မိန်းမနှစ်ယောက် မျက်ရည်နှစ်စက်
နေ့လည်စာစားဖို့ ခေတ္တအနားရချိန်မှာ ထုံးစံအတိုင်း လက်ကိုင်ဖုန်းလေးကနေတဆင့် Facebook ကို ခဏဝင်ကြည့်မိတော့ ခပ်သေးသေးလေး မှန်သားပြင်ပေါ်မှာ ဂျူလီယာကို မှတ်ချက်ပေးထားတဲ့ Joe ရဲ့စာသားလေးတစ်ချို့ကိုတွေ့လိုက်ရပါသည်။
“ပျော်ရွှင်ဖွယ်ခရီးလေး ဖြစ်ပါစေ… အခွင့်အရေးရခဲ့ရင် ဘဝရဲ့ သင်ခန်းစာသစ်တစ်ခုမှာ ထပ်တွေ့ကြမယ်…” ဆိုတဲ့ စာတမ်းတိုလေးက ကျွန်မကို မျက်ရည်လည်စေတဲ့အထိ ဝမ်းနည်းသွားစေခဲ့ပါသည်။
ဘဝရဲ့ သင်ခန်းစာသစ်ဆိုတာက ကျွန်မတို့သူငယ်ချင်းတွေနဲ့ ဂျူလီယာအတွက် ရှိချင်မှ ရှိမယ်ဆိုတာ ကျွန်မတို့အားလုံးသိထားကြပေမယ့် joe လိုတော့ စကားလုံးကြမ်းကြမ်းတွေကို အခုလိုအချိန်မှာ မသုံးရက်ခဲ့ပါ… “အခွင့ှ်ရှိခဲ့ရင်” ဆိုတဲ့ စကားလုံး “ဘဝရဲ့ သင်ခန်းစာသစ်” ဆိုတဲ့စကားလုံးတွေကို ရွေးပြီးသုံးထားတဲ့ Joe ကိုလဲ ကျွန်မစိတ်ဆိုးမိပါသည်။
ဂျူလီယာနဲ့ ခွဲခွာဖို့အတွက် လုံလောက်တဲ့ ပြင်ဆင်ချိန်ရခဲ့ပေမယ့် ဒီလိုနေ့ကိုရောက်လာဖို့ကို ကျွန်မရင်မဆိုင်ရဲခဲ့ပါ။ သူမနဲ့ခွဲရမယ်ဆိုတာကို တစ်လလောက်ကြိုသိခွင့်ရခဲ့သလို လွန်ခဲ့တဲ့ တပတ်လောက်ကလဲ သူရေးထားတဲ့ မှတ်စုတိုလေးကိုကြည့်ပြီးတော့ ကျွန်မစိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ရပါသည်။
“ချစ်သူရေ ကျွန်မတို့ ဘဝအတွက် ခဏတော့ ခွဲရအုံးမယ်… ခံစားချက်ပေါင်းများစွာနဲ့ ဝမ်းနည်းမိတယ် စိတ်လှုပ်ရှားနေမိတယ်” လို့သူ့ချစ်သူကို တိုင်တည်ထားတဲ့ စာတမ်းလေးအောက်မှာ မှတ်ချက်ပေးဖို့ ခွန်အားတွေမရှိခဲ့ပေမယ့် အပြင်းအထန်စိတ်ထိခိုက်နေတဲ့ သူမကို အားပေးဖို့အတွက် “နင့်ရဲ့ မိသားစုစိတ်ဓါတ်လေးကို လေးစားမိတယ်”လို့ ခပ်တိုတို မှတ်ချက်ပေးပြီး သူမအတွက် ကြေကွဲနေခဲ့ရတာ ဒီနေ့အထိဆိုတာ ဂျူလီယာ မသိနိုင်ခဲ့ပါ။
လွန်ခဲ့တဲ့ ၂ နာရီလောက်က ဂျိုးပေးထားတဲ့ မှတ်ချက်အရဆိုရင် သူမ လေယာဉ်ပေါ်မှာရောက်နေလောက်ပြီလို့ ခန့်မှန်းမိတာမို့ သူမကို လှမ်းနှုတ်ဆက်ဖို့ အချိန်မီပါ့မလားလို့ အပြေးအလွားစဉ်းစားရင်း မက်ဆေ့တိုတိုလေးတစ်ခုကို အမြန်ဆုံးရိုက်လိုက်မိပါသည်။
“နင့်ကိုငါအမြဲလွမ်းနေမယ်… ဂရုစိုက်နော်… တနေ့နေ့မှာ ပြန်ဆုံကြမယ် “ ဆိုတဲ့ မက်ဆေ့လေးကိုပို့ပြီးချိန်မှာတော့ သူမဆီက ပြန်လာမယ့် မက်ဆေ့လေးကို အချိန်အတော်ကြာတဲ့အထိ စောင့်ကြည့်နေခဲ့မိပါသည်။
နာရီဝက်ကျော်ကျော်ကြာပြီးထဲ့အထိ သူမဆီက မက်ဆေ့ကို ပြန်မရခဲ့တာမို့ ကျွန်မပို့တဲ့ မက်ဆေ့လေးကိုတောင် သူမ တွေ့သွားရဲ့လားဆိုတဲ့ သံသယလေးနဲ့ စိတ်မကောင်းဖြစ်ရပြန်ပါသည်။
နေ့လည်စာစားပြီးချိန်မှာ အလုပ်များနေတာမို့ အိမ်ပြန်ချိန်ရောက်မှ သတိတရနဲ့ ဖုန်းလေးကို ထုတ်ကြည့်မိတော့ သူမဆီက မက်ဆေ့တိုလေးကိုတွေ့လိုက်ရတာမို့ ဟန်မဆောင်နိုင်လောက်ပဲ ပျော်သွားရပါသည်။
“ငါလဲ နင့်ကို လွမ်းနေမှာပါ … နင့်ငါ့အပေါ် အများကြီးကောင်းခဲ့ဘူးတယ် အမြဲတမ်း ဆက်သွယ်နေကြရအောင်နော်”….ဆိုတဲ့ စာတမ်းလေးကိုဖတ်ပြီးချိန်မှာ သူမပြောတဲ့ နင်ငါ့အပေါ် အများကြီး ကောင်းခဲ့ဘူးတယ် စကားလုံးတွေအတွက် ကြေကွဲစိတ်တွေနဲ့အတူ ကြည်နူးမိပြန်ပါသည်။
ဆယ့်ငါးနှစ်နီးပါး သူမရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်ကိုစွန့်ပြီး သူမချစ်တဲ့သူတွေနဲ့ ခွဲခွာချိန်မှာ ဂျူလီယာက ကျွန်မထင်ထားတာထက် ပိုပြီး ပြတ်သားနေသလို သူမရဲ့ ဆုံးဖြတ်ချက်အတွက်လဲ နောက်ဆုံးအချိန်အထိ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေကို မပြခဲ့ပါ။ ကျွန်မချစ်တဲ့ ဂျူလီယာစိတ်ဓါတ်ကြံ့ခိုင်မှုက သူမဘဝတစ်ခုလုံးစာအတွက်ပဲဆိုတာကို သိလိုက်ရတာမို့ နှမြောစိတ်နဲ့အတူ သူမကို ထပ်ပြီးလေးစားအားကျရပြန်ပါသည်။
ဒါပေမယ့် သူမနဲ့ နှစ်ယောက်တည်းတွေ့ဖြစ်ခဲ့တဲ့ နောက်ဆုံးနေ့က ကျွန်မတို့နှစ်ယောက်လုံး ဟန်မဆောင်နိုင်လောက်အောင် ဝမ်းနည်းမိခဲ့ကြသလို ထိန်းထားတဲ့ကြားက ကျလာတဲ့ ကျွန်မတို့ နှစ်ယောက်တည်းသာသိနားလည်ခဲ့တဲ့ မျက်ရည်နှစ်စက်ရဲ့ ရာဇဝင်ကိုတော့ သူမရောကျွန်မပါ အမြဲတမ်း သတိရနေမှာသေချာပါသည်။
သက်တူရွယ်တူ ခံစားချက်တူ စိတ်ဓါတ်မာကျောလွန်းတဲ့ မိန်းမနှစ်ယောက် မာနတွေ အလွာလိုက် ကွာကျသွားတဲ့ အခိုက်အတန့်မှာ ဟန်ဆောင်တင်းထားတဲ့ကြားက ကျလာတဲ့ မျက်ရည်နှစ်စက်ဆိုတော့ တော်ရုံတန်ရုံနဲ့ ဒီမျက်ရည်နှစ်စက်ကို မေ့ဖို့ မဖြစ်နိုင်ပါ။
မျက်ရည်နှစ်စက်ရဲ့ ရာဇဝင်
ကျွန်မနဲ့ အကျင့်စရိုက် ပုံစံချင်းတူလွန်းတဲ့ သူမကို လွန်ခဲ့တဲ့ လေးနှစ်လောက်က စတင်ရင်းနှီးသိကျွမ်းခဲ့ပါသည်။
