သဘာဝနဲ့ အလှတရား



ခုတလော စာမရေးဖြစ်ပေမယ့် အချိန်ရတိုင်း သတင်းတွေလိုက်ဖတ်ဖြစ်ပါတယ်… သူငယ်ချင်းညီညီရဲ့ Travel Myanmar group mail ထဲက မြန်မာပြည်က နောက်ဆုံးရသတင်းတွေကိုတော့ မလွတ်တမ်း ဖတ်ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ တက်လာတဲ့ သတင်းတွေထဲမှာ မြန်မာပြည်က ရာသီဥတုနဲ့ အပူချိန်သတင်းတွေက ရေပန်းစားတဲ့ သတင်းတွေဖြစ်နေသလို အိမ်နီးချင်းနိုင်ငံတွေမှာလဲ အလားတူ အပူချိန်တွေ မြင့်နေတယ်ဆိုတာကိုလဲ သူငယ်ချင်းတွေဆီက ထပ်ပြီးကြားရပါတယ်။

မနေ့က ဖိလစ်ပိုင်က ခွင့်ပြန်လာတဲ့ သူငယ်ချင်းမလေးကို တွေ့ချိန်မှာတော့ မျက်လုံးပြူးထွက်သွားတဲ့အထိ အံ့သြရပြန်ပါတယ်။ သူ့ရဲ့လက်နှစ်ဘက်လုံးမှာ နေလောင်ထားတဲ့ ဒဏ်ရာက အရေခွံတွေ လန်ထွက်နေပြီး မီးလောင်ဒဏ်ရာတစ်ခုလို အတော်လေးကို အရုပ်ဆိုးနေတာကို တွေ့လိုက်ရပါတယ်။ အသားဖြူတဲ့သူမို့ သူ့ရဲ့ လက်ကောက်ဝတ်နေရာက အရေပြားတွေ နီရဲပြီး တစစီဖွာထွက်နေတာဟာ သာမန်နေလောင်ပြီး အသားတွေ မည်းခြောက်သွားတာထက်ဆိုးပါတယ်။ သူသွားခဲ့တဲ့ တစ်ရက်တာ တောင်တက်ခရီး တစ်ခုက အသားအရေတွေ စုတ်ပြတ်သွားတဲ့အထိ အပူဒဏ်ကပြင်းလွန်းတယ်လို့ သူငယ်ချင်းက ငိုမဲ့မဲ့နဲ့ ပြောလာပါတယ်။

အပူချိန် ၃၇-၃၈ ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်ပဲရှိတဲ့ ကျွန်းနိုင်ငံက ပြန်လာတဲ့သူငယ်ချင်းက အရင်ကထက်စာရင် အခုအရမ်းပူတယ်လို့ ပြောနေတာကို အိန္ဒိယက သူငယ်ချင်းကလဲ ထပ်ပြီး ထောက်ခံပါတယ် ။ သူ့မြို့လေးမှာ အပူချိန်မြင့်နေတာ ၄၀- ၄၁ ဒီဂရီ လောက်ရှိတယ် သူ့ဒေသကလူတွေ ထူးထူးခြားခြား မြင့်တက်လာတဲ့ အပူဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ပြောလာပါတယ်။

Travel Myanmar group mail မှာတက်လာတဲ့ သတင်းတွေမှာလဲ အညာဒေသက အပူချိန်က ၄၅ - ၄၆ ဒီဂရီ လောက်အထိ ရောက်တယ်လို့ ပြောလာပါတယ်။ ရန်ကုန်မြို့ရဲ့ အပူချိန်ကိုတော့ ၄၀ ဒီဂရီ ပတ်ဝန်းကျင်က မကျဘူးလို့ သူငယ်ချင်းတွေပြောလို့ သိရပါတယ်။

ဒီနေ့မနက်မှာ ထပ်ဖတ်ရတဲ့ သတင်းနဲ့ တွေ့ရတဲ့ ဓါတ်ပုံကတော့ Travel Myanmar Group ကို မဝင်းမာသိန်းပို့ထားတဲ့ ဒီဓါတ်ပုံလေးတွေနဲ့ “ဘုရားကို ကယ်တော်မူပါ” ဆိုတဲ့ စာတမ်းတိုတိုလေးပါ။ ဓါတ်ပုံလေးထဲမှာ အင်းလေး ဖောင်တော်ဦးဘုရားပတ်ဝန်းကျင်မှာ ရေတွေ ခန်းနေတဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ ရင်ထဲမှာ ဆို့သွားတဲ့ အထိ စိတ်မကောင်းဖြစ်သွားရပါတယ်။


