ခရီးသွားတို့ရဲ့ အိမ်အပြန်
Home is where the heart and Soul should be…
A House without heart is not a home…
Home Sweet home…. စသဖြင့်
အိမ်ရဲ့ နွေးထွေးမှုတွေ အေးချမ်းမှုတွေကို ဘာသာစကားပေါင်းစုံနဲ့ ပြောတတ်ကြပါသည်။
လူသားတွေပီပီ အိမ်မှာနေစဉ်ကာလတွေမှာ အိမ်ရဲ့ တန်ဘိုးတွေကို မေ့လျော့နေတတ်ကြပေမယ့် အိမ်ရဲ့ လုံခြုံနွေးထွေးမှု အေးမြတဲ့ အငွေ့အသက် အိမ်ရဲ့ အရိပ်တွေကို အိမ်ရဲ့ အဝေးဆုံးကိုရောက်သွားမှ ထိထိရှရှခံစားတတ်ကြပါသည်။ ပြီးတော့ အမှတ်ရစရာတွေရှိရင် အိမ်ကို လွမ်းတတ်ပြီး အိမ်ပြန်ချိန်တွေကို လက်ချိုးရေတွက်နေတတ်တာက သဘာဝတစ်ခုလိုဖြစ်နေပါသည်…
သေချာတာတစ်ခုကတော့ အိမ်အဝေးကိုရောက်နေသူတိုင်းအတွက် အိမ်ပြန်ချိန်တိုင်းဟာ ဘုရားသခင်ပေးတဲ့ ဆုလာဘ်တစ်ခုလို ရှားပါးအဖိုးတန်လှပါသည်။
ကျွန်မကိုယ်တိုင်လဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက အိမ်နဲ့ မကြာခဏ ဝေးနေခဲ့ဘူးပါသည်။ တပတ် ဆယ်ရက် ခရီးတိုလေးတွေကစလို့ လနဲ့ နှစ်နဲ့ချီပြီးလဲ ခွဲနေခဲ့ဘူးပါသည်။ ဘယ်လိုအကြောင်းကြောင့်ခွဲခွဲ အချိန်တန်ရင် အိမ်ပြန်ပြီး မိသားစုဆီပြန်ရောက်စမြဲ။ ဒါပေမယ့် အိမ်ပြန်ချိန်တွေက ကျွန်မအတွက် ကျွန်မကို မျှော်နေကြတဲ့ မိသားစုတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အဲဒီအချိန်တွေတုန်းက ကျွန်မကိုယ်တိုင်သတိမထားမိခဲ့ပါ။
အခုချိန်အထိလဲ အိမ်မခင်တဲ့ကကျွန်မ အိမ်ပြန်ချိန်တွေကို သိပ်မတွေးတတ် သိပ်မမျှော်တတ်တာမို့ အိမ်ပြန်ချိန်တွေကို လက်ချိုးမျှော်နေတတ်တဲ့ သူငယ်ချင်းတွေ အိမ်ကိုတချိန်လုံး လွမ်းနေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာ ကျွန်မက သိုးမည်းတစ်ကောင် ဖြစ်မှန်းမသိဖြစ်နေခဲ့ပါသည်။
နောက်ဆုံး လေဆိပ်တစ်ခုရဲ့ ပြည်ပ ထွက်ခွာမှာ ခရီးသည်တွေကို ဝန်ဆောင်မှုပေးရတဲ့ အလုပ်ကို လုပ်နေရတဲ့ အထိ အိမ်ပြန်ချိန်တွေအကြောင်း ကျွန်မ မစဉ်းစားမိသေးပါ။ ခရီးသွားတွေ အဆင်ပြေဖို့ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲလို့ သဘောထားမြဲ။ ခရီးသည်တွေကိုလဲ မလေ့လာခဲ့ သူတို့မျက်နှာပေါ်က အရိပ်တွေကိုလဲ လိုက်ပြီးမဖမ်းတတ်ခဲ့ သူတို့ရင်ထဲက ခံစားချက်တွေကိုလဲ မဖတ်တတ်ခဲ့ပါ။
