ဝဋ်လည်တဲ့နေ့

အလုပ်နားရက်မို့ စိတ်ရှည်လက်ရှည် ထောပတ်ထမင်းချက်ရင်း ညီမလေးကို သတိရလာတာမို့
ထမင်းမစားခင် ဖုန်းဆက်ပြီး ချာတိတ်မကို နှုတ်ခွန်းဆက်တော့
"မကြီးရေ သမီးလဲ ဒီနေ့နားတယ် မကြီးလက်ရာ လာစားပြီ" လို့ ညီမတော်ကထုံးစံအတိုင်း ချောလဲရောထိုင်ပြန်ပါတယ်..

ဒီညီမတော်က အရင်းမဟုတ်ပေမယ့် မိဘချင်းရင်းနှီးနေပြီး သူတို့ကလေးဘဝကတည်းက
ခင်မင်နေခဲ့တာမို့ ညီအစ်မ အရင်းတွေလိုပဲ တွယ်တာရပါသည်...

အခုချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် ဆိုင်းမဆင့် ဗုံမဆင့် ကိုယ်ရှိတဲ့နေရာကို ရောက်လာပြန်ပါတယ်။
သူ့မိဘနဲ့ ဝေးနေချိန်မှာ ကိုယ့်ကို အစ်မကြီးတစ်ယောက်လို အားကိုးတတ်သူ သူ့ပိတ်ရက် ကိုယ့်ပိတ်ရက်တိုက်ဆိုင်တိုင်း အိမ်မှာ ထမင်းလာစားနေကျ ညီမတော် အခုတော့ အစ်မတော်ကို မေ့နေပြီထင်ပါရဲ့...

နောက်ထပ်နာရီဝက်လောက်ဝက်လောက်ကြာတဲ့အထိ စောင့်ပေမယ့်မရွှေချောက ဖုန်းလဲမဆက် လူလဲရောက်မလာတာမို့ စိတ်မရှည်တဲ့ကိုယ်က ဒုတိယအကြိမ် ဖုန်းပြန်ဆက်တော့
"ရောက်နေပီ မကြီးတို့ တိုက်အောက်မှာ... သူငယ်ချင်းပါလာလို့ အိမ်ပေါ်တက်လာဖို့ စဉ်းစားနေတာ" တဲ့
"သူငယ်ချင်းပါခေါ်ခဲ့ ကျုပ်စောင့်နေတယ် ဗိုက်ဆာနေပီ " လို့ပြောတော့
"သူငယ်ချင်းက မြန်မာဟုတ်ဘူး... သူ့ကိုလဲ အားနာ မကြီးကိုလဲ အားနာ မကြီးချက်တာလဲ စားချင်တယ်" ဆိုပဲ

ဒေါသတွေရှေ့တန်းပြီး အိမ်အောက်ဆင်းသွားတော့ မချိုမချဉ် မျက်နှာပေးလေးနဲ့ သွားဖြီးပြနေတဲ့ ညီမတော်က သူ့ရဲ့သူငယ်ချင်း ရုရှားနိုင်ငံသား လူကြီးလူကောင်းလေးနဲ့ မိတ်ဆက်ပေးပြန်တာမို့ စိတ်မပါလက်မပါ "ဟိုင်း" လိုက်ရပါသည်။

ညီမတော်က အလွန်ဆုံးရှိမှ အသက် 20+ 25- သူ့ရဲ့သူငယ်ချင်းဆိုသူကလဲ သူနဲ့မတိမ်းမယိမ်း .....
20+/- လောက်ချာတိတ်လေးက ကလေးမျက်နှာလေးနဲ့ ယဉ်ကျေးစွာ နှုတ်ဆက်လာတာမို့ သူ့ကိုလဲ အပြစ်မဆိုသာ...
အပြစ်ကင်းကင်းမျက်လုံးလေးတွေက သူတို့ရိုးသားနေဆဲဆိုတာကို သက်သေပြနေသယောင်ယောင်...