၂၀၁၀ ဧပြီလ မှတ်တမ်း

၂၀၁၀ ဧပြီလ မှတ်တမ်း



၂၀၀၉ ဆောင်းတွင်း မှတ်တမ်း

အဲဒီဓါတ်ပုံတွေကို ကြည့်နေရင်းက မနေ့ကမှ CCTV မှာကြည့်လိုက်ရတဲ့ အမေရိကန်က ရေနံ ယိုစိမ့်မှုကြောင့် ရေထုညစ်ညမ်းစေတဲ့ သတင်းတစ်ပုဒ်နဲ့ တရုတ်ပြည်က ဂျင်းဘောင်းဘီ စက်ရုံတွေက စွန့်ပစ်လိုက်တဲ့ ဂျင်းထည်အစအန တန်ပေါင်းများစွာကြောင့် ဖြစ်ပေါ်နေတဲ့ ရေထုညစ်ညမ်းမှု သတင်းကို မျက်စိထဲမှာ ပြန်မြင်လာမိပြီး မဝင်းမာသိန်းလိုပဲ Oh God လို့ ရေရွတ်မိပါတယ်။

အခုချိန်မှာတော့ ရေမြေတောတောင် သဘာဝအလှတရားတွေက တစတစဆိုးရွားလာတဲ့ ရာသီဥတုရဲ့ဒဏ်တွေကြောင့် ပျက်စီးခြင်းကို ရောက်ရသလို လူသားတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့်လဲ အရုပ်ဆိုး အကျည်းတန်တဲ့အဖြစ်တွေနဲ့ ကြုံနေရပါတယ်။

အင်းလေးကန်ဟာ အခုနောက်ပိုင်းနှစ်တွေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မကြာခဏ ခလုတ်တိုက်ခံနေရတာ ကြာခဲ့ပါပြီ။ ပြီးတော့ ကျွန်မ မကြာမကြာတက်ခဲ့ဘူးတဲ့ အစည်းအဝေးတွေမှာ အင်းလေးကန် ပတ်ဝန်းကျင် ရေထုညစ်ညမ်းမှုက ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်တွေ မကြာမကြာ ကြားခဲ့ရဘူးပါတယ် ။

တစ်ခါတုန်းက ကျွန်မတက်ခဲ့ဘူးတဲ့ Tourism Management သင်တန်းတစ်ခုမှာလဲ အကြောင်းတိုက်ဆိုင်လို့ အင်းလေးဒေသ ရေထုညစ်ညမ်းမှု ထိန်းသိမ်းရေးအတွက် ဘယ်လို လုပ်သင့်တယ်ဆိုတာကို စင်္ကာပူနိုင်ငံသား သင်တန်းနည်းပြ ဆရာနဲ့ ကျွန်မတို့ သင်တန်းသားတွေ သင်တန်းခန်းမထဲမှာ ဆွေးနွေးခဲ့ကြဘူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက အဲဒီစီမံကိန်းတွေနဲ့ လုပ်နိုင်တဲ့ နည်းလမ်းတွေဟာ စာသင်ခန်းထဲမှာပဲ ပျောက်သွားခဲ့တယ်လို့ ခံစားလိုက်ရပါတယ်။

တကယ်တော့ အင်းလေးကန်က ကျွန်မနဲ့ သိပ်မစိမ်းလှပါဘူး မြန်မာပြည်မှာ နေခဲ့စဉ်တုန်းက အလုပ်နဲ့ ပက်သက်နေတာမို့ အင်းလေးကန်ကို မကြာခဏရောက်ခဲ့သလို ရောက်တိုင်းလဲ အင်းလေးကန် ပတ်ဝန်းကျင် အင်းတိမ်ဘုရားတွေကအစ ချောင်ကြိုချောင်ကြားမကျန် သွားခဲ့ဖူးတာမို့ အင်းလေးရဲ့ အလှပျက်မှာ ကျွန်မ အရမ်းစိုးရိမ်ခဲ့ဘူးပါတယ်။