မတူညီတဲ့ နိုင်ငံနှစ်ခုကလာတဲ့ မိန်းမနှစ်ယောက်ဆိုပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ သူနဲ့ကျွန်မကြားမှာ တူညီမှုတွေ ရှိနေခဲ့ပါသည်။
သူနဲ့ကျွန်မ မွေးနေ့ခြင်းက သိပ်မကွာလှ ရာသီခွင်တစ်ခုတည်း တစ်နှစ်တည်း တစ်လတည်းမှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို မွေးဖွားလာသူတွေပီပီ ကောင်းတဲ့အချက်တွေရော ဆိုးတဲ့အချက်တွေမှာပါ သူမနဲ့ ထပ်တူထပ်မျှ တူညီခဲ့ကြပါသည်။
သူမရဲ့ မျက်နှာလေးကိုမြင်တိုင်း ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်ကြည့်နေရသလို မျက်နှာကျပုံချင်းကလဲ တူနေပြန်ပါသည်။ အိမ်ထောင်သည်ဖြစ်တဲ့သူမက ကျွန်မထက် အနည်းငယ်ပိုဝနေတာကလွဲလို့ သူနဲ့ကျွန်မက အရပ်အမောင်းချင်းလဲ သိပ်မကွာလှ။ အစားအသောက် အဝတ်အစားမှာလဲ အကြိုက်ချင်းက တူနေပြန်တာမို့ သူနဲ့ကြံကြံဖန်ဖန်ဆုံဆည်းစေခဲ့တဲ့ ကံကြမ္မာကိုလဲ အံ့သြမိပါသည်။
အဓိက ကွာသွားတဲ့ အချက်တစ်ခုက သူမက ဒီနိုင်ငံကို ကျွန်မထက် ၁၀ နှစ်စောပြီးရောက်လာခဲ့တာနဲ့ ကျွန်မနဲ့ သိခွင့်ရချိန်မှာ အိမ်ထောင်ကျနေပြီဖြစ်တဲ့ သူမမှာ သုံးနှစ်အရွယ် သားလေးတစ်ယောက် ရှိနေခဲ့တာရယ်ပဲ ဖြစ်ပါသည်။ ကျွန်မကတော့ သူမနဲ့ တွေ့ချိန်ကတည်းက ခုချိန်ထိ ဘဝလမ်းတွေကို တစ်ယောက်တည်း စမ်းတဝါးဝါးလျှောက်လို့ကောင်းနေဆဲ။
သူနဲ့ကျွန်မကြားမှာ အဓိက တူညီတဲ့နေရာ အကျင့်ဆိုးလေးတွေကတော့ ခေါင်းမာတာ ရည်မှန်းချက်ကြီးတာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ လုပ်ချင်တာ လုပ်တတ်တဲ့ အကျင့်လေးတွေပဲဖြစ်ပါသည်။
ဒါပေမယ့် မိန်းမသားတွေရဲ့ ထုံးစံအတိုင်း တွေ့တွေ့ချင်းဆောက်နဲ့ထွင်းဆိုသလို ကျွန်မတို့ရဲ့ အစောပိုင်းကာလတွေကတော့ သိပ်ပြီးမလှပခဲ့။ အလုပ်ထဲမှာ သိကျွမ်းခဲ့သူတွေမို့ သူက နှစ်ပေါင်းများစွာ စောပြီးရောက်နှင့်တဲ့ စီနီယာပီပီ မောက်မာပြီး မာနကြီးနေခဲ့တဲ့ အချိန်တွေမှာ ကျွန်မကလဲ အလုပ်ထဲမှာ သူ့ကိုရှိတယ်လို့တောင် အသိအမှတ်မပြုခဲ့ပါ။
မကောင်းတတ်လွန်းလို့ စကားပြောရချိန်တွေမှာတောင် သူက အထက်စီးက ခပ်ကျောကျောပြောခဲ့သမျှ ကျွန်မကလဲ ပေစောင်းစောင်းနဲ့ နားထောင်တစ်ချက် နားမထောင်တစ်ချက်လုပ်ခဲ့ဘူးပါသည်။အဲဒီအချိန်တွေတုန်းက ကျွန်မတို့နှစ်ယောက်ကြားက ဆက်ဆံရေး အခြေအနေက ဘေးကလူတွေ စောင့်ကြည့်အကဲခတ်ယူရတဲ့ အထိလဲ အတော်လေးကို တင်းမာခဲ့ဘူးပါသည်။
ဒါပေမယ့် အလုပ်ဝင်ပြီး သိပ်မကြာခင်မှာ ကျရောက်လာတဲ့ ကျွန်မရဲ့ မွေးနေ့နဲ့အတူ ကျွန်မမွေးနေ့ထက် သုံးရက်နောက်ကျပြီးရောက်လာမယ့် သူမရဲ့ မွေးနေ့ကိုစုပေါင်းပြီး သူငယ်ချင်းတွေကစီစဉ်ပေးတဲ့ ပါတီပွဲသေးသေးလေးမှာ ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက စတင်ပြီး အဆင်ပြေစပြုလာခဲ့ပါသည်။
ဒုတိယအကြိမ်ကတော့ ကျွန်မတို့နှစ်ယောက်နဲ့အတူ အခြားသော ဝန်ထမ်းတချို့ပဲ တက်ရောက်ခွင့်ရခဲ့တဲ့ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားဝန်ထမ်းတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲလေးမှာဖြစ်ပါသည်။ တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးရာဇဝင်တွေကို ပြောပြပြီး တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ပြီးချိန်မှာတော့ သူမလုံးဝမသိရှိခဲ့တဲ့ ကျွန်မရဲ့အခြားသော ကိုယ်ရေးရာဇဝင် အပိုင်းအစတချို့ကို မထင်မှတ်ပဲ သိလိုက်ရတာမို့ ဂျူလီယာရဲ့ မျက်လုံးတွေ ကျွန်မအပေါ်မှာ သိသိသာသာနွေးထွေးလာခဲ့ပါသည်။
တွေ့ဆုံပွဲလေးပြီးချိန်မှာ သူ့ရဲ့ အံ့သြစိတ်တွေ မထိန်းနိုင်တဲ့ ဂျူလီယာက “နင့်တိုင်းပြည်မှာ နင့်လိုတော်တဲ့လူတစ်ယောက်အတွက် အခွင့်အရေးတွေရှိနေတာတောင် ဘာလို့နိုင်ငံခြားတိုင်းပြည်တွေကို စိတ်ဝင်စားရတာလဲ” ဆိုတဲ့ နှစ်ကိုယ်ကြားမေးလာတဲ့ မေးခွန်းလေးကိုတော့ “Career တွေနဲ့ပက်သက်ရင် လူတွေရဲ့ လောဘက အဆုံးမရှိဘူးလေ… ငါက အလုပ်လုပ်ဖို့အတွက် နေရာမရွေးတတ်ဘူး...ပြီးတော့ ငါနိုင်ငံခြားတိုင်းပြည်ကိုရွေးခဲ့တာ ငွေမျက်နှာ တစ်ခုတည်းအတွက်လဲမဟုတ်ဘူး” လို့ပဲ ပြန်ပြောလိုက်မိပါသည်။ ကျွန်မစကားဆုံးချိန်မှာ ဂျူလီယာက “ငါလဲနင့်လိုပဲ “ လို့ ကျွန်မရဲ့ အဖြေကိုအပြည့်အဝထောက်ခံလိုက်တဲ့ အခိုက်အတန့်မှာ ကျွန်မတို့နှစ်ယောက်ကြားက တံတိုင်းတစ်ခု အလိုလို ပြိုကျသွားခဲ့ပါသည်။
