့ အဲလို ပြဿနာမျိုးတွေနဲ့ မကြာမကြာကြုံနေကျမို့ ကိုယ့်အတွက် မဆန်းလှပေမယ့် သူမတို့ကတော့ ဂတ်စ် ပြတ်လတ်ခြင်းက ထူးဆန်းထွေလာတစ်ခုလို ဖြစ်နေခဲ့ပါတယ်..)

ဒုတိယ ကံမကောင်းခြင်းကတော့ ကိုယ့်ကို ထမင်းကျွေးဖို့ ရွေးမိတဲ့ဆိုင်က အဲဒီနေ့မှာမှ ပြန်လည်မွမ်းမံပြင်ဆင်နေချိန်နဲ့ကြုံလို့ ယိုးဒယားဆိုင်က ယိုးဒယားစာတွေနဲ့အတူ သင်္ဘောသီးထောင်းနဲ့ ညားခဲ့ရသလို....

တတိယ ကံဆိုးခြင်းကတော့ နာမည်ကျော် ကမ်းခြေကို သွားလည်ချိန်မှာလဲ ကမ်းခြေတစ်ခုလုံးကို မြေတူးစက်တွေနဲ့ မွနေအောင် တူးဆွပြီး ပြင်ဆင်နေချိန်မို့ ရှားရှားပါးပါး ကမ်းခြေပိတ်ထားချိန်....
ခပ်လှမ်းလှမ်းမှာ ဖွင့်ထားတဲ့ Open beach ကလဲ တကယ့်ကို ကလေးကစားစရာလို ကျဉ်းကျဉ်းမြောင်းမြောင်း ဒါပေမယ့် အနားယူ အပန်းဖြေသူတွေကအပြည့် .....

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်လို့ အော်ရလောက်အောင် နောက်ဆုံးတိုက်ဆိုင်မှုလေးကလဲ ....

ကိုယ့်ကိုချစ်ခင်စွာ အလည်ဖိတ်ခဲ့သူ သူမရဲ့ အခန်းဖော်လေးကလဲ ကိုယ်နဲ့လျှောက်လည်နေရင်း မိုဘိုင်းဖုန်း ပျောက်ဆုံးသွားတဲ့အဖြစ် (ပျောက်ဆုံးသွားတဲ့ ဖုန်းကလဲ ပြန်မရ ရေထဲကျသလို "ပလုံ" ဆိုတဲ့ အသံလေးတောင်မကြားရ.... အင်း i-phone ဆိုတော့လဲ ပြန်မရတာ သိပ်မဆန်းပါ....)

ကိုယ်နေခဲ့တဲ့ ၂ရက်အတွင်းမှာ သူမရဲ့တတိယနေရာလေးမှာ အမှားအယွင်းတွေနဲ့ ဗရုတ်ဗရက်နိုင်လှပေမယ့်
စီမံခန့်ခွဲတတ်တဲ့ မိန်းမပီသလွန်းတဲ့ တိုင်းရင်းသူ သူမလေးရဲ့ လက်ရာ လက်သုပ်စုံတွေကတော့ မမေ့ရက်စရာ ကောင်းလွန်းနေပြန်ပါတယ်...

ဥပုဒ်လမို့ စားသောက်ဆိုင်တွေ ပိတ်ထားတဲ့ နေ့လည်ပိုင်းအချိန်မှာ ချစ်လှစွာသော ဘလော့ဂါမလေးတစ်ယောက် ရှာရှာဖွေဖွေ ဝယ်လာတဲ့ ကော်ပြန့်ကြော်လေးတွေကလဲ စေတနာရှင်မလေးတစ်ယောက်ရဲ့ စေတနာကို အမှတ်ရစေပြန်ပါတယ်...

ပွင့်လင်းဖော်ရွေတဲ့ ချစ်စရာ အမရာကို ဘလော့ပေါ်မှာ ရင်းနှီးနေပေမယ့် အခုလို တွေ့ခွင့် ခင်ခွင့်ရတဲ့အချိန်မှာလဲ အတိုင်းမသိ ဝမ်းသာရသလို စကားနည်းပေမယ့် သဘောကောင်းလှတဲ့ အိုင်လွယ်ပန်ကလဲ တွေ့တွေ့ချင်း ဒူဘိုင်းရွှေရောင်စဉ်အတွက် စာမူတောင်းတာကို စိတ်မဆိုးပဲ ညချင်းတွင်းပဲ မေးလ်နဲ့ ပို့ပေးခဲ့ပါတယ်...