တောင်တန်းပြာပြာကြီးတွေရဲ့ အလယ်မှာ သဘာဝအတိုင်းလှနေတဲ့ အင်းလေးကန်ကြီးကို တစိမ့်စိမ့်ကြည့်ပြီး ပီတိဖြစ်ခဲ့ဘူးပါတယ်။ ရှမ်းတောင်တန်းတွေကြောင် ပိုလှနေတဲ့ အင်းလေးကန်ထဲက မိုးဖွဲဖွဲကျနေတဲ့ ညနေခင်းတစ်ခုကိုလဲ အမြဲတမ်းလွမ်းနေခဲ့ဖူးပါတယ်။

အခုနောက်ပိုင်းမှာတော့ ပြည်တွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အင်းလေးဒေသမှာ ကြိုကြားကြိုကြားက ပေါ်ထွက်လာတဲ့ ဟိုတယ်တွေရဲ့ အရေအတွက်ကသာ သိသိသာသာတိုးတက်လာခဲ့တာကို သတိထားမိခဲ့ပါတယ်။

ဟိုစဉ်ကတည်းက အင်းလေးကန်ရဲ့ ပတ်ဝန်းကျင်မှာ ဟိုတယ်အရေအတွက်တွေ တိုးတက်လာခြင်းအတွက် အင်းလေးကန်ရဲ့ သဘာဝအလှတွေ လျော့သွားပြီလားလို့ တွေးပြီး စိတ်ပူနေခဲ့ပေမယ့် နိုင်ငံတကာနဲ့ ယှဉ်ကြည့်မိတော့ မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် အဲဒီဟိုတယ်တွေက မရှိမဖြစ်လို အပ်ပါတယ်လေလို့ ကောင်းတဲ့ ဘက်က ပြန်တွေးမိပါတယ်။ ဒါပေမယ့်လဲ သဘာဝက ပေးထားတဲ့ လက်ဆောင်လှလှလေးတစ်ခု အကျည်းတန်သွားမှာကိုတော့ စိုးရိမ်နေမိဆဲပါ။

အင်းလေးကန်ပတ်ပတ်လည်မှာ ဟိုတယ်တွေဆောက်လို့ အရင်ကထက် အဆောက်အဦတွေ တိုးတက်လာပါတယ်။ တည်ဆောက်ထားတဲ့ အဆောက်အဦတွေမှာ လူတွေနေထိုင်တဲ့အတွက် မူလရှိရင်းစွဲ လူဦးရေထက် လူနေထိုင်မှုတွေ သိပ်သည်းလာပါတယ်။ ပြီးတော့ လူနဲ့ အဆောက်အဦတွေဆီက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကလဲ အင်းလေးကန်ရဲ့ သဘာဝအလှတရားကို စိုးရိမ်ရေမှတ်ကို ရောက်စေခဲ့ပါတယ်။

အဲဒီအမှိုက်တွေကို Recycle မလုပ်နိုင်သမျှ ဘယ်လိုနေရာမှာ ဘယ်လို စွန့်ပစ်ကြသလဲ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်သွားစေမလဲ ဆိုတာကို တွေးပြီး စိုးရိမ်ခဲ့ဘူးတဲ့ အချိန်တွေလဲ ရှိခဲ့ဘူးပါတယ်။

အလားတူပဲ မြန်မာပြည်က နာမည်ကျော်ကမ်းခြေတွေမှာလဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ စကားလုံးတွေကို တချိန်လုံး ကြားနေခဲ့ရပါတယ်။ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ကမ်းခြေတွေမှာ ဟိုတယ်အရေအတွက်တွေ တစတစ တိုးတက်လာတယ် ဆိုပေမယ့် သဘာဝရဲ့ အလှအပတွေတွေ တစတစ လျော့ကျကုန်မှာကိုတော့ ကျွန်မတို့ မကြာခဏ စိုးရိမ်ခဲ့ဖူးပါတယ်။

ကမ်းခြေမှာ အဆောက်အဦတွေဆောက်ဖို့ သဘာဝ ကျောက်ဆောင်တွေကို မိုင်းနဲ့ခွဲပြီး ဖျက်စီးရတာတွေ သဘာဝကပေးထားတဲ့ လက်ဆောင်တွေကို ပြုပြင်ဖန်တီးပြီး လှသထက်လှအောင် အရောင်ခြယ်ပစ်လိုက်တာတွေအတွက် မြင်တတ်သူ ကြည့်တတ်သူတွေကသာ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။

ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အမျှ အဲဒီကမ်းခြေတစ်တွေ တလျှောက်မှာ တိုးတက်လာတဲ့ ဟိုတယ်တွေ လူဦးရေတွေ စီးပွားရေးလုပ်ငန်းတွေကြားထဲမှာ မြေစာပင်ဖြစ်သွားတဲ့ သဘာဝအလှတရားတွေကတော့ နှမြောဖို့ကောင်းလွန်းပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ မပျက်မစီးသေးတဲ့ ကမ်းခြေအဖြစ် မောင်းမကန် ကမ်းခြေကို သူ့ရဲ့ ပင်ကို အလှအတိုင်း မြင်တွေ့ခဲ့ရတဲ့ အချိန်တုန်းကတော့ အတိုင်းထက်အလွန် စိတ်ချမ်းသာခဲ့ဘူးပါတယ်။

မိုးအကုန်ဆောင်းအကူး မိုးဖွဲဖွဲလေးတွေ ကျနေတဲ့ မနက်ခင်းလေးမှာ ကမ်းခြေရဲ့ တစ်ဦးတည်းသော ဧည့်သည်တော်အဖြစ် ကမ်းခြေရဲ့ အလှအပကို တစ်ယောက်တည်း စိတ်တိုင်းကျ လေ့လာခဲ့ရတာမို့ ကမ်းခြေတလျှောက် မြင်မြင်သမျှ အလှအပတွေကို မျက်စိတစ်ဆုံး ခံစားခွင့်ရခဲ့ပါတယ်။

မောင်းမကန်ကမ်းခြေမှာ ကျွန်မတို့ ဘိုးဘွားတွေ လက်ထက်ကတည်းက ဆောက်ထားခဲ့တဲ့ ယိုင်နဲ့ ဆွေးမြေ့စပြုနေပြီ ဖြစ်တဲ့ ဘန်ဂလိုအို လေးပေါ်တက်ကြည့်ခဲ့တုန်းက အခြားကမ်းခြေတွေက ခေတ်မီဆန်းသစ်တဲ့ ဘန်ဂလို လှလှလေးတွေကို ပြေးမြင်ပြီး ပြုံးခဲ့မိတဲ့ အခိုက်အတန့်လေးကိုလဲ ကျွန်မ မှတ်မိနေခဲ့ပါတယ်။

တကယ်တော့ မောင်းမကန် ကမ်းခြေ သဘာဝအတိုင်းလှနေတယ်ဆိုတာကလဲ အရမ်းကို ရှင်းပါတယ်။ သဘာဝအလှတရားကို ဖျက်စီးမယ့် အဆောက်အဦတွေ လူတွေ စွန့်ပစ် ပစ္စည်းတွေနဲ့ ဝေးနေသေးလို့ပါ။ ကျွန်မက အရာရာကို ခေတ်မျက်စိနဲ့ ကြည့်တတ်ပေမယ့် ဒီနေရာမှာတော့ မောင်းမကန်ဆိုတဲ့ ရွာလေး မဖွံ့ဖြိုးစေချင်ပါ မတိုးတက်စေချင်ပါ။

ခေတ်မီတိုးတက်ခြင်းနဲ့ အတူ ကပ်ပါလာမယ့် သဘာဝအလှကို ဖျက်ဆီးမယ့် အမှိုက်ပေါင်းများစွာ အဲဒီကမ်းခြေလေးကို ရောက်မလာသေးသရွေ့ အဲဒီကမ်းခြေလေးက လှနေမှာသေချာပါတယ်။

အရမ်းလှပတဲ့ ဒီသဘာဝ ကမ်းခြေလေးကို မြန်မာ့ခရီးသွားမြှင့်တင်ရေး အစီအစဉ်တွေမှာ ထည့်သွင်းလို့မရတဲ့ အခြားသော အကြောင်းရင်းတွေ အများကြီးရှိနေခဲ့သလို အဲဒီအကြောင်းအရာတွေအတွက်လဲ ကျွန်မတို့ ကြံဖန်ပြီး ဝမ်းသာနေမိပါတယ်။