ဂျူလီယာက သူ့အမျိုးသားထက် ရာထူးကြီးတဲ့ မိန်းမတစ်ယောက်ဖြစ်နေတဲ့အပြင် လက်ရှိမိသားစုလေးကို ဦးဆောင်နေတာမို့ သူမက အမြဲတမ်း တက်ကြွနေတတ်ပါသည်။ မလိုအပ်ပဲ ခေါင်းမာတတ်ပေမယ့် နေရာတကာမှာ စိတ်ဓါတ်ပျော့ညံ့လွန်းတဲ့ ကျွန်မနဲ့ ဆန့်ကျင်စွာပဲ ဂျူလီယာတော့ နေရာတိုင်းမှာ ပြတ်သားတတ်ပါသည်။ သူမရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက်လဲ အမြဲတမ်း စဉ်းစားနေသလို အလုပ်နဲ့ပက်သက်လာရင်လဲ အမြဲတမ်းအသင့်အနေအထား ဖြစ်နေတတ်တာမို့ သူမရဲ့ အနာဂတ်က အတိုင်းထက်အလွန် လှပနေမယ်လို့ ကျွန်မတို့အားလုံးက ယုံကြည်ထားကြပါသည်။
သူမရဲ့ လုပ်သက် ၁၀ နှစ်ကျော်အတွင်းမှာ တဆင့်ပြီးတဆင့်တိုးတက်လာတဲ့ ရာထူးအဆင့်အတန်းနဲ့အတူ သူမရဲ့အောင်မြင်မှုအတွက် ကျွန်မကိုယ်တိုင်လဲ အထင်ကြီး အားကျခဲ့ဘူးပါသည်။ ဒီနိုင်ငံရောက်ပြီးချိန်မှာ ကျွန်မရဲ့ ပထမဆုံး Role Model ကသူမဖြစ်ခဲ့သလို သူမရဲ့ ခြေရာကိုမီဖို့ လောဘတကြီးလိုက်ကြိုးစားမိပါသည်။
အခွင့်ကြုံတိုင်း ကျွန်မကို ဂျူလီယာက အားပေးကူညီခဲ့သလို ကျွန်မရဲ့ လိုအပ်ချက်တွေကိုလဲ အမြဲတမ်း စောင့်ကြည့်ဝေဖန်ပေးတတ်ပါသည်။ နောက်ပိုင်းမှာတော့ ကျွန်မအတွက် အခွင့်အလမ်းများကိုလဲ သူမကိုယ်တိုင်ပဲ ရှာဖွေပေးခဲ့ပါသည်။
သူမရဲ့ ခပ်ပြည့်ပြည့်ကိုယ်လုံးလေးကို “ဝက်ပေါက်စလေး” လို့ ကျွန်မက မကြာမကြာ စနောက်တတ်ပေမယ့် သူမက အပြုံးမပျက်ခဲ့ပါ။ “နင်အိမ်ထောင်ပြုကြည့်လိုက်ပါ နင်လဲ ဝက်ကလေးဖြစ်လာမှာပါလို့” ပြန်ချေပတတ်တာကလွဲလို့ ကျွန်မကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့။ သူမဆီမှာတွေ့ရတဲ့ အိမ်ထောင်မကျခင်တုန်းက ဓါတ်ပုံတွေထဲမှာ ကျွန်မနဲ့ထပ်တူထပ်မျှကို ပိန်ပိန်ပါးပါး ကောင်မလေးတစ်ယောက်ကို တွေ့ရတာမို့ “ငါနဲ့ တော်တော်တူတယ်”လို့ ပြောမိတိုင်း သူမက ပြုံးနေတတ်ပါသည်။
“ မလိုအပ်တဲ့ နေရာတွေမှာ အဆီတွေစုပြီး အလှပျက်အောင် ဝလာတာကလွဲရင် အိမ်ထောင်သည်ဘဝကို ငါသဘောကျတယ် “ လို့သူမက မကြာခဏ ဂုဏ်ယူတတ်ပါသေးသည်။
တစ်ခါတုန်းကတော့ ဥရောပ နိုင်ငံတစ်ခုကိုရောက်နေပြီဖြစ်တဲ့ သူမရဲ့ သူငယ်ချင်းတစ်ယောက်က သူမတစ်ယောက်တည်းအတွက် အလုပ်သစ်တစ်ခု စပွန်ဆာပေးလာခဲ့ပါသည်။ သူမကို အမြန်ဆုံးလိုက်လာဖို့ တွန်းအားပေးခဲ့ပေမယ့် သူမရဲ့ ခင်ပွန်းနဲ့ သားငယ်လေးကိုငဲ့ကွက်ပြီး ပြတ်ပြတ်သားသား ငြင်းခဲ့ဘူးပါသည်။ သူမရဲ့ အဖြေကလဲ ခပ်တိုတို ခပ်ပြတ်ပြတ် “ အိမ်ထောင်သည်ဖြစ်နေတာမို့….ငါတကိုယ်ကောင်းမဆန်ချင်ဘူး” တဲ့။ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပက်သက်ရင် အမြဲရူးသွပ်နေတတ်တဲ့ ဂျူလီယာက အဲဒီအခွင့်အရေးတစ်ခု ဆုံးရှုံးရတဲ့ အပေါ်မှာတော့ နောင်တရတဲ့ အမူအယာလုံးဝမပြခဲ့ပါ။
တစ်ရက်မှာတော့ ကျွန်မအလုပ်ကိုရောက်သွားတဲ့အချိန်မှာ သူမက ပြုံးပျော်နေတဲ့ အမူအရာနဲ့ ကြိုဆိုနေခဲ့သလို ငါ့ရဲ့ လျှို့ဝှက်ချက်ကိုပြောပြမယ်လို့ ပြောရင်း သူ့ဖိုင်တွဲတွေထဲက စာရွတ်တစ်ထပ်ကို ထုတ်ပြပါသည်။
ပထမဆုံးမျက်နှာကို ဖတ်ပြီးချိန်မှာတော့ “ကွန်ဂရက်ကျူလေးရှင်း” လို့ပြောပြီး သူမရဲ့ ပါးပြင်လေးကို ခပ်ဖွဖွလေး နမ်းလိုက်မိပါသည်။
ကျွန်မမျှော်လင့်ထားသလိုပဲ သူ့အတွက် လက်ရှိအလုပ် ထက်ပိုပြီးကောင်းမွန်တဲ့ အလုပ်တစ်ခု သူမလက်ခံရရှိခဲ့ပါသည်။ လစာ အကျိုးခံစားခွင့် လုပ်ငန်းသဘာဝ အစစအရာရာ သာလွန်ကောင်းမွန်လွန်းတာမို့ အမြန်ဆုံးလက်ခံလိုက်ဖို့ သူမကို တိုက်တွန်းမိပါသည်။ သူမကတော့ ကျွန်မထက်ပိုပြီး အမျှော်အမြင်ရှိသူပီပီ အဲဒီ စာချုပ်ကို သုံးရက်လောက် အချိန်ယူစဉ်းစားပြီး လိုအပ်တာတွေ ထပ်ညှိရမယ် ချက်ချင်းတော့ လက်မှတ်ထိုးလို့မဖြစ်ဘူးလို့ပြောပြီး စာချုပ်တွေကို ဖိုင်ထဲမှာ ပြန်ပြီး သိမ်းလိုက်ပါသည်။ အဲဒီနေ့က သူရော ကျွန်မပါ အကြီးအကျယ်ပျော်နေခဲ့ကြပါသည်။
နောက်နှစ်ရက်လောက်အကြာမှာတော့ စာသင်ခန်းကျယ်ကြီးထဲမှာ သင်တန်းသားတွေကို စာသင်ပေးနေတဲ့ ကျွန်မဆီကို ဂျူလီယာရောက်လာခဲ့ပါသည်။ သင်တန်းသားတွေကို ခဏ နားနေချိန်ပေးဖို့ပြောပြီး ကျွန်မကို သူမရဲ့ရုံးခန်းလေးထဲကို လိုက်ခဲ့ဖို့ပြောတာမို့ သူမနောက်ကနေလိုက်သွားမိပါသည်။
သူမက ကွန်ပြူတာရှေ့မှာ Report တစ်ခုကိုရိုက်နေရင်း ငါကိုယ်ဝန်ရှိနေပြီလားမသိဘူးလို့ တစ်လုံးချင်း ခပ်တိုးတိုးပြောလာခဲ့ပါသည်။ “ဘာဖြစ်တယ်” လို့ကျွန်မ အလန့်တကြားရေရွတ်တော့ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွရှိုက်ရင်း “ငါ ဆီးစစ်ကြည့်မှဖြစ်မယ်” လို့ပြောရင်း လုပ်လက်စအလုပ်တွေကို ရပ်ပစ်လိုက်တာမို့ ကျွန်မတို့နဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ ဆေးဆိုင်ကို ကျွန်မတို့နှစ်ယောက် မတိုင်ပင်ပဲ ထွက်လာခဲ့မိပါသည်။