တကယ်တော့ ကျွန်မမျက်စိရှေ့မှာ တွေ့နေရတဲ့ ခရီးသွားတွေဆိုတာ အိပ်မက်တွေ ပွေ့ပိုက်ပြီး အိမ်ပြန်ကြသူတွေ သံယောဇဉ်ကြိုးတွေ အထပ်ထပ်ဆွဲရာကို အပြေးအလွားလိုက်နေသူတွေနဲ့တူပါသည်။ အိမ်ပြန်ချိန်ဆိုတဲ့ အိပ်မက်ရှည်ကြီးကို အချိန်ကြာကြာ မက်ခဲ့ကြသူတွေပီပီ သူတို့ အိမ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ တက်ကြွနေကြသူတွေလဲ ဖြစ်ပါသည်။
ခရီးသွားတွေ အိမ်ပြန်ဖို့အတွက် အကြောင်းပြချက်မျိုးစုံကလဲ ရှိနေပါသည်။ သာမန် နှစ်ပတ်လည်ခွင့်ပြန်သူတွေ အလုပ်ကိစ္စတွေနဲ့ ပြန်သူတွေရှိသလို သာရေး နာရေး လူမှုရေးတွေကြောင့် အိမ်ပြန်သူတွေလဲရှိပါသည်။
ကျွန်မတို့ဆီကို ရောက်လာတတ်တဲ့ ခရီးသွားတွေကို ထပ်ပြီးခွဲခြမ်းစိတ်ဖြာကြည့်မိပြန်တော့ အနောက်တိုင်းသားခရီးသည်တွေက သံယောဇဉ်ဝန်ထုတ်ဝန်ပိုး ကင်းစွာခရီးသွားလေ့ရှိကြတာကို တွေ့ရပါသည်။
အနောက်တိုင်းသားတော်တော်များများက သူတို့ခရီးသွားတိုင်း တစ်ကိုယ်စာ အသုံးအဆောင်ပစ္စည်းအနည်းအကျဉ်းသာ သယ်ယူသွားလေ့ရှိတာမို့ ဘယ်အချိန်ကြည့်ကြည့် သူတို့ဟန်ပန်က ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်းရှိပါသည်။
အရှေ့တိုင်းသားတွေကတော့ သံယောဇဉ် အမျှင်အတန်းပေါင်းများစွာ ပွေ့ပိုက်ပြီး ရိုးရာ ဓလေ့အစဉ်အလာ များစွာ သယ်ဆောင်ပြီး ခရီးသွားလေ့ရှိကြပါသည်။
ကျွန်မ တခါတွေ့ခဲ့ဘူးတဲ့ ကိုရီးယား ခရီးသည်တစ်ယောက်ကတော့ သူ့အိမ်သူသက်ထား ထည့်ပေးလိုက်တဲ့ ကိုရီးယား ချဉ်ဖတ် (ကင်းမ်ချီ)အတွက် ပေါင်ပိုကြေး ဒေါ်လာ ၅၀၀ ကျော်ကို အပြုံးမပျက်ပဲ ပေးခဲ့ဘူးပါသည်။ တကယ်ဆို သူသယ်လာတဲ့ စားစရာရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ဒေါ်လာ ၁၀၀ တောင်မရှိပါ။
အာရှတိုက်သား အိမ်ပြန်သူ ခရီးသည်အများစုက သံယောဇဉ်ဝန်ထုပ်ဝန်ပိုးတွေလို့ ပြောစမှတ်ပြုရအောင် မိသားစုတွေအတွက် ဝယ်လာတဲ့ အမျိုးအမည်ပေါင်းများစွာသော လက်ဆောင်ပစ္စည်းတွေကို သယ်ဆောင်သွားလေ့ရှိကြပါသည်။
အိမ်ပြန်ကြသူ သူတို့တွေနဲ့ ပဋိက္ခအများဆုံး ဖြစ်ရတာက ကျွန်မတို့ ဝန်ထမ်းတွေ ဖြစ်ပါသည်။
အသေးဖွဲဆုံးနဲ့ အများဆုံးတွေ့ရတဲ့ ပြဿနာက ကျွန်မတို့ဆီက ပစ္စည်းချိန်တဲ့ စက်ကိစ္စ။ သူတို့ဆီက နေ့စဉ်ကြားနေရတဲ့စကား နေ့စဉ်စကားများရတဲ့ ပြဿနာက နင်တို့ ပေါင်ချိန်စက်က မှားနေတာ ငါ အိမ်မှာချိန်တာကွက်တိ ဒီရောက်မှ ပိုသွားတာ မတတ်နိုင်ဘူးဆိုတဲ့ ရီရခက် ငိုရခက် စောဒက တက်မှုတွေ။
သတ်မှတ် အလေးချိန်တွေထက်ပိုနေတာကို သူတို့ကိုယ်တိုင်လဲ သိနေကြသလို အဲဒီအတွက် သတ်မှတ်ထားတဲ့ ပိုက်ဆံကိုလဲ မပေးချင်ကြ။ ဒါပေမယ့် တခါတရံမှာတော့ သူတို့ ဝယ်လာတဲ့ ၁၀ တန်ပစ္စည်း အတွက် နှမြောတွန့်တိုခြင်းကင်းစွာ ပေါင်ပိုကြေးကို ၁၀၀ လောက်ပေးပြီး သယ်သွားသူတွေလဲဒုနဲ့ဒေး။