ကျွန်မတို့ချစ်တဲ့ သဘာဝကမ်းခြေလေးကို သဘာဝအတိုင်းလေးပဲ အလှကြည့်နေရရင်ပဲ သဘာဝ အလှအပကို မြတ်နိုးတတ်တဲ့သူတိုင်း ကျေနပ်နေမှာသေချာပါတယ်။

ကျွန်မချစ်တဲ့ နိုင်ငံမှာ ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်းကို မှီခိုနေတဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ အခြားအခြားသော အခန်းကဏ္ဍတွေပါ တိုးတက်လာမှာ သေချာတာမို့ မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ရင်တထိတ်ထိတ်နဲ့ ဆုတောင်းနေကြတဲ့ သူငယ်ချင်းတွေကြားမှာ ကျွန်မလဲ တစ်ယောက် အပါအဝင်ဖြစ်ခဲ့ဘူးပါတယ်။

ကမ္ဘာ့ခရီးသွားတွေကို ချပြဖို့အတွက် မြန်မာပြည်မှာ ချစ်စရာ သဘာဝအလှအပတွေ မကုန်နိုင်အောင်ရှိနေတဲ့အတွက်လဲ အမြဲဂုဏ်ယူတတ်ခဲ့ပါတယ်။

ဒါပေမယ့် သဘာဝက ပေးထားတဲ့ အလှတရားတည်မြဲဖို့အတွက်ကတော့ ရှိရင်းစွဲအလှအပတွေ မဆုတ်ယုတ် မပျက်ယွင်းအောင် ထိန်းသိမ်းထားတာဟာ လှသထက်လှအောင် ပြုပြင်ဖန်တီးတာထက် ပိုပြီး ထိရောက်နိုင်တယ်လို့လဲ ထင်မိပါတယ်။

ဓါတ်ပုံတွေကိုတော့ Travel Myanmar Group ကိုမဝင်းမာသိန်းပို့လာတဲ့ မေလ်းကနေပဲယူပါတယ်။ ဓါတ်ပုံတွေနဲ့ update သတင်းတွေ အမြဲပို့ပေးနေကြတဲ့ Travel Myanmar Group က မိတ်ဆွေတွေကိုလဲ ကျေးဇူးတင်ပါတယ်။

11 comments:

Anonymous said...

လူတိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝအလှတရားတွေကို ထိမ်းသိမ်းရမယ်ဆိုတဲ့ အသိလေးတွေကိုယ်စီ ရှိကြဖို့လိုအပ်နေပြီနော်
မကြာခင်မှာဘဲ ကမ္ဘာကြီးဟာ ခုထက်ပိုပြီး ပျက်စီးဖွယ်ရာသာ ရှိတော့သာမို့ နှင်းလို အသိမျိုး လူတွေကို မျှဝေပေးသင့်တယ်..
ဒီပို့စ်လေးအတွက် ကျေးဇူး နှင်းရေ..
သိပ်ကောင်းတာဘဲ..

သက်ဝေ said...

စဉ်းစားတွေးတောစရာလေးတွေ အပြည့်နဲ့ နှင်းရဲ့ပိုစ့်လေးကို ဖတ်ရတာ တကယ်ကိုပဲ သဘောကျမိပါတယ်...။ ဓါတ်ပုံတွေမှာ ပတ်ကြားအက်နေတာတွေဟာ နွေရဲ့ သရုပ်ပေါ်လွန်းတာကို တွေ့တော့ ကိုယ့်ဆီပါ အပူတွေ ဟပ်လာသလိုပါပဲ...။

kiki said...

ဖွံ့ ဖြိုး တိုးတက် တယ် ဆိုတာ လူတွေ ဖေါ်ဆောင်လာကြတဲ့  ကောင်းတဲ့  လက္ခဏာ တခု ပါ ။
ဒါပေမဲ့  လှပတဲ့ သဘာဝ အလှအပ တွေကို ဖျက်ဆီး ပစ် နေကြသူတွေ ကလည်း လူတွေ ပါပဲ ။
ဒါတွေကို ထိန်းသိမ်း ဖို့  လူတိုင်း လူတိုင်း မှာ တာ ဝန် တွေ ရှိကြတယ် နှင်းရေ ..
ဥတု ရာသီ တောကို မှီ၏ ဆိုတဲ့  ဆောင်ပုဒ်လေး ငယ်ငယ်က သင်ခဲ့  ရဘူးတာ ၊ ခုတော့ .. တော တွေ ပြုန်း လို့  ဥတု လည်း ဆိုး နေတော့ တာပေါ့ လေ ။

ရွှေရတုမှတ်တမ်း said...