အသက်ငယ်ငယ်လေးတွေနဲ့ သူတပါးတိုင်းပြည်မှာ အလုပ်လာလုပ်နေကြတာကို ချီးကျူးမိပေမယ့် အချိန်တိုတို အတွင်းမှာ တွေ့ရာလူနဲ့ မိတ်ဆွေဖြစ်တတ်တဲ့ ညီမတော်ကို စိတ်ဆိုးတာမို့ မျက်စောင်းကြီးကြီးတစ်ခု ပေးလိုက်တာကလွဲလို့ ရင်ထဲကရှိတာတွေကို မပြောပြဖြစ်လိုက်ပါ....

ကိုယ်သူ့အရွယ်တုန်းကရော အဲဒီအရွယ်မှာ အဝေးသင်တက်နေရင်းနဲ့ အလုပ်ပါ လုပ်နေပီဆိုပေမယ့် သူငယ်ချင်းအပေါင်းအသင်း ရှိခဲ့ပါသည် သူ့လောက် မပေါသေးပါ သူ့လိုလဲ နေရာတိုင်းမှာ မပွင့်လင်းပဲ အေးအေးဆေးဆေး နေတတ်ခဲ့တာကြောင့်လဲ ဖြစ်နိုင်ပါသည်။

ဒါတောင်အိမ်က ကိုယ့်ကို စိတ်မချ လက်မချ နေရာတကာ မျက်စေ့ဒေါက်ထောက်ပြီး ကြည့်နေခဲ့သေးတာ...
ကိုယ်ကရော ဘာထူးသေးလဲ....
သူငယ်ချင်းပေါင်းတာပဲ မပေါင်းရဘူးလား ကျောင်းတက်နေတယ် အလုပ်လုပ်နေတယ်
အပေါင်းအသင်းကတော့ ထိုက်သင့် သလောက်တော့ရှိမှာပဲ လို့ ဆင်ခြေတက်ခဲ့မိသလားမသိပါ....

အခု ဒီလိုအချိန် ဒီလို နေရာမှာ ညီမလေးကို ပြန်တွေ့တော့ အဟောင်းတွေ အသစ်ဖြစ်လို့ ကိုယ်ဝဋ်လည်ပီထင်ပါရဲ့....

xxxxxx

သူရော ကိုယ်ပါ အလုပ်တွေရှုပ်နေတာမို့ နောက်ထပ်သုံးလလောက်ကြာတဲ့ အထိ ညီမတော်နဲ့ မတွေ့ဖြစ်ခဲ့ပါ။
လွန်ခဲ့တဲ့ တပတ်ကမှ ထူးထူးခြားခြား သူ့ကို သတိတရနဲ့ ဖုန်းဆက်မိပြန်တော့...
"ညီမလေး ဒီနေ့အားတယ် အဆောင်မှာ အိပ်နေတယ်" တဲ့

သူ့ဆီဖုန်းဆက်ပြီး ၂၀ မိနစ်လောက်ကြာတော့ ဈေးဝယ်ဖို့အတွက် အိမ်ရှေ့မျက်စောင်းထိုးနားက မီနီမားကက်ကိုသွားရင်း သူ့ဆီသွားချင်စိတ်ပေါ်လာတာနဲ့ ကလေးမကို ဖုန်းထပ်ဆက်မိပြန်ပါသည်။

"ကျုပ်ညည်းအဆောင်နားကိုရောက်နေပီ အောက်ဆင်းလာခဲ့" လို့ပြောတော့
မရွှေချောက
"အဟီး ..သမီး KFC ရောက်နေတယ် သူငယ်ချင်းလာလို့တဲ့"
" ကျုပ်လာပီ အဲဒီမှာပဲ ခဏစောင့် မပြန်နဲ့အုံး "
ဒီလို အစ်မမျိုးကို ဒီလို ညီမလေးက ပညာပြလို့ရရိုးလား...