သူမကိုယ်ဝန်ရှိနေပြီဆိုတာကို သေသေချာချာ သိလိုက်ရချိန်မှာတော့ ကျွန်မတို့နှစ်ယောက်လုံး အတွေးကိုယ်စီနဲ့ ငြိမ်သက်သွားမိပါသည်။ ကျွန်မတို့နှစ်ယောက် သူမလက်မှတ်ထိုးထားပြီးသား စာချုပ်ကို စားပွဲပေါ်တင်ထားပြီး ငြိမ်သက်နေချိန်မှာ ကျွန်မတို့အားလုံးရဲ့ စီနီယာတစ်ဦးဖြစ်တဲ့ Daniel ရောက်လာပါသည် ဂျူလီယာတို့ မိသားစုနဲ့ အတော်အတန်ရင်းနှီးနေတဲ့ မိတ်ဆွေဖြစ်တာမို့ သူမရဲ့ အကျပ်အတည်းကို သူလဲ ရိပ်မိသွားပါသည်။
“ဒီအချိန်မှာ ကလေးနဲ့ အလုပ်သစ်.. နင်တစ်ခုပဲ ရွေးခွင့်ရှိတယ်…. နင့်မှာက သားလေးတစ်ယောက်ရှိနေပြီပဲ ဘာကိုရွေးရမယ်ဆိုတာ နင်သိပါတယ် “ လို့ Daniel ကဂျူလီယာရဲ့ ပုခုံးလေးကို ခပ်ဖွဖွပုတ်ရင်း ခပ်ပြတ်ပြတ်ပြောပြီး အခန်းပြင်ကိုပြန်ထွက်သွားခဲ့ပါသည်။
သူပြောချင်တဲ့ ဆိုလိုရင်းကို သိရတဲ့အတွက် သူ့ကိုစိတ်ဆိုးချင်ပေမယ့် ကျွန်မတို့ စိတ်မဆိုးကြပါ။ ယောက်ျားတစ်ယောက်က ယောက်ျားဆန်ဆန်ပဲ တွေးခေါ်ပြီး စဉ်းစားပေးသွားတာ မဆန်းလှပါ။ အတ္တကြီးသူတွေပီပီ အတ္တကို ရှေ့တန်းတင်ပြီး ယောက်ျားဆန်ဆန်ပဲ အကြံပေးကြပါလိမ့်မည်။ Career ဆိုတာ ကျွန်မတို့လို အလုပ်ခွင်က ဝန်ထမ်းတိုင်းအတွက် မက်မဆုံးတဲ့ အိပ်မက်ရှည်ကြီးလို့ အားလုံးက တညီတညွတ်တည်း ခံယူထားကြသည်ပဲ။
ကျွန်မကတော့ သူမဘာကို ရွေးချယ်မလဲဆိုတာကိုပဲ အသည်းအသန်စိတ်ဝင်စားနေခဲ့မိပါသည်။သူမရဲ့ အလုပ်သစ်ကို လက်ခံမယ်ဆိုရင် သူမ ဒီရင်သွေးလေးကို စွန့်လွတ်မှဖြစ်မယ်ဆိုတာကို စာချုပ်ထဲမှာပါတဲ့ အချက်အလက်တွေအရ ကျွန်မ သိခွင့်ရခဲ့ပါသည်။ လက်ရှိအလုပ်ကိုတော့ စီနီယာ မန်နေဂျာတစ်ယောက်ဖြစ်တဲ့ သူမအနေနဲ့ ကိုယ်ဝန်ဆောင်ဘဝနဲ့ ပေါ့ပါးစွာ ဖြတ်သန်းခွင့်ရှိပါသည်။
သူမရဲ့ ဘယ်ဖက်မျက်ဝန်းက စီးကျလာတဲ့ မျက်ရည်တစ်စက် စာချုပ်ပေါ်ကို ကျသွားချိန်မှာတော့ သူမအတွက် အကြီးအကျယ်စိတ်မကောင်းဖြစ်သွားမိပါသည်။ ပထမဆုံးအကြိမ် သူမရဲ့ မျက်ရည်စက်ကို မြင်တွေ့ခွင့်ရတာမို့ ပင်ကို စိတ်ဓါတ်ကြံ့ခိုင်လွန်းတဲ့ ဂျူလီယာကို သနားမိသလို မိန်းမသားတစ်ယောက်ရဲ့ မွေးရာပါ တာဝန်တစ်ခုအတွက်လဲ ပထမဆုံးအကြိမ် စိတ်ဓါတ်ကျသွားမိပါသည်။ အိမ်ထောင်မပြုပဲ တစ်ယောက်တည်းနေဖြစ်ခဲ့တဲ့ ဘဝကို ပထမဆုံးအကြိမ် ကျေနပ်သဘောကျမိတဲ့ အခိုက်အတန့်လဲ ဖြစ်ခဲ့ပါသည်။
အဲဒီနေ့ညနေက ဂျူလီယာကို အိမ်ရောက်ထဲအထိ လိုက်ပို့ပြီး အားပေးနှစ်သိမ့်ခဲ့မိပါသည်။ သူမရဲ့ ရွေးချယ်မှုအတွက် ဝေဖန်ချက်မပေးဖြစ်ခဲ့ပေမယ့် သူမနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိတဲ့ နေ့တစ်နေ့လဲ ဖြစ်ခဲ့ပါသည်။ ဘဝရှေ့ရေးအတွက် ယုံကြည်ချက်ပြင်းထန်သူတွေပီပီ သူမရဲ့ နာကျင်ကြေကွဲမှု အတိုင်းအတာကို ကျွန်မမသိနိုင်ခဲ့ပေမယ့် သူမနေရာမှာ ကျွန်မသာဆိုရင် အရူးတစ်ယောက်လို လူးလိမ့်ငိုကြွေးမိမှာသေချာပါသည်။
ဂျူလီယာတစ်ယောက် သူမရဲ့ မမြင်ရသေးတဲ့ ရင်သွေးလေးအတွက် သူမရဲ့ မျက်စိရှေ့ လှေကားတစ်တစ်ခုကို သူမကိုယ်တိုင်ပဲ နာနာကျင်ကျင် ကျောခိုင်းပစ်ခဲ့ပါသည်။ အဲဒီအတွက် နောင်တရမိသလားဆိုတဲ့ မေးခွန်းကို သူမကို မမေးရက်ခဲ့ပေမယ့် တချိန်ချိန်မှာတော့ မေးဖြစ်အောင်မေးဖို့ စဉ်းစားထားမိပါသည်။
သူမ ဒုတိယ ကိုယ်ဝန်ဆောင်စဉ်ကာလတွေမှာ ကျွန်မ အလုပ်အသစ်တစ်ခုကို လက်ခံရတာမို့ သူမနဲ့ အတော်လေးဝေးသွားခဲ့ပါသည်။ လူချင်းမတွေ့ဖြစ်ပေမယ့် ကျွန်မတို့ အဆက်အသွယ်မပြတ်ခဲ့ကြပါ။ ဂျူလီယာရဲ့ ဒုတိယရင်သွေးလေး တစ်လပြည့်မွေးနေ့လေးမှာတော့ သူမရဲ့ အိမ်ကိုအခြားသော သူငယ်ချင်းများနဲ့အတူရောက်သွားခဲ့ပါသည်။ ဧည့်ခန်းကျယ်ကြီးထဲမှာ လူတွေမျာပြားလွန်းတာမို့ သူမရဲ့ အခန်းထဲဝင်ပြီး ကလေးပေါက်စလေးကို တယုတယချီပိုးထားတဲ့ ကျွန်မကို ခပ်ပြုံးပြုံးကြည့်လို့ ဂျူလီယာက မေးခွန်းတစ်ခုမေးလာခဲ့ပါသည်။
“နင်ဘယ်တော့ အိမ်ထောင်ပြုမှာလဲ” ဆိုတဲ့ မေးခွန်းအတွက် သူမကို လှလှလေးပြုံးပြမိပါသည်။ “ငါ Ideal ဖြစ်တဲ့သူတစ်ယောက်ကို ရှာတွေ့တဲ့ တစ်နေ့ပေါ့” လို့ ခပ်ရွတ်ရွတ်ဖြေမိတော့ “တွေ့ဖို့ရောရှိလို့လား”လို့ သူမက ပြန်မေးလာခဲ့ပါသည်။ “ကမ္ဘာပေါ်မှာ တစ်ယောက်လောက်တော့ ရှိမယ်လို့ ငါမျှော်လင့်ပါတယ် ခုထိတော့ မတွေ့သေးဘူးဟ” လို့ပြောပြီး ခပ်တိုးတိုးလေးရယ် လိုက်မိပါသည်။
ဂျူလီယာက ကျွန်မလိုပဲ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာတွေကို မစပ်စုတတ်သူတစ်ယောက်မို့ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘယ်တုန်းကမှ မမေးခဲ့ပါ။