ရာသီဥတုတွေဖေါက်ပြန်လာတာတော့အမှန်ပဲ..ကျွန်ုပ်တို့
ဘာများတတ်နိုင်ဦးမှာလဲ...

ကိုဇော် said...

သဘာဝကို သဘာဝ အတိုင်းလေးပဲ ဖြစ်စေချင်မိတာ အကြိမ်ပေါင်းများစွာ ပါပဲ။ ဒါပေမဲ့ ကိုယ်တနိုင်ပဲ တတ်နိုင်ပါသေးတယ်။ ထပ်ပြီး ဒါပေမဲ့ ဒီလိုတွေ တနိုင် တတ်နိုင်ကြရင် ရပါပြီ။ ထပ်ကာ ထပ်ကာ ဒါပေမဲ့ လိုက်မလုပ်နိုင်ကြပါဘူး။ ဥပမာ ကွမ်းစားခြင်း နဲ့ ကွမ်းတံတွေးထွေးခြင်းကို စပြီး ဆင်ခြင်ကြည့်ကြရအောင် . . . .
ဒါပေမဲ့. . .ဒါပေမဲ့. . .ဒါပေမဲ့. . .ဒါပေမဲ့. . .

ကိုလူထွေး said...

ကိုယ်ကိုယ်ကို ပြုပြင်သင့်တယ်လို့ သိလာကြရင် လက်ခံလာကြရင် ပထမဆုံးအဆင့် အောင်မြင်ပြီပေါ့...

းဝ)

ညီဇေ said...

ပို့စ်ကောင်းလေး တစ်ပုဒ်ပါ…။ သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ထပ်ရေးပါဦး…။ ကျေးဇူး…။

emayarKhin said...

နှင်းရဲ့ပို့စ်လေးနဲ့အတူ...
သဘာဝအလှအပတွေ...ထာဝရ
တည်မြဲနိုင်ပါစေလို့...ရင်တမမ
နဲ့ကူဆုတောင်းပေးနေပါမယ်....

~ဏီလင်းညို~ said...

မနှင်းရေ......
အဟုတ်ဗျာ.......
သဘာဝအလှတရားတွေဟာ...... လူတွေကြောင့်.... ဒီလိုနဲ့ပဲ တစ်ဖြည်းဖြည်း........ ယိုယွင်းလာခဲ့ရတာပါပဲ...။ တစ်ခါတစ်လေဆို ကိုယ်တိုင်တောင်ပါမိနေမလား မသိလေ.........။
ရန်ကုန်မှာသိပ်ပူတယ်တဲ့လေ.....လွန်ခဲ့တဲ့ အပတ်တုန်းက....။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဖေဖေ့ကိုဖုန်းဆက်ပြီးထပ်မေးမိတော့ မိုးရွာပြီတဲ့...။
ဝမ်းတောင်သာသွားမိတာ.......။
(ခုမှပဲရောက်တယ်မနှင်းရေ.....၊ အရှုပ်တွေလုပ်နေမိတာလား...... အလုပ်တွေပဲ ရှုပ်နေတာလား ကိုယ့်ကိုယ်ကိုတောင် မသိတော့ပါဘူးဗျာ.........း))

ခင်မင်တဲ့
ဏီလင်းညို

thaingarra said...

ငယ်ငယ်က သေအောင်ပူတယ်လို့ လူကြီးတွေ

ပြောကြတာ သွားသတိရတယ် ... ။

ဒီနှစ်က တကယ်ပဲ သေအောင်

ပူတော့တာပါပဲဗျာ ... :(

မန်းကိုကို said...

အင်းလေးကန်ကို ထိန်းသိမ်းဖို့အဆင့်လောက်ကျတော့ အုပ်ချုပ်သူတွေရဲ့ ပေါ်လစီတွေနဲ့ သက်ဆိုင်လောက်အောင်ကို ကြီးမားတာမို့ ခေါင်ကိုပဲအရင် ပြောရ၊ ပြင်ရမယ်လို့ ယူဆပါတယ်။

My Blog List