သူတို့ပေးတဲ့တန်ဘိုး
ဖြစ်စဉ်(၁)
သင်တန်းတစ်ခုကအပြန် မြေနီကုန်းလမ်းဆုံမှာ နေ့လည်စာဝင်စားမိတဲ့ နေ့လည်တစ်ခုမှာ အဖြူအစိမ်းဝတ်ထားတဲ့ ဆယ်ကျော်သက်အရွယ် စုံတွဲလေးတစ်တွဲ ခပ်တိုးတိုးလေး ကျိတ်ပြီး ရန်ဖြစ်နေသံကို ကျွန်မရဲ့ နောက်နားဆီက ကြားလိုက်မိပါသည်။
ထိုင်ခုံချင်းကျောချင်းကပ်အနေအထားမို့ သူတို့ကို ကျွန်မတွေ့ရပါ ဒါပေမယ့် ကောင်မလေးရဲ့ အသံနည်းနည်းလေး ကျယ်လာတာမို့ သူတို့ထပ်ပြောနေတဲ့စကားလုံးတွေကို မကြားချင်ပဲ ကြားနေရပါသည်။
“နင်ငါ့ကို အဲလိုချိုးချိုးဖဲ့ဖဲ့ မပြောနဲ့ နင့်မှာလဲ အမတွေရှိတယ် နင်ကိုယ်ချင်းစာပါ”
ဆိုတဲ့ကောင်မလေးရဲ့ အသံနောက်မှာ
“ငါ့အမတွေက နင့်လိုမဟုတ်ဘူး နင်နဲ့အရမ်းကွာတယ်... သူတို့က နင့်ထက်တန်ဘိုးရှိတယ် ဒီဇာတ်လမ်းကို ငါကစတာမဟုတ်ဘူး နင်ကစတာ ” ဆိုတဲ့ ကောင်လေးရဲ့ စကားလုံးတွေက သူတို့ထိုင်နေတဲ့ စားပွဲကိုကျော်ပြီး ကျွန်မတို့ထိုင်နေတဲ့ စားပွဲဆီကို လွင့်လာခဲ့ပါသည်။
အဲဒီကောင်လေးပြောတဲ့ တန်ဘိုး ဆိုတဲ့ အဓိပါယ်က ကျွန်မရဲ့ နောက်ကျောကနေပြီး ရင်ထဲအထိလာရိုက်တာမို့ သူပြောတဲ့ တန်ဘိုးဆိုတဲ့ စကားလုံးနဲ့ သူ့ကောင်မလေးကို ဘယ်လိုများတိုင်းတာလိုက်ပါလိမ့်လို့လဲ မဆီမဆိုင် တွေးလိုက်မိပါသည်။
သူ့သွေးသားတွေ ဖြစ်တဲ့ အစ်မတွေက တန်ဘိုးရှိပြီး သူ့ဘေးက သူ့ချစ်သူကောင်မလေးက သူ့အတွက် ဘာလို့ တန်ဘိုးမဲ့နေရတာလဲ ဆိုတာကိုလဲ မဆီမဆိုင်တွေးလိုက်မိပါသေးသည်။
မိန်းကလေးနဲ့ ယောက်ကျားလေးမှာ မိန်းကလေးက စပြီး ချစ်မိတဲ့အတွက် မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာ တန်ဘိုးတွေ ကျဆင်းစေခဲ့တယ်ဆိုရင်တောင်မှ ကောင်လေးအနေနဲ့ အဲလို မဏ္ဍပ်တိုင် တက်ပြစရာ မလိုလောက်ဘူးလို့ထင်မိပါသည်။
ဆယ်ကျော်သက်အရွယ် အဖြူအစိမ်းယူနီဖောင်းလေးတွေနဲ့မို့ သူတို့ရဲ့ မရင့်ကျက်မှုကို သူတို့ပြောဆိုနေတဲ့ စကားလုံးတွေက ဖော်ပြနေတယ်ဆိုတာကိုလဲ ဘေးလူတစ်ယောက်အနေနဲ့ သဘောပေါက်မိပါသည်။
ဒါပေမယ့် အသိမကြွယ်သေးတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးတစ်ယောက်ရဲ့ နှုတ်ဖျားက ထွက်လာတဲ့ တန်ဘိုးဆိုတဲ့ စကားလုံးကိုတော့ ကျွန်မနားထဲမှာ စွဲနေအောင် မှတ်ထားလိုက်မိပါသည်။