အဲဒီနေ့က သူမကိုမေးချင်ခဲ့တဲ့ မေးခွန်းတစ်ခုကို ပြန်သတိရမိပေမယ့် သူမရဲ့ သားလေးကိုကြည့်ပြီး ပီတိတွေဖြစ်နေတဲ့ ဂျူလီယာရဲ့ အပြုံးတွေကြောင့် အခွင့်အရေးတစ်ခုနဲ့ လဲယူခဲ့ရတဲ့ ရင်သွေးလေးအတွက် သူမမှာ နောင်တဆိုတာ မရှိလောက်ပါဘူးလို့ပဲ ကောက်ချက်ချလိုက်မိပါသည်။
အိမ်ထောင်သည်မိန်းမတစ်ယောက်ရဲ့ ဘဝဆိုတာ အင်မတန်အတ္တနည်းတဲ့ မိန်းမသားဘဝဆိုတာဆိုတာကို ခပ်ရေးရေး သဘောပေါက်မိတာနဲ့အမျှ ကိုယ်ပိုင်အတ္တတွေကို ရက်ရက်စက်စက် စတေးပစ်ရဲတဲ့ ဂျူလီယာရဲ့ မိခင်စိတ်ဓါတ်အတွက်တော့ ဒုတိယအကြိမ် ထပ်ပြီး လေးစားမိပါသည်။ ကိုယ်တိုင်ရဲ့ အတ္တကို သားသမီးတွေရဲ့ ဘဝနဲ့လဲနိုင်တဲ့ သတ္တိမျိုးကလဲ မိခင်တွေမှာပဲရှိနေတတ်တာ မဆန်းလှပါ။
ကျွန်မတစ်ချိန်က ကြည့်မရခဲ့တဲ့ ဂျူလီယာက သားသမီးတွေအတွက် မိခင်ကောင်းဖြစ်ခဲ့သလို သူမရဲ့ ခင်ပွန်းအတွက်လဲ ဇနီးကောင်းဖြစ်ခဲ့ပါသည်။ အလုပ်ထဲမှာလဲ သူမရရှိထားတဲ့ ရာထူးအဆင့်အတန်းနဲ့ ထိုက်တန်စွာ စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းတွေပိုင်ဆိုင်သူမို့ လူတိုင်းက ချစ်ကြောက်ရိုသေကြပါသည်။ သူမဘဝမှာ တကယ်လိုအပ်နေတဲ့ မိသားစုဘဝကိုလဲ အောင်မြင်စွာ သူမတည်ဆောက်နိုင်ခဲ့ပါသည်။
ဂျူလီယာနဲ့ ယှဉ်မိလိုက်တိုင်း ကျွန်မကိုယ်ကျွန်မ အတ္တကြီးလွန်းနေပြီလားဆိုတဲ့ သံသယမေးခွန်းတွေကို မေးမိပါသည်။
ကျွန်မဟာ ဂျူလီယာလို တော်တယ် ထက်တယ် ချောတယ် လှတယ် မိန်းမပီသတယ် အိမ်ထောင်မှုနိုင်နင်းတယ် မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေထက် သာလွန်တဲ့ အရည်အချင်းတွေလဲရှိနေတယ် ဆိုပေမယ့် ဘယ်သူမှမမြင်နိုင်တဲ့ ကွက်လပ်တွေ ကျွန်မဆီမှာ ရှိနေခဲ့ပါသည်။
တခါတရံမှာ ကျွန်မရဲ့ အတ္တတွေကို သူတပါးကို ခွဲဝေပေးရမှာကို စိုးထိတ်နေတတ်သလို သူတပါးကို မှီခိုပြီးရပ်တည်ရမှာကိုလဲ အင်မတန်ကြောက်ရွံ့မိတာမို့ အိမ်ထောင်သည်တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်တုန်းကမှ စိတ်မကူးကြည့်ခဲ့ပါ။
ဒါပေမယ့် ဂျူလီယာကတော့ ကျွန်မလိုကြောင်တောင်တောင် အတွေးအခေါ်တွေနဲ့ဆန့်ကျင်စွာ သူမရဲ့ဘဝကိုရိုးစင်းစွာ တည်ဆောက်ခဲ့ပါသည်။
ကျွန်မလို ထုထည်ခပ်ကြီးကြီးအတ္တတွေ ပိုင်ဆိုင်ထားပေမယ့် သူမအိမ်ထောင်ပြုခဲ့ခြင်းက သူတပါးကို တစ်ဘဝလုံးစာအတွက် မှီခိုလို၍မဟုတ်။ သူမရဲ့ အိမ်ထောင်ရေးမှာ ကျွန်မတွေးမကြည့်ခဲ့ဘူးတဲ့ နားလည်မှု တာဝန်သိမှုနဲ့ ချစ်ခြင်းမေတ္တာတွေ အများဆုံးပါအောင်လဲ သူမကိုယ်တိုင်က ပါးနပ်စွာ တည်ဆောက်နိုင်ခဲ့ပါသည်။ နေရာတိုင်းမှာ ထူးချွန်ထက်မြက်သူပီပီ သူမရဲ့အိမ်ထောင်ရေးကိုလဲ အခြေအနေပေါင်းစုံအောက်မှာ အောင်မြင်အောင် ထိန်းသိမ်းနိုင်ခဲ့တာလဲ မဆန်းလှပါ။
တခါတရံမှာတော့ သာမန်မိန်းမသားတွေ ပိုင်ဆိုင်တဲ့ အင်မတန်ရိုးရှင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ခွင့်ရချင်မိပါသည်။ အတ္တ မာနနည်းပြီး ရသမျှရောင့်ရဲတင်းတိမ်တတ်တဲ့ မိန်းကလေးတွေရဲ့ဘဝဟာ ကျွန်မရရှိပိုင်ဆိုင်ထားတဲ့ဘဝနဲ့ယှဉ်ရင် ပိုပြီး အေးချမ်းမယ်ဆိုတာကို ခန့်မှန်းကြည့်ရုံနဲ့ သိနေပါသည်။
သူများတွေထက် ပိုပြီးထူးချွန်ချင်တဲ့စိတ်နဲ့ မနားမနေကြိုးစားနေခဲ့တဲ့ အချိန်တွေကို ပြန်တွေးမိတိုင်း စိတ်ပင်ပန်းရပါသည်။ သူများထက် ရှေ့တန်းရောက်အောင် မနားမနေ ပြေးနိုင်တယ်ထားအုံးတော့ အချိန်တန်ရင် မိန်းမတစ်ယောက်ဟာ သူ့ရဲ့ မွေးရာပါ တာဝန်တွေကို မဖြစ်မနေ ထမ်းရမယ်ဆိုတာကို ဂျူလီယာက သက်သေပြနေသည့်တိုင်အောင် ကျွန်မရူးသွပ်နေမိဆဲ။
အရာရာမှာ မပြတ်သားပဲ တွေဝေတတ်သူပီပီ ဂျူလီယာရဲ့ အိမ်ထောင်ရေးကိုကြည့်ပြီး မကြာခဏ စိတ်နှစ်ခွဖြစ်မိပါသည်။ တခါတရံမှာ သူမရရှိနေတဲ့ အောင်မြင်တဲ့ အိမ်ထောင်သည်ဘဝကို အားကျမိပေမယ့် တခါတရံမှာ သူမရဲ့ သားလေးနေမကောင်းဖြစ်လို့ သူမအလုပ်က ခွင့်ယူရတိုင်းလဲ အိမ်ထောင်သည်မိန်းမတစ်ယောက်ရဲ့ အဓိကနဲ့ သာမည ရွေးချယ်ခွင့်တွေအတွက် ဝမ်းနည်းမိပြန်ပါသည်။ ပြီးတော့ အိမ်ထောင်သည်တစ်ယောက်ဖြစ်ရခြင်းအတွက် တခါတရံမှာ သူမ စွန့်ပစ်လိုက်ရတဲ့ အိပ်မက်ကြီးကြီးမားမားတွေကို ပြန်တွေးမိရင်တော့ တချိန်လုံး ရူးသွပ်စွာ ဆုပ်ကိုင်ထားခဲ့ဘူးတဲ့ ကျွန်မရဲ့ အတ္တတွေကို ပြန်ပြီးကျေးဇူးတင်မိပြန်ပါသည်။
(မိန်းမတစ်ယောက်ရဲ့ နိဂုံး)
ကျွန်မရဲ့ အတ္တတစ်ချို့ကို ထပ်ပြီး အရောင်တင်ပေးခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုလည်း သိပ်မကြာခင်မှာပဲ ကျွန်မတို့ ထပ်မံကြုံတွေ့ရပြန်ပါသည်။