သူတို့ပေးတတ်တဲ့ ဆင်ခြေတွေက သူတို့အတွက် မရိုးတဲ့ ဆင်ခြေဆိုပေမယ့် နေ့စဉ်ကြားနေရတဲ့ ကျွန်မတို့အတွက်ကတော့ ထပ်ကာထပ်ကာ ရစ်ပြီးနားထောင်နေရတဲ့ ဓါတ်ပြားချပ်တွေလို ဖြစ်နေပါသည်။ ငါမင်္ဂလာဆောင်ဖို့ပြန်တာ ငါ့သတို့သမီးလောင်းအတွက် ဒါတွေမပါလို့မဖြစ်ဘူး... ပိုက်ဆံလဲမပေးချင်ဘူး ကူညီပါအုံး လို့တောင်းပန်ကြသလို… ငါအလုပ်ပြုတ်လို့ပြန်တာပါ ပိုနေတာတွေတော့ မထားခဲ့ပါရစေနဲ့ ဒါတွေက ငါ့မိသားစုအတွက်ပါ ငါနောက်ဆို ဒီကို လာရတော့မှာမဟုတ်ဘူး ကူညီပါအုံး လို့ပြောနေတဲ့ ခရီးသည်တွေ။
"နိုး"ဆိုတဲ့ စကားလုံးနဲ့ "ဆောရီး"ဆိုတဲ့ စကားလုံးကို တနေ့တနေ့ ဘယ်နှစ်ကြိမ်ပြောမိမှန်း မသိအောင်ကို ငြင်းရခုန်ရပေမယ့် သူတို့ဆီက ကျွန်မသင်ယူမိတာက ကျွန်မကိုယ်တိုင် မေ့လျှော့နေခဲ့တဲ့ မိသားစု သံယောဇဉ်နဲ့ သူတို့ကို စောင့်မျှော်နေသူတွေအပေါ်ထားရှိတဲ့ အလေးပေးဂရုစိုက်မှုတွေ အမှတ်တရရှိမှုတွေ ဖြစ်ပါသည်။
ကျွန်မ အိမ်ပြန်ချိန်တွေမှာ ကျွန်မမိသားစုက ကျွန်မဆီက ဘာတွေ မျှော်နေမလဲဆိုတာကို ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့ဘူးပေမယ့် အခုချိန်မှာတော့ ပြန်တွေးကြည့်ဖို့ စိတ်ကူးတစ်ခုရလာပါသည်။ ကျွန်မ လေ့လာခံစားမိရသလောက် လူကြီးတွေက အိမ်ပြန်လာမယ့်သူတွေဆီက မေတ္တာကို မျှော်နေတတ်ကြပြီး ကလေးတွေကတော့ လူကြီးတွေ ဝယ်လာမယ့် လက်ဆောင်ကိုမျှော်နေတတ်ကြပါသည်။
မှတ်မှတ်ရရ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို ခရီးသည်တစ်ယောက်ဆီမှာ ကျွန်မတွေ့ခွင့်ရခဲ့ပါသည်။
ခရီးသည်တွေကို Check –In လုပ်ပေးနေတဲ့ တစ်ရက်မှာ ကျွန်မဘေးနားမှာ ထိုင်တဲ့ သူငယ်ချင်းတစ်ယောက် လင်မယား၂ ယောက်နဲ့ စကားအချေအတင်ဖြစ်နေတာကို တွေ့လိုက်ရပါသည်။ သူတို့ ပြဿနာဖြစ်တဲ့ အချိန်မှာ ကျွန်မကောင်တာမှာက လူလဲရှင်းနေတာမို့ သူတို့ရဲ့ ပြဿနာကို သေသေချာချာ လဲနားထောင်လိုက်ရပါသည်။
အဲဒီခရီးသည် လင်မယားဆီမှာ ကလေးစီး စက်ဘီးတစ်စီးဖိုးအတွက် ပေါင်ပိုခပေးဖို့ အခက်အခဲဖြစ်နေခဲ့ပါသည်။ ပိုနေတာကလဲ ၁၀ ကီလိုတိတိဆိုတော့ လေယာဉ်ရဲ့ Safety Reason အတွက် ကျွန်မတို့ဘက်က သူ့ကို ကူညီပေးလို့မရပါ။ ကျွန်မတို့ဘက်က စည်းကမ်း ဘောင်ထဲက အလွန်ဆုံးကူညီပေးနိုင်တာက ပုံမှန်ဆိုရင် ၃ ကီလိုထက်မပို။