ဖြစ်စဉ်(၂)
အလုပ်ကအပြန် ညနေခင်းတစ်ခုမှာ လာကြိုနေကျ မောင်လေးက သူ့သူငယ်ချင်းနှစ်ယောက်ကိုပါ ခေါ်လာတာမို့ အနားမှာရှိတဲ့ ရှမ်းခေါက်ဆွဲဆိုင်မှာ ထိုင်ပြီး စကားပြောဖြစ်ပါသည်။
သူခေါ်လာတဲ့ သူငယ်ချင်းနှစ်ယောက်က ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပြီး မောင်လေးနဲ့အတူ အလုပ်သစ်တစ်ခုမှာ အလုပ်သင် သင်တန်းတက်နေသူများလဲ ဖြစ်ပါသည်။
နောက်နှစ်ရက်လောက်နေတော့ ကျွန်မကို မောင်လေးလာကြိုတဲ့ အချိန်မှာ အဲဒီနှစ်ယောက်လဲ ထပ်ပါလာပြန်ပါသည်။ ဒီတကြိမ်မှာတော့ လက်ချင်းတွဲထားကြတာမို့ သူတို့ ချစ်သူတွေဖြစ်သွားတာ မြန်လိုက်တာလို့ တွေးလိုက်မိပေမယ့် ဘာမှတော့ မမေးလိုက်ပါ။ သူတို့အားလုံးက ဆယ်တန်းအောင်ကာစ အလွန်ဆုံးရှိမှ ၁၆ နှစ် ၁၇ နှစ် အရွယ်တွေ…ဒီ့ထက်တော့ မပိုကြ။
ကောင်မလေးကတော့ အသားဖြူဖြူ အရပ်ခပ်မြင့်မြင့် သွက်သွက်လက်လက်လေးမို့ ရှိရင်းစွဲအသက်ထက် ပိုပြီး ရင့်ကျက်နေသလို ခံစားမိပါသည်။
နောက်တစ်ပတ်အကြာ မောင်လေးနဲ့ သူ့သူငယ်ချင်းကောင်လေး ကျွန်မကို လာကြိုချိန်မှာတော့ ခါတိုင်းလိုက်လာနေကျ ကောင်မလေးမပါလာခဲ့ပါ။
“ဒီနေ့ ဟိုကောင်မလေးမပါဘူးလားလို့” မောင်လေးကိုမေးတော့ “မပါဘူး”လို့ ခပ်ပြတ်ပြတ်ပြောတာမို့ သူ့ကို ဆက်မမေးဖြစ်တော့။
အိမ်ရောက်ပြီးမှ သတိတရနဲ့ မောင်လေးကို ထပ်ပြီး စပ်စုတော့ သူတို့ပြတ်သွားကြပြီလို့ ပြောပါသည်။ “ဟဲ့ ထူးဆန်းလိုက်တာ တွေ့ပြီး ၇ ရက်အတွင်း ရည်းစားဖြစ်တယ် နောက် ၇ ရက်နေတော့ ပြတ်တယ် ဘာလို့ ပြတ်သွားတာလဲ “ လို့ ဝေဖန်တော့ ချာတိတ်က ဒေါသထွက်နေတဲ့ပုံစံနဲ့ “ဟိုကောင် သောက်ချိုးမပြေဘူး သောက်ကျင့်မကောင်းဘူး” လို့ ပျစ်ပျစ်နှစ်နှစ်ဝေဖန်လာပါသည်။
ဒါပေမယ့် ကျွန်မရဲ့ နောက်ဆက်တွဲ မေးခွန်းကို မဖြေချင်တဲ့ ပုံစံနဲ့ “မပြောချင်ဘူး ပြောစရာ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး မကြီးရဲ့ “ လို့ ပြောနေပြန်တာမို့ အတင်းစပ်စုတော့လဲ” ဒီလိုကောင်တွေကို သတ်ပစ်ချင်တယ် နှမသားချင်းမစာနာဘူး ” လို့ပဲ တရစပ်ပြောနေပြန်ပါသည်။