သူမရဲ့သားငယ်လေး ၆ လပြည့်ပြီးစအချိန်တစ်ခုမှာတော့ ညနေကျရင် နင့်အလုပ်ကို လာကြိုမယ်ဆိုတဲ့ မက်ဆေ့လေးကို ဂျူလီယာဆီက လက်ခံရရှိခဲ့ပါသည်။ ကျွန်မအလုပ်ဆင်းချိန်မှာ သူလာကြိုနေကျကားပါကင်မှာ သူ့ကားလေးရပ်ထားတာကိုတွေ့လိုက်ရတာမို့ သူမဆီကို အပြေးလေးသွားလိုက်မိပါသည်။ သူမရဲ့ ကားလေးကိုစီးရတိုင်း အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုနဲ့အတူ ပီတိဖြစ်ရပါသည်။
သူမရဲ့ ကားသေးသေးလေးထဲမှာ ကျွန်မကို သူမရဲ့ ဘေးမှာ အမြဲထိုင်ခိုင်းလေ့ရှိပါသည်။ ကားနောက်ခန်းမှာတော့ သူမရဲ့သားလေးတွေအတွက် ကလေးထိုင်တဲ့ ထိုင်ခုံ အနီရဲရဲလေးနဲ့အတူ ကစားစရာအရုပ်ကလေးပေါင်းများစွာနဲ့ ကားတစ်စီးလုံး မျက်စိနောက်လောက်အောင်အလှဆင်ထားတဲ့ ဂျူလီယာရဲ့ကားလေးကို ကျွန်မသဘောကျမိပါသည်။
ကားရှေ့ခန်းမှာလဲ သူမချိတ်ဆွဲထားတဲ့ အရုပ်ပေါင်းများစွာက ကျွန်မရဲ့ မျက်စိရှေ့မှာ ပျံကာဝဲကာနဲ့ တလမ်းလုံး မျက်စိတွေမူးနေပေမယ့် ကလေးတွေအတွက် သီးသန့်ရှာဝယ်ထားတဲ့ ရေမွေးနံ့သင်းသင်းလေးကတော့ ကျွန်မကို အမြဲတမ်းသတိရနေအောင် စွဲဆောင်လေ့ရှိပါသည်။
ကျွန်မတို့နှစ်ယောက် ကျွန်မအိမ်နဲ့အနီးဆုံးက စားသောက်ဆိုင်တစ်ခုရောက်ချိန်မှာတော့ သူမရဲ့ နောက်ဆုံးအခြေအနေကို ကျွန်မကို အသိပေးခဲ့ပါသည်။ သူမအလုပ်ထွက်စာတင်ထားပြီးတဲ့ အကြောင်းကိုပြောချိန်မှာတော့ သူမရဲ့နှုတ်ခမ်းတွေ တုန်ခါနေတာကို သတိထားလိုက်မိပါသည်။
စကားပြောတိုင်း “ဒါဘဝပဲလေ… ရွေးစရာလမ်းမရှိဘူး” လို့ ပြောတတ်သူဂျူလီယာက သူမရဲ့ လက်သုံးစကားကို ဒီနေရာမှာ ထပ်ပြီးသုံးခဲ့ပါသည်။ သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံး ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အခြေအနေဆိုးတစ်ခုကို ကြုံတွေ့ရပြီးချိန်မှာတော့ သူမကပဲ အနစ်နာခံဖို့ စတင်ဆုံးဖြတ်ခဲ့ပါသည်။
မထင်မှတ်ထားတဲ့ အချိန်မှာ မထင်မှတ်ပဲ ထပ်မံရရှိလာတဲ့ ကိုယ်ဝန်ကြောင့် သူမဆယ့်ငါးနှစ်လုံးလုံး မေ့လျှော့ထားခဲ့တဲ့ သူမရဲ့ အိမ်ကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ပထမသားလေးက ငါးနှစ် ဒုတိယသားလေးက ၇ လရှိချိန်မှာ နောက်ဆုံးထပ်ရလာတဲ့ ကိုယ်ဝန်ကနှစ်လနီးနီး ဖြစ်နေပြီမို့ သူမသားသမီးတွေရဲ့ ဝေယျာဝစ္စအတွက် ဒီတိုင်းပြည်မှာ သူမအနေနဲ့ အလုပ်ဆက်လုပ်လို့မရတော့ဘူးဆိုတာကို ဂျူလီယာ စတင်သဘောပေါက်လာခဲ့ပါသည်။
ကလေးသုံးယောက်အတွက် သူမတစ်ယောက်တည်း အရင်လို စီမံခန့်ခွဲဖို့မဖြစ်နိုင်တော့သလို လူနေမှုစရိတ်မြင့်မားလှတဲ့ တိုင်းပြည်မှာ သူမခင်ပွန်းရဲ့လစာတစ်ခုတည်းနဲ့ မိသားစုတစ်စုလုံး ရပ်တည်ဖို့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူမရဲ့အလုပ်ကို စွန့်လွတ်ပြီး အိမ်ပြန်ဖို့ကလွဲလို့ သူမအတွက်ရွေးစရာလမ်းက မရှိတော့ပါ။
အဲဒီဆုံးဖြတ်ချက်ကိုချဖို့အတွက် သူမ မျက်ရည်ဘယ်နှစ်စက်ကြိမ်ကျခဲ့ပြီးပြီလဲဆိုတာကို တွေးကြည့်စရာမလိုပါ။ သူမ ဘယ်လောက်ပဲ စိတ်ဓါတ်ခိုင်မာတယ်ပြောပြော သူမရဲ့ (Career) ဘဝတက်လမ်းကိုကျောခိုင်းလိုက်ရချိန်မှာ သူမခံစားရမယ့် နာကျင်မှု အတိုင်းအတာကို ကျွန်မကိုယ်တိုင်တောင် မှန်းဆလို့မရနိုင်ပါ။ ဒုတိယ ကိုယ်ဝန်ကို အလုပ်သစ်တစ်ခုနဲ့ လဲခဲ့စဉ်က စဉ်းစားဖို့ပြောခဲ့ဘူးတဲ့ Dainel ကလဲ တတိယကိုယ်ဝန်ရလာချိန်မှာ အရင်ကပေးတဲ့ အကြံဥာဏ်ကိုပဲ ထပ်ပေးခဲ့တယ်လို့ သူမက ထပ်ပြောလာခဲ့ပါသည်။ ဒီတစ်ကြိမ်မှာတော့ Daniel ပေးတဲ့ အကြံကို လက်ခံဖို့အတွက် အစောပိုင်းက စဉ်းစားမိသေးတယ်လို့ မကွယ်မဝှက် ဝန်ခံခဲ့ပါသည်။
ဒီတစ်ခါ ဒီကိုယ်ဝန်အတွက် သူမလဲလိုက်ရတာက အလုပ်အသစ်တစ်ခုမဟုတ်ပါ။ သူမရဲ့ ဘဝတစ်ခုစာလုံးလဲ ဖြစ်ပါသည်။ သူမအနှစ်နှစ်အလလ ကြိုးစားတည်ဆောက်ထားရတဲ့ ဘဝတစ်ခု … အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျောခိုင်းပစ်ရမယ့် မိန်းမတစ်ယောက်ရဲ့ အဖြစ်က ရင်နာစရာအတိ….
ဒါပေမယ့် ဂျူလီယာက သူမမမြင်နိုင်သေးတဲ့ ရင်သွေးလေးကိုပဲ မျက်စိစုံမှိတ်ပြီး ရွေးချယ်ခဲ့ပါသည်။
သူမရဲ့ ဆုံးဖြတ်ချက်အတွက် ထင်မြင်ချက်မပေးမိအောင် နှုတ်ခမ်းကိုတင်းတင်းစေ့ထားခဲ့ပေမယ့် ဂျူလီယာကိုပြောချင်တဲ့ စကားလုံးတွေကတော့ ရင်ထဲမှာရော ခေါင်းထဲမှာပါ အစီအစဉ်တကျ လှည့်ပတ်ပြေးလွားနေခဲ့ပါသည်။
ဒါလား မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှု… ဒါလား လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ နေဝင်ချိန်…..ဒါက အိမ်ထောင်သည်မိန်းမတွေ မဖြစ်မနေ ကြုံတွေ့မယ့် အနေအထားဆိုရင်တော့ အဲဒီလို ဘဝမျိုးကို ဘယ်တုန်းကမှ မစဉ်းစားမိတဲ့ ကျွန်မအတွက် နောင်တရစရာ မရှိပါ….