သူငယ်ချင်းက သာမန်ခရီးသည်တွေအတွက် စိတ်မရှည်တတ်ပေမယ့် အကြိမ်ကြိမ် တောင်းပန်အကူအညီတောင်းနေတဲ့ လင်မယားကိုတော့ စိတ်ရှည်ရှည်ထားပြီး ရှင်းပြနေခဲ့ပါသည်။ “မင်းစက်ဘီးရဲ့ တန်ဘိုးက ဘယ်လောက်လဲ” လို့ သူငယ်ချင်းက မေးတော့ “၂၀၀” လို့ ကလေးအဖေက ဖြေပါသည်။ “မင်းရဲ့ ၂၀၀ တန် စက်ဘီးအတွက် ပေးရမယ့် ပေါင်ပိုကြေးက ၃၈၀ ကျမယ် မင်းရဲ့ လေယာဉ်လက်မှတ်ဖိုးရဲ့ တစ်ဝက်စာ လောက်ရှိတယ် ဖြစ်နိုင်ရင် ထားခဲ့လိုက်ပါ “လို့ ပြောပြတော့ ကလေးအဖေက အချိန်တော်တော်ကြာကြာ စဉ်းစားပြီးမှ “ငါ့သားလေးကို မွေးပြီးကတည်းက ငါတို့ထားခဲ့ရတာ အခုဆို သားနဲ့ မတွေ့ရတာ ၂ နှစ်ကျော်ပြီ ဒါလေးတော့ သယ်သွားချင်ပါတယ် နည်းလမ်းမရှိတော့ဘူးလား”လို့ အပ်အက်အက်လေသံလေးနဲ့ ပြန်မေးလာချိန်မှာတော့ ကျွန်မရဲ့ သူငယ်ချင်းလဲ အသံတိတ်သွားခဲ့ပါသည်။
အချိန်တော်တော်ကြာတော့မှ သူငယ်ချင်းဆီက အဖြေတစ်ခု တိုးတိတ်စွာထွက်လာပါသည်။ “မင်း ပစ္စည်းမပါတဲ့ အခြားခရီးသည်ကိုစောင့်ပြီး အကူအညီတောင်းကြည့်ပါ ငါတတ်နိုင်တာ ငါ အကြံပေးနိုင်တာ ဒါပဲရှိတယ် ငါ့မှာလဲ မင်းလိုပဲ သား ၂ ယောက်ရှိတယ် မင်းကို ကူညီချင်ပေမယ့် ငါအလုပ်တော့ အပြုတ်မခံနိုင်ဘူး။ တကယ်ဆို ဒီလို အကြံဥာဏ်မျိုးပေးဖို့တောင် ငါတို့အတွက် အခွင့်အရေးမရှိခဲ့ပါဘူး ငါ့ကို နားလည်ပါ”…တဲ့။
တကယ်လဲ သူငယ်ချင်းပြောတာ မှန်ပါသည် ကျွန်မတို့ လိုက်နာရမယ့် စည်းကမ်းချက်တွေမှာ အဲဒီအချက်တွေလဲ ပါခဲ့ပါသည်။ Airlines တွေနဲ့ ကျွန်မတို့လိုကြားခံ ဝန်ထမ်းတွေကြားမှာ ရှိနေတတ်တဲ့ ဒီလို အခက်အခဲတွေတွေကိုတော့ ခရီးသည်တွေ သိနိုင်မှာမဟုတ်ပါ။ နောက်ဆုံးမှာတော့ အခြားခရီးသည်တစ်ယောက်ကို သူငယ်ချင်းက အကူအညီတောင်းပေးလိုက်ပြီး သူတို့လင်မယားရဲ့ အခက်အခဲလဲ ပြေလည်သွားခဲ့ပါသည်။
ကျွန်မ သူငယ်ချင်းတွေဆီက အမြဲတမ်းကြားနေရတတ်တဲ့ “ဒါငါ့ပြဿနာမဟုတ်ဘူး မင်းတို့ပြဿနာ မင်းတို့ကိစ္စ မင်းတို့ရှင်း”ဆိုတဲ့ စကားသံတွေ “မင်းတို့မပေးနိုင်ရင် ငါတို့အိတ်ထဲက စိုက်ပေးရမှာလား”ဆိုတဲ့ စိတ်မရှည်တဲ့ အသံတွေအစား အဲဒီနေ့က ကြားရတဲ့ သားသမီးချင်း ကိုယ်ချင်းစာတတ်တဲ့ ဖခင်တစ်ယောက်ရဲ့ ရင်ထဲက ထွက်ကျလာတဲ့ သူ့ရဲ့အသံကို ကျွန်မ ရင်ထဲမှာ စွဲမြဲနေတဲ့အထိ မှတ်မိနေခဲ့ပါသည်။
ပြီးတော့ ခရီးသွား ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားကိုလဲ ခရီးသည်ရဲ့ မျက်လုံးတွေထဲမှာ
မြင်တွေ့ခွင့်ရခဲ့ပါသည် ...…..