“ခက်ရော ဘယ်လိုမစာနာတာလဲဟ” လို့ အတင်းအကြပ်လိုက်မေးတော့ မပြောချင်ပြောချင် ပုံစံနဲ့ ရှည်ရှည်ဝေးဝေး ရှင်းပြလာပါသည်။
“ ပြီးခဲ့တဲ့အပတ် အလုပ်နားရက်မှာ ကောင်မလေးကို ဟိုတယ်ခေါ်သွားတယ် …. နောက်နေ့ကျတော့ အဆက်အသွယ်ဖြတ်လိုက်တယ်…. ကောင်မလေးက အရင်ရည်းစားတွေခေါ်တိုင်းလဲ အဲလို လိုက်သွားနေကျ လို့ အဲ့ကောင်ကပြောတယ် … ကောင်မလေးက ငယ်ငယ်လေးနဲ့ တန်ဘိုးထားစရာ တစက်မှမရှိဘူးလို့ သင်တန်းမှာ တွေ့တဲ့သူတိုင်းကို လျှောက်ပြောနေတာဆိုးတယ် “
မောင်လေးပြောနေတဲ့ စကားလုံးတွေကြားမှာ ကျွန်မ မျက်စိလည်သွားမိပါသည်။ ဆယ့်ခြောက်နှစ်သာသာ ကလေးနှစ်ယောက် အဲလောက်တောင် တိုးတက်ခေတ်မီနေကြပီလားလို့ တွေးမိတော့ သိပ်မဆန်းဘူးဆိုတဲ့ အဖြေပဲထွက်လာပါသည်။
တခါတုန်းက ဟိုတယ်တစ်ခုမှာ ဧည့်သည်တွေအတွက် ကျသင့်ငွေတွေ ရှင်းပေးနေဆဲမှာ ဆယ်ကျော်သက် ကလေးသာသာ စုံတွဲတစ်တွဲ မှတ်ပုံတင်ကိုယ်စီကိုင်ပြီး အခန်းယူနေတာကို တွေ့ခဲ့ဘူးပါသည်။ သူတို့ပုံစံတွေက ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိတဲ့ သူရဲကောင်းတွေရဲ့ ပုံစံတွေပေါက်နေတာမို့ အပြစ်ကင်းစင်ဆဲ နုနယ်ပျိုပျစ်ဆဲဖြစ်တဲ့ သူတို့ရဲ့ မျက်လုံးတောက်တောက်လေးတွေကို နှမြောတသစွာနဲ့ အကြည့်လွဲခဲ့ဘူးပါသည်။
ဒါပေမယ့် မောင်လေးသူငယ်ချင်းပြောတဲ့ ကောင်မလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ တန်ဘိုးထားလို့မရအောင် ဆိုးရွားနေတယ် ဆိုတဲ့ စကားကိုတော့ သိပ်မကျေနပ်လှပါ။
သူကိုယ်တိုင်ကလဲ သူ့ချစ်သူကို တန်ဘိုးမထားနိုင်ပဲ ကောင်မလေးကို တန်ဘိုးမဲ့အောင်လုပ်ခဲ့တဲ့ လုပ်ရပ်က အဆိုးဆုံးလုပ်ရပ်ဆိုတာ သူသိသင့်ပါသည်။
သူပြောတဲ့တန်ဘိုးကို သူဘယ်လို ပေတံနဲ့ တိုင်းခဲ့သလဲဆိုတာ ကျွန်မ မသိပါ။ မောင်လေးပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ ကျွန်မနားထဲမှာ ခါးနေခဲ့ပါသည်။
“အဲဒီကောင်မလေးက မိဘနဲ့အဝေးမှာ သူ့အဘွားနဲ့ တစ်ယောက်တည်း လာနေတော့ မိန်းမကောင်း မဟုတ်တော့ဘူး “ တဲ့။
သူပြောသလိုကောင်မလေးက တကယ်ပဲ ပျက်စီးနေခဲ့သလား သူ့ပါးစပ်ထဲရောက်မှ ကောင်မလေးဘဝ အဖတ်ဆည်မရအောင် ပျက်စီးသွားသလားဆိုတာကိုတော့ ကျွန်မမသိခဲ့ပါ။ သိပ်မကြာခင်မှာပဲ ကောင်မလေးအလုပ်က ထွက်သွားပြီဆိုတဲ့ သတင်းနဲ့အတူ အဲဒီကောင်မလေးကိုလဲ နောက်ထပ် ကျွန်မမတွေ့ရတော့ပါ။