မနီးမဝေးက KFC ကိုလိုက်သွားတော့ မမချောက ကြက်ပေါင်ကြီးကိုက်လို့ ပလုပ်ပလောင်းနဲ့
"မကြီး စားချင်တာမှာလေ အားမနာနဲ့" ဆိုပဲ
ပေတေတေ ညီမ မရွှေချောထက် သူ့ရှေ့မှာထိုင်နေတဲ့ သူငယ်ချင်းဆိုတဲ့သူကို စိတ်ဝင်စားမိတာမို့ ခပ်တည်တည်ကြည့်မိတော့ သူငယ်ချင်းဆိုသူက ကိုရွှေမြန်မာတစ်ယောက်....

မြန်မာ့ထုံးစံအတိုင်း ကိုယ်တော်ချောက မျက်နှာသေလေးနဲ့ ခပ်ရို့ရို့လေး နှုတ်ဆက်ပါသည်။
"အစ်မ နေကောင်းလား" တဲ့
ညီမဖြစ်သူနဲ့ သူငယ်ချင်းဆိုပေမယ့် သူအလုပ်လုပ်တဲ့နေရာက ဟိုးအဝေးကြီးမှာ
အကြောင်းပြချက်မရှိပဲ ညီမဆီကို လာဖို့က တော်ရုံနဲ့ မလွယ်တဲ့ကိစ္စ....
မြန်မာအချင်းချင်းပေမယ့်လဲ စိတ်ထဲက သိပ်မကြည်တာမို့ သူ့ကို ပြုံးပြမိတဲ့ ကိုယ့်ရဲ့ အပြုံးက သိပ်မကြည်လင်ခဲ့ပါ...

ဘာစားစရာမှ မမှာပဲ ညီမတော်စားပြီးတဲ့ အချိန်ထိစောင့်ပြီး ချစ်ညီမကို စောင့်ခေါ်ခဲ့ပေမယ့် ဆိုင်ရှေ့မှာ လမ်းခွဲတဲ့ အချိန်မှာတော့ ညီမတော်က တာ့တာ ပြလို့ သူ့ရွှေကိုယ်တော်နောက်လိုက်သွားခဲ့တာမို့
လမ်းမပေါ်မှာ တစ်ယောက်တည်းကျန်ခဲ့သူက ကိုယ်....

အော် ...ကိုယ့်ရင်ထဲက ပြောချင်နေတဲ့စကားတွေ ပြန်မျိုချလို့ လာရာလမ်းကို လှည့်ပြန်ရုံကလွဲလို့ ကိုယ်လဲ ဘာမှမတတ်နိုင်ခဲ့ပါ....

ညီမလေးရယ် မင်းငယ်ပါသေးတယ်... ရွှေရွှေချင်းဆိုပေမယ့် လူတိုင်းက ယုံကြည်စရာ ကောင်းလောက်အောင် သမာဓိအားမကောင်းဘူးဆိုတာ ဘယ်လိုပြောပြရပါ့မလဲ.....

xxxxx

စိတ်မကြည်မလင်နဲ့ အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ ရေချိုးခန်းမှာ ရေတွေလျှံနေတာကို တွေ့ရပြန်ပါသည်....
မြန်မာပြည်လို နေရာမျိုးမှာတောင် ရေဖွင့်ပြီး ရေပိုက်ခေါင်းပိတ်ဖို့ မေ့လျှော့နေခဲ့ရင် အဘွားဖြစ်သူက တောက်ပျစ်တောက်ပျစ် ပြောလို့မဆုံးခဲ့ပါ။

"သမီးတို့ ရေတစ်ပေါက်ချင်းစီရဲ့ တန်ဘိုးကိုသိရဲ့လား.. ညည်းတို့ သေခါနီး အသက်ငင်နေတဲ့ အချိန်ကျမှ ရေတစ်ပေါက်ရဲ့ တန်ဘိုးကို နားလည်မှာ ရေကို မဖြုန်းတီးကြနဲ့" လို့ပြောတဲ့ အဘွားက ကပ်စေးနည်းသူတစ်ယောက်တော့မဟုတ် ဒါပေမယ့် အဘွားက စည်းကမ်းကြီးသူ ရှေးလူကြီးတစ်ယောက်...

ဒီမြို့က ရေဘိုးမီးဘိုးတွေ အဘွားသိခွင့်ရရင်တော့ ရင်ဘတ်စည်တီးနေမလားမသိ....