အဲဒီနေ့ကတော့ သားသမီးသံယောဇဉ်နဲ့ ဘဝကို ရုန်းကန်နေတဲ့ ဖခင်တွေရဲ့ မေတ္တာတရားကို ခရီးသွားတစ်ဦးဆီက သင်ယူခွင့်ရတဲ့ နေ့လဲ ဖြစ်ခဲ့ပါသည်။
ကျွန်မရင်ထဲမှာ ထိထိရှရှ ခံစားမိခဲ့တဲ့ အခြားအဖြစ်အပျက်တစ်ခုကိုလဲ သိပ်မကြာခင်လေးက ထပ်ပြီး ကြုံတွေ့ခဲ့ရပါသည်။
သာမန် သံယောဇဉ်ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတရား ကို ခရီးသွားတစ်ယောက်ဆီမှာ လေးစားစရာကောင်းလောက်အောင် တွေ့လိုက်ရတဲ့ အမှတ်တရ အဖြစ်အပျက်လေးလဲ ဖြစ်ခဲ့ပါသည်။
အဲဒီညက ကျွန်မက Boarding Gate မှာတာဝန်ကျနေတာမို့ ခရီးစဉ်တစ်ခုအတွက် ခရီးသည်တွေရဲ့ Boarding Pass တွေကို စက်နဲ့ scan ဖတ်ပေးနေခဲ့ပါသည်။ ခရီးသည်တစ်ယောက်က သူ့ရဲ့ boarding Pass ကို ကမ်းပေးရင်း သူ့ပစ္စည်းတစ်ခု လေယာဉ်ပေါ်ရောက်မရောက် သိချင်တယ် စစ်ပေးပါလို့ ပြောလာတာမို့ ထုံးစံအတိုင်း ကွန်ပြူတာဆီက မျက်လုံးမခွာမိသလို သူ့မျက်နှာကို သေချာမကြည့်ပဲ ဘာပစ္စည်းလဲလို့ ပြန်မေးလိုက်ပါသည်။ Coffin လို့ မပွင့်တပွင့် ပြန်ဖြေလာတော့မှ သူ့ကိုအလန့်တကြား ပြန်ငေးကြည့်ရင်း ဒီလူစိတ်မှမှန်ရဲ့လား အရက်များမူးနေလားမသိလို့ သံသယ ဝင်သွားမိတာမို့ သူ့ရဲ့ Check-In Information တွေကို ရှာကြည့်တော့ သူနဲ့အတူ Coffin တစ်ခုတကယ်ပဲ ပါနေခဲ့တာကို တွေ့လိုက်ရပါသည်။
“ငါ့မိန်းမရဲ့ အလောင်း လေယာဉ်ပေါ်ရောက်ပြီးမှ ငါလေယာဉ်ပေါ် တက်ပါရစေ”လို့ ခပ်တိုးတိုးတောင်းပန်လာတဲ့သူ့ကို ခဏစောင့်ခိုင်းပြီး လေယာဉ်ပေါ်ကို Coffin ရောက်မရောက် သေချာအောင်မေးပေးခဲ့ပေမယ့် Load Controller ဆီက အဖြေချက်ချင်းမရခဲ့ပါ။ “ဟိုဘက်ဘေးနားမှာ ခဏစောင့်နေပါ ငါမေးထားတယ်”လို့ ပြောပြီး အခြားခရီးသည်တွေကို ဆက်ပြီး Boarding လုပ်ပေးရင်း သူ့ကို ကျွန်မမေ့သွားခဲ့ပါသည်။
ခရီးသည်တွေကုန်လို့ ကွန်ပြူတာထဲမှာ ပြတဲ့အတိုင်း "System Boarding Over" လို့ သတင်းပို့မိမှ ကျွန်မမှာတဲ့အတိုင်း ကျွန်မနဲ့ မလှမ်းမကမ်းမှာ ကျောက်ရုပ်တစ်ရုပ်လို ရပ်စောင့်နေဆဲဖြစ်တဲ့ သူ့ကို တွေ့လိုက်ရပါသည်။ ကျွန်မမှာတဲ့အတိုင်း တကယ်ပဲ စောင့်နေခဲ့တဲ့ သူ့ကို အားနာစွာနဲ့ပဲ Load Controller ကိုထပ်ဆက်သွယ်ပြီး Coffin ရောက်နေပြီလားလို့ မေးမှ ရောက်နေပီဆိုတဲ့ အဖြေကိုကြားရတာမို့ သူ့ကို သေချာ ရှင်းပြပြီး နောက်ဆုံးမှ လေယာဉ်ပေါ်တင်ပေးလိုက်ရပါသည်။
အဲဒီအချိန်တုန်းက သူ့ဆီက ပြန်ရခဲ့တဲ့ "Thank you" ဆိုတဲ့ စကား ဘယ်နှစ်ခွန်း ရှိခဲ့တယ်ဆိုတာကို မမှတ်မိတော့ပေမယ့် ရီဝေနေတဲ့ သူ့မျက်ဝန်းတွေထဲက အမည်ဖော်ပြဖို့ ခက်လှတဲ့ အရိပ်တွေကို ကိုတော့ ကျွန်မမှတ်မိနေခဲ့ပါသည်။