တကယ်လို့များ ကောင်မလေးကိုတွေ့ခွင့်ရခဲ့မယ်ဆိုရင်တော့ သူတို့ပြောနေကြတဲ့ ကောင်မလေးရဲ့ တန်ဘိုးနဲ့ ပက်သက်ပြီး ကျွန်မကျေနပ်တဲ့အထိ မေးခွန်းတွေထုတ်ဖြစ်မယ်ဆိုတာတော့ သေချာပါသည်။
သူတို့ပြောသလိုသာ ကောင်မလေးက တကယ်များ ဆိုးသွမ်းခဲ့ရတယ်ဆိုရင် ပျိုမြစ်နုနယ်တဲ့ အရွယ်မှာ သူမကို အရုပ်ဆိုးအကျည်းတန်အောင် အရောင်ဆိုးပစ်သူ ကောင်မလေးကို စိတ်လိုက်မာန်ပါ အမှားတွေ ကျူးလွန်တတ်အောင် သင်ပေးခဲ့သူတစ်ဦးတစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုတဲ့ ယောက်ျားတွေ ရှိခဲ့မယ်ဆိုတာ သေချာနေပါသည်။
ဖြစ်စဉ်(၃)
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ညသန်းခေါင် ၁ နာရီ အိမ်ပြန်ဖို့ ဖယ်ရီစောင့်နေတုန်း သူငယ်ချင်းကောင်မလေးတစ်ယောက်ကို သူ့ကောင်လေးလာကြိုတာမို့ သူ့ချစ်သူကားပေါ်တက်သွားတဲ့ ကောင်မလေးကို လက်ပြပြီး ငေးကျန်ခဲ့ပါသည်။
ရှေ့ဆင့်နောက်ဆင့်ဆိုသလို နောက်ထပ်ကားတစ်စီးထပ်ဆိုက်လာပြီး သူငယ်ချင်း ကောင်မလေးတစ်ယောက် ထပ်ပါသွားပြန်ပါသည်။ ညဘက်အိမ်ပြန်ချိန်တိုင်း သူတို့နှစ်ယောက်ကို အမြဲတမ်းလိုလို လာကြိုနေတတ်တာမို့ နောက်ဆုံးရောက်လာမယ့် ဖယ်ရီစောင့်ရသူက ကျွန်မတစ်ယောက်တည်း ဖြစ်နေတတ်ပါသည်။
ဒုတိယကားနဲ့ လိုက်သွားတဲ့တစ်ယောက်ကတော့ သူမရဲ့ လိုအပ်ချက်တွေပြည့်စုံဖို့ ရည်းစားတွေကို အသုံးချနေသူလို့ နာမည်ကြီးနေတဲ့ ကောင်မလေးတစ်ယောက်ပဲဖြစ်ပါသည်။ သူမကိုလာကြိုတတ်တဲ့ကားတွေ တနေ့တမျိုး မရိုးရတာကိုလဲ သူငယ်ချင်းတွေက သိထားကြပါသည်။
ဖယ်ရီကလဲ နောက်ကျနေတာမို့ ကျန်နေခဲ့တဲ့ ယောက်ကျားလေး ၄ ယောက်ကြားမှာ ကျွန်မတစ်ယောက်တည်း ကျန်နေတုန်းမှာ သူတို့ဆီက စကားလုံး ပြင်းပြင်းတွေကို စပြီးကြားလိုက်ရပါသည်။
“နင်တို့မိန်းကလေးတွေက ကားမြင်ရင် အကုန်လိုက်တာပဲ လူလဲမရွေး အချိန် နေရာလဲ မရွေးဘူး အန္တရာယ်လဲ မမြင်တတ်ကြဘူး“ လို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်လာတာမို့
“ နင်ဘာစကားပြောတာလဲ” လို့ ပြန်အော်မိတာကို မှတ်မိပါသည်။