အခန်းဖော်တွေ အားလုံးစုပီး ပေးရတာဆိုပေမယ့် ရေဘိုးမီးဘိုးက တစ်လကို မြန်မာငွေသုံးသိန်းခွဲ တခါတရံ လေးသိန်းကျော်လောက် ကျလေတော့ အဘွားသာဒီမှာရှိရင် ညမအိပ်ပဲ ရေပိုက်တွေ လိုက်ပိတ်နေမလားမသိပါ...

အခုတော့ ပျစ်တောက်ပျစ်တောက်ပြောရင်း ရေတွေလျှံကျနေတဲ့ ရေပိုက်ခေါင်းကို ပိတ်ရင်း အဘွားကို သတိရနေမိပြန်ပါသည်။

အဘွားရေ သမီးလဲ အခုမှပဲ ဝဋ်လည်ပီထင်ပါရဲ့....

xxxxx

ထမင်းဟင်းချက်ဖို့ မီးဖိုထဲမှာ ပြင်ဆင်နေဆဲ မျက်စေ့ထဲမှာ တွေ့လိုက်ရတာက အမှိုက်ပုံးထဲက ထမင်းတွေ ဟင်းတွေ...
ဒီနေ့တော့ တွတ်ပီကံမကောင်းတဲ့နေပဲလား အရာရာကို ဝဋ်လိုက်တယ်လို့ပဲ ထင်နေလို့လားမသိ...

ဆန်ပြာရင်း လွင့်စင်ထွက်ကျလာတဲ့ ဆန်စေ့တွေကို တစေ့ချင်းလိုက်ကောက်တတ်တဲ့
အဘွားတစ်ယောက်ကို ပြေးမြင်ရင်း...
"ဆန်တစ်စေ့ချင်း ထမင်းတစ်စေ့ချင်း တန်ဘိုးထားပါအေ ညည်းတို့ ကောက်မစိုက်ဖူးကြလို့ ဆန်စေ့တွေတန်ဘိုးကို နားမလည်ဘူး ထမင်းမငတ်ဖူးတော့ မသိကြဘူး"တဲ့
အဘွားဆုံးမစဉ်အချိန်တုန်းကတော့ လယ်ကွင်းထဲပြေးပြီးပဲ ကောက်စိုက်ရတော့မလိုလို ထမင်းပဲ အငတ်ခံရတော့မလို ညီအစ်မတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ ပြုံးစိစိ ဖြစ်နေခဲ့တာကို ပြန်တွေးမိတဲ့ ခုချိန်မှာတော့ ကိုယ်မပြုံးနိုင်တော့ပါ...

မြိတ်သူတစ်ယောက်ရဲ့ အိမ်မှာ ပုဇွန်ခြောက်တွေ ငပိတွေ တောင်လိုပုံနေတတ်ပေမယ့် အဲဒီအဘွားကတော့ သူမတူအောင်ထူးလွန်းပါသည်။

ချဉ်ဟင်းတွေ ချက်တိုင်း ကိုယ့်အိမ်မှာလို ပုဇွန်ခြောက်ကို ထောင်းပြီး မထည့်တတ်တဲ့ သူ့ဟင်းချက်ပုံကတော့ ဆန်းပြားလှပါသည်။
ပုဇွန်ခြောက်ကို ပိတ်စ ဖြူဖြူ ပါးပါးလေးထဲကို ထည့်ပြီး ထိပ်ပိုင်းမှာ သားရေကွင်းလေးနဲ့ စုချည်လို့ ဟင်းအိုးထဲမှာ ပုဇွန်ခြောက်ထုတ်လေးစိမ်ပြီး အရသာလောက်ပဲ ထည့်တတ်တဲ့ အဘွားကတော့ ဆွေမျိုးတွေကြားထဲမှာ ကပ်စေးနဲတစ်ယောက်အဖြစ် နာမည်ကျော်သူတစ်ယောက်။

ဒါပေမယ့် သူကွယ်လွန်ချိန်မှာ သားသမီးတွေအတွက် သူချန်ထားခဲ့တဲ့ စုဆောင်းငွေတွေကိုသိရချိန်မှာတော့ ကပ်စေးနည်းလွန်းတဲ့ မေမေလို့ ကင်ပွန်းတပ်ခဲ့တဲ့ သူမရဲ့ သားသမီးတွေတောင် မျက်ရည်တွေဝဲလို့...