အင်မတန်ရိုးစင်းတဲ့ အဖြစ်အပျက်တစ်ခုဆိုပေမယ့် ဘယ်လို အချိန်မျိုးမှာပဲ ဖြစ်ဖြစ် ဘယ်လို ဘဝမျိုးရောက်ရောက် ချစ်သူကို ချစ်တတ်တဲ့ ဂရုစိုက်တတ်တဲ့ အလေးထားတတ်တဲ့ ခရီးသွားတစ်ယောက်ကို တိုက်ဆိုင်မှု မရှိပေမယ့်လဲ ကျွန်မ သတိတရရှိနေခဲ့ပါသည်။
အိမ်ထောင်ဘက်တွေအတွက် “အေးအတူ ပူအမျှ” “ ဆိုးတူကောင်းဘက်” ဆိုတဲ့ စကားတွေထက် ပိုပြီးလေးနက်တဲ့ စကားလုံးတစ်ခုကို သူ့အတွက် ရှာဖွေကြည့်မိပါသည်။ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဆက်ခံစားဖို့ အခွင့်အရေးမရှိတော့ရှာတဲ့ အသေစောတဲ့ သူ့ရဲ့ အမျိုးသမီးကိုလဲ စာနာသနားမိခဲ့ပါသည်။
တကယ်ဆို ကျွန်မနေ့စဉ် တွေ့နေရတဲ့ ခရီးသည်တွေက ကျွန်မကို သံယောဇဉ်နဲ့ ချစ်ခြင်းတရားတွေအကြောင်း အိမ်ပြန်ချိန်တွေရဲ့ အရေးပါပုံတွေ အကြောင်းကို မရိုးနိုင်အောင် သင်ပေးခဲ့ကြပါသည်။
ပြီးတော့ မိသားစုနဲ့ ချစ်ခြင်းမေတ္တာတွေ အကြောင်း… ကျွန်မတို့ မသိနိုင် မခံစားနိုင်ပေမယ့် အိမ်ပြန်ချိန်ကို စောင့်မျှော်နေသူတွေကို အလေးထား အရေးပေးတတ်ဖို့လိုတဲ့အကြောင်းကိုလဲ သူတို့ဆီက ကျွန်မ သင်ယူခွင့်ရခဲ့ပါသည်။
အခုနောက်ပိုင်းမှာတော့ ခရီးသွားတွေရဲ့ ရင်ထဲကို ဝင်ပြီးခံစားတတ်လာခဲ့သလို သူတို့ မျက်လုံးတွေထဲက အရိပ်တွေကိုလဲ ကောင်းကောင်း ဖတ်တတ်လာခဲ့ပါသည်။ သူတို့ ကျွန်မကို သင်ပေးခဲ့တဲ့ အိမ်ပြန်ချိန်တွေ အရေးပါပုံကိုလဲ ပိုပြီး သိလာတာမို့...
သံယောဇဉ်တွေ ထုတ်ပိုးသယ်ဆောင်ပြီး ခရီးသွားကြသူတွေ ရင်ထဲက သံယောဇဉ် အပိုင်းအစတွေကို ခရီးဆုံးရောက်တဲ့အထိ သယ်သွားနိုင်ဖို့….
ဘယ်လိုနေရာမျိုးမှာမှ လွင့်စင်ပျောက်ပျက်သွားပဲ မိသားစုချစ်ခြင်းမေတ္တာတွေ ခိုင်မြဲစေဖို့……
ဘေးမသီရန်မခ အိမ်ပြန်ချိန်တွေ လှပစေဖို့….
ဆုမွန်ချွေရင်း….
ဒီပို့စ်လေးကတော့ ခရီးသွားများကြားက ခရီးသွားတစ်ဦးအတွက် လက်ဆောင်ပါ…..
Monday, May 24, 2010
|
Labels:
အက်ဆေး
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
16 comments:
Hew!!!
After a long time break...
Welcome back ...
နှင်းရေ
စောစောစီးစီးရောက်လာပါတယ်.. မအိပ်ဖြစ်သေးလို့လေ
ဖတ်ရတာ ခံစားချက်ကလေးတွေက ရင်ထဲကို ကူးစက်လာမိတယ်
တကယ်တမ်းတော့ အာရှနိုင်ငံသားတွေဟာ အနောက်နိုင်ငံသားတွေထက် မေတ္တာတရားမှာ ပိုလေးနက်တယ်.. အိမ်ကို ပိုပြီး ချစ်ခင်ကြတယ်နော်
ဒီအလေ့အထလေးက ချစ်စရာကောင်းသလို မြတ်နိုးဖွယ်ရာလဲ ဖြစ်ပါတယ်..
ဒါပေမဲ့ အိမ်ပြန်ချိန်မှာတော့ ကရိကထများလွန်းတယ်..
ဘာဘဲဖြစ်ဖြစ် အိမ်ပြန်ရောက်သွားရင် ဘယ်လောက်များတဲ့ လက်ဆောင်ဘဲ ဖြစ်ဖြစ် ပေးမလောက်တာ၊ ကိုယ်ဝယ်ခဲ့တာ နည်းသွားတယ်ဆိုတဲ့ အဖြစ်ကတော့ လူတိုင်းကြုံရတာပါဘဲနော်..
ရေးထားတာလေးက ဖတ်လို့ သိပ်ကောင်းတာပါဘဲ..