မရည်ရွယ်ပဲ သွားတဲ့ ခရီးလေးမှာ မထင်မှတ်ပဲ ခင်မင်ခွင့်ရခဲ့တဲ့ ဘလော့ဂါမလေး အမရာ နဲ့ ဘလော့ဂါလေး အိုင်လွယ်ပန် (အိမ်ရှင်ဘလော့ဂါမလေး မယ်မဒီ နဲ့ဆိုရင် စုစုပေါင်း ဘလော့ဂါသုံးယောက်) အတွက် ဘလော့ဂါမဟုတ်တဲ့ စာဖတ်သူ သူငယ်ချင်းမလေး နေခြည်( ဖုန်းပျောက်ဆုံးသူ) ကိုကျေးဇူးတင်လို့ မဆုံးပါခဲ့...

သူမတို့နေထိုင်တဲ့ အေးချမ်းတဲ့ တတိယနေရာလေးကို အမှတ်တရရှိသလို နွေးထွေးဖော်ရွေတဲ့ အမရာ မယ်မဒီ အိုင်လွယ်ပန် နေခြည်နဲ့ အခန်းဖော် ညီမလေးများကို သတိတရရှိတာမို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်....

8 comments:

kiki said...

တိုက်တိုက်ဆိုင်ဆိုင် အလွဲအမှားလေးတွေကြားထဲက
ပျော်စရာ အချိန်လေးတွေကို သူငယ်ချင်း မိတ်ဆွေတွေနဲ့ ကုန်ဆုံးခဲ့ ရတာ ... အမှတ်တရလေးတွေ ဘဲပေါ့ ..

အားကျမိတယ် .... စိတ်တူ ကိုယ်တူ သူတွေ အချင်းချင်း ပြောကြဆိုကြတဲ့ စကားဝိုင်းလေးမှာ ဘယ်လို အရာတွေများ ပြောဆိုကြမလဲ လို့ စဉ်းစား ကြည့်မိတယ် ။။ဘာတွေပဲပြောပြော ... တကဲ့ ကို ပျော်စရာ အချိန်လေးတွေုဖြစ်မှာ သေချာတယ် နော် ..

emayarKhin said...

စာအရေးအသားကောင်း
သဘောလဲကောင်း
မနော်လကြောင်းတဲ့...
ချစ်သောနှင်းနဲ့...နောက်တခါ
ထပ်ဆုံချင်ပါသေးတယ်နော်......



ချစ်ခင်စွာဖြင့်

အမရာ

emayarKhin said...

မနော်လဲကောင်းလို့
ရေးတာပါ...ဘယ့်နှယ့်ကြောင့်
ဘယ်လိုတွေဖစ်သွားလဲတိဘူး....
ဘွာတေး....

ကောင်းကင်ရဲ့ သမီးပျို said...

နှင်းတစ်ယောက် ဘန်ကောက် မီးပွိုင့် မမိဘူးသေးလို့နော် ထိုင်ငိုသွားမယ် ငါတို့ဒူဘိုင်းက ပါးပါးလေးပါဟ ဂယ်ပဲ သူများတွေမလာရဲပဲနေဦးမယ် နင်သွားတာငါတောင်မသိလိုက်ပါလား တော်သေးတယ် နှင်းတစ်ယောက် မပျောက်မရှပြန်ရောက်လို့ ဟိဟိ


သမီးပျို

သူကြီးမင်း (တုံးဖလား) said...

အတွေ့အကြုံလေးတွေ ဖတ်ရတာ ဗဟုသုတရစေတယ်။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဒီလိုဘဲ အားလုံးကို တစ်နေရာထဲနဲ့ သိနိုင်တယ်လေ။ ဖော်ပြပေးတဲ့သူ ရှိရင်ပေါ့။

အိုက်ခီလောက် said...

မနှင်းရေ မိတ်ဆက်ပေးအုန်းလေ
ငါ့အမ သူငယ်ချင်းတွေ ဆိုတော့  အနော့လည်းခင်ချင်တာပေါ့
ဒါနဲ့ ချောလားဟင် စောင့်ရှောက်မလို့ ပါ ဘာမှလုပ်ဖူး တိယား :D
အိမ်အပြန် ဘာမုန့် တွေ ပါလာလည်းဟင် မနှင်း

လင်းကြယ်ဖြူ said...

နောက်တစ်ခါကြုံရင်ခေါ်ခဲ့လေ..တွေ့ကြတာပေါ့..
ကျွန်တော်တို့ကလည်း ပြူငှာတတ်ပါတယ်ခင်ဗျ..ဟဲ..ဟဲ
အားလုံးဆုံချင်ပါသေးတယ်..
ပျော်ပါစေ

မိုးခါး said...

အမှတ်တရပေါ့နော် ..း))

My Blog List