သူမကပ်စေးနဲခဲ့တာလား အမြော်အမြင်ကြီးခဲ့တာလား စည်းကမ်းကြီးခဲ့တာလား စေ့စပ်သေချာခဲ့တာလား အိမ်ရှင်မကောင်းပီသခဲ့တာလား....
အလှပဆုံးဖြစ်အောင် ဘယ်လိုခေါင်းစဉ်တပ်ရပါ့မလဲ...

အမှိုက်ပုံးတွေ မြင်တိုင်း ပြန်မြင်ယောင်မိတာက အငတ်ဘေးဆိုက်နေတဲ့ တိုင်းပြည်တွေက ကလေးသူငယ်တွေနဲ့ နိုင်ငံသားတွေရဲ့ ပုံရိပ်တွေ....

ကိုယ့်တိုင်းပြည်ထဲမှာတောင် ဘယ်သူမှ မငတ်ပါဘူးလို့ ပြောနေတဲ့ကြားက ထမင်းတစ်လုပ်အတွက် တောင်းရမ်းစားသောက်နေရတဲ့သူ အရေအတွက် တနေ့တခြား ပိုပြီးတော့များလားပြီလို့ တွေးမိတိုင်း အိမ်က အမှိုက်ပုံးကို စိတ်နာမိသလိုလို....

စားနိုင်သလောက်ပဲ ချက်တာကောင်းပါတယ် အဘွားရယ်လို့ တစ်ကိုယ်ရေ ညည်းတွားရင်း အဘွားလေးတစ်ယောက်ကို ပြေးမြင်သတိရမိတော့ အဲဒီအဘွားက အခုတော့ လောကကြီးမှာ မရှိတော့ပါ...

အင်း ကြံဖန်ပြီး ဝမ်းသာချင်သူကိုယ်က ကိုယ်ဝဋ်လည်တဲ့ အချိန်က အချိန်မီသေးတယ်လို့ ထင်နေပေမယ့်လဲ..

ဝဋ်ကတော့ လည်နေပီပဲနော်....

ရေှးလူကြီးတွေကို သတိရမိလို့ တမ်းတမိချိန်မှာ ကိုယ်တိုင်က အဘွားကြီး နေရာရောက်နေပြီလားမသိ....
အမြင်မတော်တာတွေက များသထက်များ ပြောစရာတွေကလဲများ...

သူငယ်ချင်းတွေကိုလိုက်ကြည့်ပြန်တော့လဲ ပြောမဆုံးပေါင် တောသုံးတောင် ဇာတ်လမ်းတွေက အပြည့်...

ကိုယ်ကပဲ ကြားက မနေနိုင်မထိုင်နိုင် ပိတ်ပင်တားမြစ်သူ ဖြစ်နေပြန်သည်...
ကံကောင်းတာလေးက သူငယ်ချင်းတွေက ကိုယ့်ကို နားလည်ပေးကြပြီး ဘယ်လောက်ပြောပြော ဘယ်လို ဝေဖန်ဝေဖန် အပြုံးမပျက်ကြ။

ဒါပေမယ့် ဆိုးနေတာက ပြောရကျိုးမနပ် အမုန်းခံရကျိုးလေးမှမနပ် ကိုယ့်စကားကိုသူတို့နားမထောင် လုပ်ချင်တာတွေလုပ်လို့......
အခုလဲ ချစ်ညီမကတော့ ဂဂျီဂဂျောင်မမလို့ ကင်ပွန်းတပ်နေပြီလားမသိ....

အခုတော့ ကိုယ် ဝဋ်လည်ပီ ထင်ပါရဲ့....

20 comments:

Angel Shaper said...

တစ် တစ် တစ်

Angel Shaper said...

နှစ် နှစ် နှစ်

Angel Shaper said...