ရင်ဘတ်ထဲမှာတော့ ကာလအတော်ကြာအောင် Homesick . . Homesick လို့ မြည်နေခဲ့ဖူးတယ်။
အချိန်တန်လို့ အိမ်ပြန်ကြရတာ ဆိုပေမဲ့ အိမ်ဆိုတဲ့ အိမ်ကလည်း ငါ့ကို အိမ်လို နွေးနွေးထွေးထွေး ကြိုဆိုနေမှာလား လို့ ယောင်ယောင်ဝါးဝါး စဉ်းစားမိပြန်ရော။ ဘာပဲ ပြောပြောပေါ့လေ အချိန်ဆိုတာ အရာရာကို ပြောင်းလဲ စေနိုင်ပါတယ်။
ကိုယ့်ရဲ့ ချစ်သူ ခင်သူ သံယောဇဉ်ရှိသူတွေနဲ့ ခွဲပြီး ရည်မှန်းချက်တခုအတွက် ကြိုးစားရုန်းကန်နေသူတွေအတွက် ညီမလည်း ၀ိုင်းပြီးဆုတောင်းပေးလိုက်ပါတယ်
အားလုံးရဲ့ ရည်မှန်းချက်တွေ အမြန်ဆုံး ပြည့်ဝ ပါစေ
ပျော်ရွှင်ဖွယ် အဆုံးသတ်နဲ့ ဖြတ်သန်းနိုင်ကြပါစေ ..
အတွေ့အကြုံတွေအရ စဉ်းစားစရာတွေအများကြီးနော်...
လက်တွေ့ကျတဲ့ဘ၀မှာ ပျော်ရွှင်နိုင်ပါစေ နှင်းမာယာရေ။
ကီလို ၂၀ ပဲ ရလို့  အိုဗာဝိတ် ဖြစ်တာ မကြာ ခဏ ကြုံ ဖူး တယ် ။ ပစ္စည်း တန်ဘိုး ထက် ပေးရမဲ့ အပိုကြေး ဆိုတာ ကို အဲ့ဒီအချိန်ကျ ဘယ်လို မှ မစဉ်းစား မိလို့ ၊ မတန်တဆ အပိုကြေး ပေးလိုက်ရတာ လည်း အကြိမ်ကြိမ်ပါပဲ ။
ဒီ သံယောဇဉ်တွေ မရှိမကောင်း ရှိမကောင်း နဲ့  ..
တော်ပြီ ၊ နောက်ဆို ဘာမှ ဝယ်မသွားတော့ ဘူး ..း))
( စိတ်ဝင်စား လို့  မေးချင်တာ တခု .. ဖြေ နော်..
ဒီလို Coffin သယ် သွား ရင် ၊ ဘယ် နေရာမှာ ထားတာလဲ ။ ထိုင်ခုံ ၃ခုစာ လက်မှတ် ဝယ်ရတာ လား ၊ weight နဲ့ ချိန်ရတာလား .. .. ဟင် )
သိချင်သူ ..း)
တခါတလေတော့လည်းအရှေ့တိုင်းသားတွေရဲ့သံယောဇဉ်
ကြီးမှုဟာ အခက်အခဲတွေ့တတ်ကြတယ်နော်။
အနောက်တိုင်းသားတွေကတော့တကယ့်ကိုပေါ့ပေါ့ပါးပါးပဲ.
ဒါလည်းတမျိုးတော့ကောင်းသလိုပဲ။
ကျန်းမာပျော်ရွှင်ပါစေမနှင်းရေ..
ခင်တဲ့
သဒ္ဓါ
အိမ်ပြန်ရမယ် ဆိုရင် လူတိုင်း ပျော်ကြတာပဲနော်..
အိမ်ပြန်ခရီးကို စဉ်းစားရင် ရင်ထဲမှာ နွေးထွေးသလို ခံစားရတယ်..။
ကောင်းလိုက်တာနော်၊ အတွေ့အကြုံကိုရေးတာဆိုတော့ပိုပြီးထိရှတယ်နော်၊အားပေးနေတယ်၊
ကိရေ Coffin ကတော့ Cargo hole ထဲမှာပဲ cargo တွေနဲ့ အတူတူ သယ်လေ့ရှိပါတယ်။ ဒါတွေကလဲ သက်ဆိုင်ရာ လေကြောင်းလိုင်း သက်ဆိုင်ရာ နိုင်ငံတွေကို လိုက်ပြီး အပြောင်းအလဲရှိပါတယ်။ အဲဒီအတွက် ကျသင့်ငွေကတော့ Cargo တွေကို ယူတဲ့ နှုန်းအတိုင်းပဲ ယူပါတယ်။
ပြီးတော့ ကိပြောတဲ့ ထိုင်ခုံတွေအတွက် နေရာဝယ်ပြီး သယ်လို့ရတဲ့ ပစ္စည်းတွေကတော့ ရွှေ ငွေနဲ့ သက်ရှိတိရိစ္တာန်တွေပါပဲ။
သက်ရှိတိရိစ္ဆာထဲမှာမှ သူ့နိုင်ငံအလိုက် သယ်ဆောင်ခွင့်မရှိတဲ့ တိရိစ္ဆာန်တွေရှိပါတယ်.ဥပမာ ခွေးကို လေယာဉ်ပေါ်မှာ သခင်နဲ့အတူတူ ခရီးသွားဖို့ နိုင်ငံတိုင်းက လက်မခံပါဘူး။ အဲလို နိုင်ငံတွေကိုတော့ Cargo အနေနဲ့ပဲ သယ်ခွင့်ရှိပါတယ်။ သာမန်ထက် ကြီးထွားတဲ့ တိရိစ္ဆာန်တွေကိုလဲ Cargo အနေနဲ့ပဲ လက်ခံပါတယ်။