အဲဒီနေ့က ဂျူလီယာ ကျွန်မရှေ့မှာ မငိုခဲ့ပါ။ ကျွန်မကလဲ သူမစိတ်မကောင်းဖြစ်စေမယ့် စကားလုံးတွေ ရှောင်နေခဲ့တာမို့ သူမကိုစကားကောင်းကောင်းမပြောဖြစ်ခဲ့။ သူမပြောမျှကိုသာ သံပတ်ပေးထားတဲ့ အရုပ်တစ်ရုပ်လိုနားထောင်နေခဲ့မိပါသည်။ နောက်တစ်လလောက်နေရင်တော့ သူမဒီနိုင်ငံက ထွက်ခွာသွားတော့မယ်ဆိုတာကိုပြောခဲ့ပေမယ့် ဘယ်အချိန်လောက်မှာ ပြန်လာမယ်… ပြန်လာဖို့ ကြိုးစားအုံးမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကိုတော့ သူမမပေးခဲ့ပါ။
သူမကိုယ်တိုင်ကလဲ သူမရဲ့ ကံကြမ္မာတွေကို ကြိုတင်ပြီး မသိမမြင်နိုင်လောက်အောင် ထိခိုက်နာကျင်နေပုံရပါသည်။
ကျွန်မကို အိမ်ရှေ့အထိ လိုက်ပို့ပေးချိန်မှာတော့ “ နင်အိမ်ထောင်မပြုခဲ့တာ မှန်တယ် ငါ့လို နောင်တ မရှိဘူးပေါ့” လို့ ခပ်တိုးတိုးလေးပြောပြီး သူမလက်ပြနှုတ်ဆက်ခဲ့ပါသည်။ သူမကားလေးထွက်ခွာသွားချိန်မှာ ပြုံးမိတဲ့ ကျွန်မရဲ့ အပြုံးတွေက သိပ်မပီပြင်လှပါ။
တကယ်ဆို အတ္တတစ်ခုတည်းအတွက် ကျွန်မ ခေါင်းမာခဲ့တာ မဟုတ်ဘူးဆိုတာ ဂျူလီယာသိအောင် ကျွန်မ မပြောဖြစ်ခဲ့ပါ။ ကျွန်မရဲ့ အတ္တတစ်ခုကို လဲလှယ်ပစ်ဖို့ ထိုက်တန်တဲ့ အခြေအနေမျိုးကိုကြုံလာခဲ့ရင် ကျွန်မလဲ သူမလို လဲလှယ်နိုင်ဖို့ ပြင်ဆင်နေခဲ့တဲ့ အချိန်တွေအကြောင်းကို သူမ မသိခဲ့ပါ။ အတ္တတစ်ခုထက် ပိုပြီး အရေးကြီးတဲ့ နှလုံးသားရဲ့ ခံစားချက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲခြင်းများစွာကို ဖြစ်စေခဲ့တယ်ဆိုတာကို တနေ့နေ့မှာ ဂျူလီယာသိအောင် ပြောပြမိမယ်ထင်ပါသည်။
ဒီတိုင်းပြည်ကို ခွဲခွာဖို့ အရာရာ အသင့်ဖြစ်ချိန်မှာ သူမရဲ့ ချစ်စရာသားငယ်လေးတွေကို နှုတ်ဆက်ဖို့ သူမရဲ့ အိမ်ကို တစ်ခေါက် ထပ်ရောက်ခဲ့ပါသည်။ သူမရဲ့ ချစ်စရာကောင်းတဲ့ ကလေးတွေနဲ့ ပျော်ရွှင်စရာ အချိန်အချို့ကိုဖြတ်သန်းပြီးချိန်မှာတော့ ဂျူလီယာက သူမရဲ့ အိမ်အောက်အထိ ကျွန်မကို ပြန်လိုက်ပို့ပါသည်။
နောက်ဆုံး ခွဲခွာချိန်အထိ ဂျူလီယာနေတဲ့ ကွန်ဒိုကြီးရဲ့ တိတ်ဆိတ်နေတဲ့ လူသွားစကြံင်္ ကျဉ်းကျဉ်းလေးပေါ်မှာ မျက်နှာချင်းဆိုင်ရပ်ပြီး ကျွန်မတို့ မဆုံးနိုင်တဲ့ စကားတွေကို ဆက်ပြောမိကြပြန်ပါသည်။
အဲဒီညနေမှာ ဂျူလီယာပြောပြခဲ့တာကတော့ ဘယ်တုန်းကမှ လူသိအောင်ထုတ်မပြောခဲ့ဘူးတဲ့ သူမရဲ့ ဆုံးရှုံးမှုတွေနဲ့ သူမရဲ့ ပေးဆပ်မှုတွေအကြောင်းပဲ ဖြစ်ပါသည်။
ကျွန်မသိခဲ့ဘူးတဲ့ အကြောင်းအရာတွေ အပြင် အိမ်ထောင်သည်မိန်းမတစ်ယောက်ရဲ့ အရှုံးဆိုတာကိုပါ မမေ့မလျော့ထည့်ပြောနေတဲ့ သူမကို နားလည်စွာ နားထောင်နေဆဲမှာပဲ ဂျူလီယာက ကောက်ကာငင်ကာမေးခွန်းတစ်ခုမေးလာခဲ့ပါသည်။
“နင့်ရဲ့ Ideal တစ်ယောက်ကို ရှာလို့ တွေ့ပြီလား “ဆိုတဲ့ မေးခွန်းကြောင့်တချိန်လုံး သူမအတွက် ကြိုးစားပြီး ပြုံးနေခဲ့တဲ့ ကျွန်မရဲ့ နှုတ်ခမ်းတွေ ရုတ်တရက် တင်းတင်းစေ့သွားခဲ့ပါသည်။
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ပြောဖြစ်ခဲ့တဲ့ သူမနဲ့ကျွန်မတို့ နှစ်ဦးတည်းသာ သိခဲ့တဲ့ Ideal ဆိုတဲ့ အသုံးအနှုန်းကို ဂျူလီယာက မမေ့ခဲ့သလို ကျွန်မကလဲ ကောင်းကောင်းမှတ်မိနေဆဲ။
သူမရဲ့ မေးခွန်းကိုဖြေဖို့ စကားလုံးတွေကိုရှာဖွေနေမိတဲ့ အခိုက်အတန့်မှာ ခပ်တင်းတင်စေ့ထားတဲ့ ကြားက နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်သွားတဲ့အထိ ဝမ်းနည်းသွားမိတာမို့ သူမကို ချက်ချင်းအဖြေမပေးနိုင်ခဲ့ပါ။
ကျွန်မရဲ့ သာမန်မဟုတ်တဲ့ မျက်နှာအမူအယာကို အချိန်မီ ရိပ်မိတဲ့ ဂျူလီယာက ကျွန်မရှေ့ကိုတိုးလာခဲ့ပြီး ကျွန်မရဲ့ ပါးပြင်ကို သူ့ပါးပြင်နဲ့ ကပ်ထားလိုက်ပါသည်။
ဂျူလီယာရဲ့ ရင်ခွင်ထဲကိုရောက်သွားချိန်မှာတော့
“တွေ့ခွင့်တော့ရခဲ့တယ် ဂျူလီယာရယ် ဒါပေမယ့် “ လို့ ခပ်တိုးတိုး ရေရွတ်ရင်း ထိန်းချုပ်ထားတဲ့ကြားက မျက်ရည်တစ်စက်ကျွန်မရဲ့ ဘယ်ဘက်ပါးပြင်ပေါ်ကို ကျလာခဲ့ပါသည်။
မျက်ဝန်းက စီးကျလာတဲ့ ကျွန်မရဲ့ မျက်ရည်စက်ကြောင့် ပူနွေးလာတဲ့ အသိကို ခံစားနေဆဲမှာပဲ နောက်ထပ် စွတ်စိုတဲ့ အထိအတွေ့တစ်ခုကို ကျွန်မရဲ့ ဘယ်ဘက်ပါးပြင်ရဲ့ အောက်နားဆီမှာ ခံစားလိုက်ရပြန်ပါသည်။ကျွန်မ ဒုတိယအကြိမ်ခံစားလိုက်ရတဲ့ ပူနွေးတဲ့ မျက်ရည်စက်ကတော့ ဂျူလီယာရဲ့ ဘယ်ဘက်မျက်ဝန်းက စီးကျလာတဲ့ မျက်ရည်စက်ပဲ ဖြစ်ခဲ့ပါသည်။
ကျွန်မရဲ့ ဒါပေမယ့်ဆိုတဲ့ စကားရဲ့နောက်မှာ စကားလုံးတွေ ပျောက်ဆုံးနေခဲ့ပေမယ့် အလိုက်သိလွန်းတဲ့ ဂျူလီယာဆီက မေးခွန်းတွေ ထပ်ထွက်မလာတော့ပါ။
အဲဒီနေ့က ဂျူလီယာကျခဲ့တဲ့ မျက်ရည်တစ်စက်က သူမလက်လွတ် အရှုံးပေးခဲ့တဲ့ သူမရဲ့ Career အတွက်ဖြစ်ပြီး ကျွန်မကျခဲ့တဲ့ မျက်ရည် တစ်စက်ကတော့ မထင်မှတ်တဲ့ အချိန်မှာ မေးလာခဲ့တဲ့ ဂျူလီယာမေးခဲ့တဲ့ မေးခွန်းတစ်ခုကြောင့်ပဲ ဖြစ်ခဲ့ပါသည်။
ဂျူလီယာကတော့ သူမရဲ့ Career ကိုစွန့်လွတ်ခဲ့တဲ့ သတ္တိအတွက် နောင်တလား ဘာလားမကွဲပြားတဲ့ မျက်ရည်တစ်စက်ကျခဲ့ပါသည်။
ကျွန်မမျက်ဝန်းက စီးကျလာတဲ့ မျက်ရည်တစ်စက်ကတော့ ဂျူလီယာမေးခဲ့တဲ့မေးခွန်းတစ်ခုရဲ့ နောက်ကွယ်က ဘယ်သူမှမသိနိုင်တဲ့ အဖြေတစ်ခုအတွက်လဲ ဖြစ်နိုင်ပါသည်။
ကျွန်မကိုယ်စား အဲဒီမေးခွန်းကို ဖြေနိုင်မယ့်သူတစ်ယောက်ကတော့ ကမ္ဘာမြေရဲ့ တထောင့်တနေရာမှာ တိတ်ဆိတ်ခြင်းများစွာနဲ့ ရှိနေနိုင်ပါသည်။
လက်ထပ်ထိမ်းမြှားခြင်းနဲ့ အိမ်ထောင်သည်ဘဝ ဆိုတာ ဘုရားသခင်ကပေးတဲ့ ဆုတစ်ခုဆိုရင်တော့ အဲဒီဆုနဲ့ မထိုက်တန်တဲ့ မိန်းမသားအချို့ကို နေရာတိုင်းမှာ တွေ့မြင်နိုင်ပါသည်။
မိန်းမသားဖြစ်ခွင့်ရတာခြင်းအတူတူ ရာသီခွင်တစ်ခုတည်းမှာ မွေးခဲ့တာခြင်းအတူတူ ကံကြမ္မာ အဆိုးအကောင်းခံစားရတာခြင်းအတူတူ ထက်မြက်တာခြင်းအတူတူ စိတ်ဓါတ် မာကျောတာခြင်းအတူတူ ခံယူချက်ပြင်းထန်တာခြင်းအတူတူ မိန်းမသားနှစ်ယောက်ဟာ မတူညီတဲ့ ဘဝနှစ်ခုကို ပိုင်ဆိုင်ခဲ့ကြတာကတော့
လောကကြီးရဲ့ မျက်လှည့်ပြကွက် တစ်ခုလဲ ဖြစ်နိုင်ပါသည်။
(ကျန်းမာရေးအခြေအနေအရ စာရေးကျဲနေပေမယ့် အရင်လို စာပြန်ရေးနိုင်ဖို့ ကြိုးစားနေပါတယ်.....)