သုံး သုံး သုံး

Angel Shaper said...

လေး လေး လေးးးးးးးးးးးးးး
လေးစားစွာ ဖတ်နေပါသည်။ လူကြီးမင်းများ ငြိမ်ငြိမ်လေးနေပေးပါ။ ဟိဟိ

Angel Shaper said...

ဂျစ်မကြီးရေ...............
ဒါက ၀က်လည်တာမဟုတ်ပါဘူးဗျာ...လူလည်တာ...ဟိဟိ
လည်ထွက်သွားတာပြောတာနော်။။။။။ ကလေးတွေက ခုဆို အဖေ့ထက် တစ်လကြီးဆိုတဲ့ ဟာတွေကြီးပဲ ဖြစ်ကုန်ပြီလေ။ ဘယ်တတ်နိုင်မလဲ သူတို့ခေတ်နဲ့သူတို့အရွယ်ပေါ့။ အလဲ့။
ခုတော့ အဘွားဆုံးမခဲ့တာတွေကို ပြန်တွေးပြီး ကိုယ်လဲ အဘွားဖြစ်နေပြီလို့ သံဝေဂရနေပြီပေါ့လေ။ တိန် တိန်.... ချစ်လို့ ၀င်မွှေသည်။ ဟိ

လင်းကြယ်ဖြူ said...

ဒီလိုပါပဲ ခင်ဗျာ..ဖြစ်တတ်ပါတယ်..
စည်းကမ်းရှိတာ ကတော့ နေရာတိုင်းမှာကောင်းပါတယ်
ဒါမှ ထိမ်းသိန်းမှု ရှိမှာပေါ့နော..ဟုတ်ဘူးလား..
ဒါနဲ့ အပေါ်က တစ်ယောက်က ဂဏန်း တွေ တော်တော်
ကြိုက်ပုံရတယ်နော်... ၁..၂..၃..၄.. တဲ့
နောက်တစ်ခါကြုံရင် သူ့ဖို့ ဂဏန်းဟင်း ချက်လာပေးလိုက် ပါဗျာ..
ဒါမှနေသာထိုင်သာရှိသွားမယ်..း-)
ပျော်ပါစေ အစ်မရေ

Beauty Studio USA Branded Store said...

ကိုကြယ်က အစားအကြောင်းပြောလာတော့ ကျွန်တော်လဲဗိုက်ဆာလာပြီဗျို့။:P
နေကောင်းရဲ့လားမနှင်းရေ။ဂျီမေးထဲမှာ ဆေးရုံးတွေဘာတွေရေးထားတာတွေ့လို့..။ပျော်ရွှင်ပါစေအမရေ။မတွေရတာတောင် အတော်လေးကြာသွားသပေါ့။

ရေတမာ said...

ဝဋ်ရယ်လိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒီလိုပဲ အမြင်မတော်တာတွေ ပြောဆိုဆုံးမရမှာပဲမဟုတ်ဘူးလား။

kiki said...

အင်းးးး
ခေတ်လူငယ်တွေများ ခက်ပါတယ် ...ခက်ပါတယ် ...
မပြော မပြီး မတီး မမြည် တွေလေ ...
အဲဒီင်္တော့ ပြောရတာ ညောင်းရင် ခေါင်းကို သာ တိန်ကနဲ မြည်အောင် ဆွဲခေါက်ပေတော့ နှင်းရေ ....

အမြင်မတော်တွေ အားလုံးလိုက်ပြောနေရရင် အပေါက်ဆိုးတဲ့ အဖွားလေး နှင်း ဆိုပြီ့း နာမယ်သစ်ရနေအုံးမယ်နော် ...

ခရေညို said...

ခေတ်လူငယ်တွေကိုဒီလိုပါပဲ
တခုအကြံပေးချင်တာက
အဲဒီကောင်မလေးအပေါ်
သိပ်မတွယ်တာမိပါစေနဲ့ပေါ့

Nyi Nyi said...