ပြီးတော့ မျက်မမြင်ခရီးသည်တွေရဲ့ အဖော် Seeing Eye dog နဲ့ နားမကြားတဲ့ ခရီးသည်တွေ အတွက် လေ့ကျင့်ပေးထားတဲ့ခွေး Hearing dog ကိုတော့ ခုံနေရာ ဝယ်စရာမလိုပဲ ခရီးသည်နဲ့အတူ လေယာဉ်ပေါ်မှာ သယ်ခွင့်ရှိပါတယ်.. ဒါကလဲ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေရဲ့ စည်းမျဉ်းစည်းကမ်းကို မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။
ဒီမှာ ထိုင်ခုံလက်မှတ်ဝယ်ပြီး အများဆုံး သယ်ကြတာကတော့ ရွှေ ငွေတွေနဲ့ သိမ်းငှက်တွေပါပဲ။ သူတို့ကို CBBG လို့ခေါ်ပါတယ်။ သူတို့အတွက် Manual Boarding Pass ထုတ်ပေးရပါတယ်။ လှောင်အိမ်ထဲထည့်ထားတဲ့ ငှက်တစ်ကောင်ကို နေရာတနေရာစာပေါ့ ။ ရွှေကိုတော့ ခုံတနေရာစာအတွက် ခရီးဆောင်အိတ် ၂ လုံး အထိ သတ်မှတ်သယ်ခွင့်ပေးပါတယ်။ ရွှေတွေကို ထိုင်ခုံ ၅ ခုံစာကနေ ၁၅ ခုံစာလောက်အထိ နေရာဝယ်ပြီး သယ်သွားကြတာကို မြင်ဘူးပါတယ်။
(ကိရေ ကီလို ၄၀ ရချင်ရင် အာဖဂန်နစ္စတန်ကိုသွားလည်ပါလားးးးး
သူတို့ကို ကီလို၄၀ တောင်ပေးတယ် Business Class ဆိုရင် ကီလို ၅၀ ရတယ်။)
နှင်း
ခုလိစိတ်ရှည် လက်ရှည် ပြန်လည် ဖြေကြားပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် နှင်း ရေ...
ဗဟုသုတ ရတာ ပေါ့.....
မျက်မမြင်အတွက် ခွေးက လက်မှတ် ဝယ်စရာ မလို တော့ သူ ဘယ်နေရာ ထိုင် မှာ လည်း ..ဟင် ..( လျှာ ဆက် ရှည် မိပါတယ် ... )
နှင်း ပေးတဲ့ အကြံ အတိုင်း အကောင် အထည် ဖေါ်ရင် ကောင်းမလား လို့  စဉ်းစား နေတယ် ..ဟိဟိ ..အာဖဂန် သွားပြီး မြန်မာပြည် အတွက် ဘာ လက်ဆောင် များ ဝယ်ရရင် ကောင်းမလည်း နော် .. .. အပြန်ကျ ဒူဘိုင်း ခဏ ဝင်လည် ရင် ရော..ဖြစ်မလား ..နှင်း ဆီ လာ တည်း ရအောင် လေ ..ဟိဟိ ..( တကယ် ပြော တာ .. လန့် သွား တယ်လား.... )
အလိုက် မသိသူ .....း )))
နေရာတိုင်းမှာ ဗဟုသုတယူစရာတွေက အများကြီးဘဲနော် မနှင်း။ ယူတတ်ရင် ယူချင်စရာတွေချည်းပါဘဲ။ အထူးသဖြင့်တော့ မေတ္တာတရားကိုဖော်ကျူးတဲ့ပုံရိပ်တွေကို ခရီးသည်တွေဆီက ရရှိလိုက်တာ အမြတ်ပါဘဲ။
နှင်းရေ..ပို့စ်ကောင်းလေးတခုနော်..
တကယ့်အတွေ့အကြုံနဲ့ရတဲ့
ခံစားချက်အပြည့်ပို့စ်တခုပေါ့..
ချစ်မကြီး... အတွေ့အကြုံနဲ့ ပိုစ့်ကောင်းလေး လာအားပေးသည်။
စကားမစပ်... အရမ်းလွမ်းတာပဲ...ဟင့်
နှင်းရေ...
Home Sweet Home...
There no place like Home...တဲ့နော်။
အိမ်ဝေးနေသူများအားလုံး အိမ်နဲ့အမြန်ဆုံးပြန်လည်
ဆုံဆည်းခွင့်ရစေချင်ပါတယ်။
ခင်မင်သော..
မြသွေးနီ
နှင်းရေ...
Home Sweet Home...
There no place like Home...တဲ့နော်။
အိမ်ဝေးနေသူများအားလုံး အိမ်နဲ့အမြန်ဆုံးပြန်လည်
ဆုံဆည်းခွင့်ရစေချင်ပါတယ်။
ခင်မင်သော..
မြသွေးနီ
Post a Comment