သူတို့ပြောတဲ့စကားထဲမှာ တစ်ချို့တစ်ဝက်မှန်တယ်ဆိုပေမယ့် ကျွန်မရှေ့တည့်တည့်မှာ သူငယ်ချင်းတွေကို ဝေဖန်တာမျိုးကိုတော့ လက်မခံချင်ခဲ့ပါ။ ဝါးလုံးရှည်နဲ့ သိမ်းပြီးရမ်းတာမျိုးကိုလဲ မကြိုက်တာမို့ သူတို့နဲ့ မကြာခဏ စကားအချေအတင် ဖြစ်ရပါသည်။
ကျွန်မအော်သံကြောင့် သူတို့ခေတ္တ အသံတိတ်သွားပေမယ့် သိပ်မကြာခင်မှာပဲ အဲဒီကိစ္စကိုပဲ အကျယ်တဝင့် ထပ်ပြီး ဆွေးနွေးကြပြန်ပါသည်။
မဟာပုရိသ ဝါဒီကို လက်ကိုင်ထားကြသူတွေ ပီသစွာ မိန်းကလေးတွေ တန်ဘိုးမဲ့လွန်းတဲ့ ကိစ္စတွေကို ဗာရာဏသီချဲ့လာပါသည်။
ကျွန်မမကြိုက်မှန်းသိနေတဲ့ အကြောင်းအရာကို ကျွန်မကို စချင်နောက်ချင်စိတ်နဲ့ တမင်ဆွေးနွေးနေကြတယ်ဆိုတာကို သိနေတာမို့ အစပိုင်းမှာတော့ သည်းခံပြီး နားထောင်ပေးလိုက်ပါသည်။
“ပိုက်ဆံလောက်ကိုပဲ ကွက်ပြီး မြင်တတ်ကြတယ် အချစ်တွေ သိက္ခာတွေ ကိုယ့်ကျင့်တရားတွေ ဘာမှမကြည့်ကြဘူး”
“ မိဘဆိတ်ကွယ်ရာရောက်ရင် ကိုယ့်ကိုယ်ကို မထိန်းကြဘူး…. ယောက်ျားလေးတွေသူတို့ကို အပျော်သဘောထားတာ အပြစ်မရှိ လွယ်လွန်းတဲ့ မိန်းကလေးတွေကပဲ အပြစ်ရှိတယ်”
“မိန်းကလေးတွေက လွယ်တယ် ….ပေါတယ်.... တန်ဘိုးမရှိ...”
သူတို့အားလုံး တစ်ယောက်တစ်ပေါက် အားရပါးရ ဝေဖန်ရေးလုပ်နေကြတာကို ကြာကြာ သည်းမခံနိုင်တဲ့ အဆုံးမှာတော့
“နင်တို့ပြောချင်တာတွေ ပြောလို့ ပြီးပြီလား.. ပြီးရင် ငါပြောမယ်” လို့ ဝင်ပြောလိုက်တော့မှသူငယ်ချင်းတွေ ပြုံးစိစိနဲ့ ကျွန်မကို ဆွေးနွေးဖို့အလှည့် ပေးလာခဲ့ပါသည်။
“နင်တို့ပြောတာ မှန်သင့်သလောက်မှန်တယ်…. ငါမငြင်းဘူး… အိုကေနော်….ဒါပေမယ့် နင်တို့သိထားဖို့က ဘယ်မိခင်ကမှ သူတို့ရဲ့ သမီးတွေကို မိန်မဆိုးလေးတွေ ဖြစ်စေချင်တဲ့စိတ်နဲ့ မွေးဖွားခဲ့တာမဟုတ်ဘူး… ဘယ်မိန်းကလေးကမှ မိန်းမဆိုး မိန်းမပျက်ဖြစ်ချင်တဲ့ ဆန္ဒတွေမရှိကြဘူး”
“မိန်းကလေးတွေ စိတ်ဓါတ်ပျက်စီးကုန်တယ်ဆိုတာ လူတွေက ဖျက်စီးလို့…. တန်ဘိုးတွေကျကုန်တယ်ဆိုတာ လူတွေက ချပစ်လိုက်လို့ ….တန်ဘိုးမရှိဘူးဆိုတာ လူတွေက တန်ဘိုးမထားလို့…… နောက်ဆုံး လမ်းပေါ်ရောက်ကုန်တယ်ဆိုတာ လူတွေက ပို့လိုက်လို့…အိုကေတယ်နော် အဲဒီသူတွေက ဘယ်သူတွေလဲဆိုတာ သိချင်ရင် ငါအထောက်အထားနဲ့ပြောပြမယ် ” လို့ပြောပြီး သိပ်မကြာခင်က ဖတ်ထားမိတဲ့ Women Magazine မှာပါတဲ့ ပါကစ္စတန်နိုင်ငံက လေလွင့် အမျိုးသမီးစောင့်ရှောက်ရေး ဂေဟာက အမျိုးသမီးတွေရဲ့ အကြောင်းကို သူတို့ကို ပြန်ပြောပြခဲ့မိပါသည်။