အဲ့ဒါကိုယ့်ဖာသာကိုယ်အမြင်ပြောင်းသွားတာ။ နောက်တစ်ခုကလူဆိုတဲ့အမျိုးက..ကိုယ်သာယောင်္ကျားယူချင်ယူမယ်။ကိုယ့်ချစ်တဲ့သူငယ်ချင်း၊ ညီမဒါတွေကြတော့မယူစေချင်ဘူး။ စိတ်ပါပဲဟာ။ အရာရာကိုပြင်ဆင်တတ်အောင်သာကြိုးစား။ အကောင်းဆုံးပဲ။

Anonymous said...

အင်း...

ကျွန်တော်လဲအဲဒီလိုအမြင်မတော်တာတွေတွေ့ ရင်

ပြောလွန်းလို့ ...အဘိုးကြီးလို့ တောင်အခေါ်ခံနေ

ရပြီလားမသိ...နောက်ကွယ်မှာလေ...

စည်းစနစ်ကြီးတဲ့ အမေ့ ကိုသတိရမိပါတယ်...

နေစိုးနိုင် said...

စိတ်ချမ်းသာဖို့ဆိုရင်တော့
မနှင်းရေ
စိတ်လျှော့လို့ပဲပြောလိုက်ပါရစေတော့ဗျာ

သူကြီးမင်း (တုံးဖလား) said...

နှင်းရေ.. နှင်းရေ...
ဝဋ်လည်နေပြီပေါ့လေ။ အဘွားပေါက်စလေး ဖြစ်နေပြီပေါ့။

emayarKhin said...

နှင်းရေ....ဝဋ်လည်တယ်ရယ်လို့
တော့လဲ..မဟုတ်ပါဘူးကွယ်.....
လောကမှာ...သူတပါးအတွက်
အမုန်းခံပြီးပြောတဲ့သူဆိုတာ
ခပ်ရှားရှားရယ်နော့်........
နောင်တော့လဲ..ချစ်ညီမက
သဘောပေါက်သွားမှာပါ....
နေကောင်းအောင်နေအုံးနော်.....

ချစ်ခင်စွာဖြင့်
အမရာ

မြတ်နိုး said...

မနှင်း

ဘုံဘိုင်ခေါင်းေ၇ဖွင့်ထားရင် ကျနော်လည်းမကြိုက်ဘူး

ကျနော်ကျတော့ ပြောင်းပြန် အိမ်မှာဖေဖေက ရေပိတ်ရင်ဘယ်တော့မှ အဆုံးထိမပိတ်ဘူး။
ရေက တစက်စက်ကျနေတာ ..အဲဒါမျိုးကို မကြိုက်ဘူး။
ကိုယ်သုံးပီးရင် သေချာပိတ်ပေါ့..။ ဟုတ်ဘူးလား။

အဲဒါကျတော့ ကပ်စေးနဲတာ ဟုတ်ဘူးထင်တယ်။ စည်းကမ်းရှိတာ ။မလိုအပ်ပဲ မဖြုန်းတီးတာပါ။

မိုးစက်အိမ် said...

အင်းဖတ်ရတာတော. ကောင်းပ ညီမကို တော.ပြော
ရမှာပေါ. ဟုတ်တယ်မလား မိဘနဲ. ဝေးနေတာကိုယ်ဘဲ
ပြောရမှာ တကယ်မောင်နှမ မဟုတ်ပေမဲ. ငယ်ငယ်တည်း
ကတူတူကြီးလာတာဆိုတော. အမမေတ္တာ ကိုနားလည်
လောက်ပါတယ်ဗျာ ...ေ၇လျှံတဲ. ကိစ္စတော. အားလုံး
မှာ တာဝန်ရှိတယ်နော်. :D :P

ကိုရဲ said...

မကြီးရေ ဒါလေးကိုတော့ ခိုက်သွားပါတရ် လုံး၀၀၀၀၀၀၀

(ကိုရဲ)

AMK said...

ပုဇွန်ခြောက်အရည်နဲ့ ချက်တဲ့  အစ်မ အဘွားက မိုက်တယ်နော် စမ်းကြည့် အုံးမဘဲ

Kyaw Swa Tun said...

good writing, can see the life style of sg.Most people change colour and water follow fish follow.

My Blog List