Wednesday, August 11, 2010
|
Labels:
ဝတ္ထုတို
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
10 comments:
အင်း...မိန်းမတွေဘက်က ခံစားမှု ဆိုတော့ သိပ်တော့ မပြောတတ်ဘူး။
ယောက်ျားတွေမှာတော့ လူပျိုဘုရား မရှိငြား လို့ ဆိုကြတာပဲ။ ဥပမာ - ကလင်တန် ၊ အိုဗားမား ၊ ဒေးဗစ် ဘက်ဟမ်းခ
မိန်းမတွေကျတဲ့ မျက်ရည်စက်တွေက ယောင်္ကျားတွေ အတွက်ဆိုရင်တော့ နည်းနည်းဝမ်းနည်းမိတယ် ဘ၀အ တွက်နဲ့ အောင်မြင်မှုတွေအတွက်ကျတဲ့မျက်ရည်တွေ ဆိုရင်တော့ တမျိုးပေါ့ အားတင်းထားပါသူငယ်ချင်းရယ် တစ်နေ့လိုအပ်တွေ ပြည့်လာမှာပါ မငိုနဲ့တော့နော်
နှင်း
ဘာမှတော့ မပြောခဲ့တော့ဘူး
တော်တော်များများ တူတယ်။။
ဒါကြောင့်ထပ်တူနားလည်ခံစားမိတယ်..
ဒီလောက်ဘဲ ပြောခဲ့တော့မယ်နော်.
သိမ်မွေ့တဲ့ အရေးလေးတွေနဲ့ ရင်ထဲကအကြောင်းအရာတွေချပြသွားတာ ဖတ်လို့သိပ်ကောင်းပါတယ်...
ကမ္ဘာမြေတစ်နေရာက သူ ကြားသိနိုင်ပါစေ....
အတ္တဆိုတာထက် ဒုက္ခမရှာတာဆို ပိုမှန်မယ်ထင်တယ်။ လူတိုင်းက ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲလေ။ ကိုယ့်အောင်မြင်မှူ၊ ထွန်းတောက်မှူ၊ လွတ်လပ်မှူနဲ့ ယုံကြည်မှူတွေကို စွန့်ပြီး ဘာမှန်းမသိတဲ့ချောက်ထဲ ခုန်မချချင်တာ မဆန်းပါဘူး။ ဒါကို အတ္တဆိုရင်လည်း ကိုယ့်အတ္တအတွက် တခါတရံ ၀မ်းနည်းမိတာကလွဲလို့ နောင်တတွေ ရဖူးလို့လား။ ကိုယ့်ကိုယ်ကို ချစ်ပြီး ကိုယ့်အတ္တကိုလည်း လေးစား ပျော်ရွှင်ပါ အစ်မရယ်။
ဖတ်ပြီးတော့ရင်ထဲမှာသက်ပြင်းရှည်ကြီးကိုသာ
ချမိတော့တယ်..။ မိန်းကလေးတွေရဲ့ဘ၀တွေ
ဟာအတ္တတွေနဲ့ရောပြွန်းနေတယ်လို့ထင်ရပေမဲ့
နှလုံးသားကနူးညံ့ပါတယ်..။ခံစားချက်ချင်းလည်း
တူနေတယ်..။လောကကြီးရဲ့မျက်လှည့်ကွက်ထဲမှာ
ကမ္ဘာမြေရဲ့တထောင့်တနေရာကတယောက်
သိနားလည်နိုင်ပါစေမနှင်း..။
ကျန်းမာရွှင်လန်းပါစေနော်.
ခင်တဲ့
သဒ္ဓါ
တကယ့် ခံစားချက်..တကယ့် အမှန်တရာ တွေ ထင်ဟပ်နေတဲ့ စာအရှည်ကြီးကို..သေသေချာချာ ဖတ်သွားတယ်..ညီမ..။
တကယ်တော့... ကမ္ဘာကြီးရဲ့.. အရွေ့ နဲ့..ခေတ်တခု ရဲ့ ကန့်သတ်မူတွေ ကြားထဲ.. အမျိုးသမီး တွေ..အိမ်ထောင်ရှင် တွေ ရဲ့... အကျပ်အတည်း အသစ် တခု လို့ပဲ ထင်ပါတယ်။
အလုပ်လုပ်နေတဲ့ မိခင်တွေ အတွက်အဲဒါတွေခက်တာပဲ၊ သူက ထက်မြက်သူပဲ သူ့ နိုင်ငံမှာလည်း တစ်ခုခုလုပ်လို့ ရမှာပါလေ။ စိတ်မကောင်းမဖြစ်ပါနဲ့ ။
နှင်းရေ...
ဖတ်ပြီး သက်ပြင်းမောကြီးတောင်ချလိုက်မိတယ်။
မိန်းမတွေဘယ်လောက်ပဲ ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းနိုင်တယ်ပြောပြော မိန်းမတွေကပဲ နောက်ဆုံးအလျှော့ပေးရတာပဲနော်..။ သူ... ရွေးချယ်ခဲ့တဲ့လမ်းက မှန်ပါတယ်။
ခင်မင်စွာ....
မြသွေးနီ
မနှင်းရေ.. မတွေ့ရတာ အတော်လေးကြာခဲ့ပြီဘဲ။
မျက်ရည်နှစ်စက်က အဓိပ္ပါယ်ချင်းမတူပေမဲ့ ၀မ်းနည်းတာချင်းတော့ အတူတူပါဘဲ။ ဒါပေမဲ့လို့ တူညီတဲ့ ခံစားချက်ဖြစ်ကောင်းလဲ ဖြစ်ခဲ့မှာပါ။
မနှင်းဆန္ဒတွေ ပြည့်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မိန်းခလေးတွေရဲ့ စိတ်ခံစားမှုက ယောက်ျားတွေထက် သိုဝှက်တယ်
ပိုပြီးတော့လဲ ထိခိုက်ခံစားလွယ်ကြတယ်..
ဒီပိုစ့်ထဲက မိန်းခလေး၂ယောက်ကလည်း အပြင်မှာ ကြံ့ကြံ့ခိုင်ခိုင် ရှိကြပေမဲ့ သူတို့ရဲ့ စိတ်ခံစားမှုက နူးညံ့သိမ်မွေ့နေကြတယ်..
Post a Comment