“ယောက်ျားတွေဖောက်ပြန်ပြီး နောက်အိမ်ထောင်ပြုတယ်.... ယူထားတဲ့ သားမယားတွေကို အထောက်အပံ့မပေးဘူး… အိမ်ထဲမှာ ပိတ်လှောင်ထားတယ် … မိန်းမက သည်းမခံနိုင်လို့ ကွာရှင်းပေးဖို့ပြောရင် သားသမီးတွေအတွက် စရိတ်တောင်းရင် ကိုယ်ထိလက်ရောက်စော်ကားတယ်…. တခါတလေမှာ အက်စစ်နဲ့ပက်တယ် … ဒီလိုနဲ့ အဖိနှိပ်ခံ မိန်းကလေးတွေ ငတ်မွတ်နေတဲ့ အမျိုးသမီးတွေ လမ်းပေါ်ကိုရောက်လာကြတယ်..…အဲဒီသတင်းတွေကို ကမ္ဘာကသိတယ်…. ဒါပေမယ့် အဲဒီအဖြစ်အပျက်တွေရဲ့ အခြေခံအကြောင်းတရားတွေကို နင်တို့မသိကြဘူး “
“ပြီးတော့ “ ကျွန်မရဲ့စကားမဆုံးခင်မှာပဲ ဖယ်ရီကားကရောက်လာတာမို့ အဲဒီနေ့က ဆွေးနွေးပွဲက တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားခဲ့ပါသည်။
သူတို့ပြောချင်တဲ့ တန်ဘိုးတွေနဲ့ ပက်သက်ပြီး ပြောချင်တာ တော်တော်များများ ပြောခွင့်ရလို့ ကျေနပ်မိပေမယ့် သူတို့ တချိန်လုံးခလုတ်တိုက်နေခဲ့တဲ့ တန်ဘိုးဆိုတဲ့ စကားလုံးအတွက်တော့ သိပ်ပြီး မကျေနပ်ခဲ့ပါ။
ဖြစ်စဉ်(၄)
နေ့လည်ခင်းအလုပ်ရောက်ရောက်ချင်း ကျွန်မလုပ်ရမယ့် လေယာဉ်ခရီးစဉ်ကို သိလိုက်ရတာမို့ သက်ဆိုင်ရာကောင်တာကိုရောက်တော့ ကျွန်မထက်စောပြီးရောက်နေတဲ့ စီနီယာ ကောင်လေးသုံးယောက်ကို ကောင်တာမှာ တွေ့လိုက်ရပါသည်။
ခရီးသည်တွေ တစတစများလာချိန်မှာ ထုံးစံအတိုင်း Seating plan အတွက် ဦးစားပေးရွေးချယ်ရမယ့် သူတွေရှိမရှိ သိချင်တာမို့ တန်းစီနေတဲ့ လူတွေထဲကိုကြည့်မိတော့ အကုန်လုံးနီးပါးက မိန်းကလေးတွေ ဖြစ်နေခဲ့ပါသည်။ ခရီးသည် ၂၀၀ ကျော်မှာ ယောက်ကျားလေးက မဖြစ်စလောက် မပါသလောက် နည်းလွန်းနေတာမို့ သာမာန်ထက်ထူးခြားတဲ့ အနေအထားပဲလို့ သတိထားလိုက်မိပါသည်။
နောက်ဆယ်မိနစ်လောက်ကြာတဲ့ အထိ အမျိုးသား ခရီးသည်လေးငါးယောက်ထက် ပိုပြီးမတွေ့ရတာမို့ မနေနိုင်လွန်းစွာနဲ့ ဘေးမှာထိုင်နေတဲ့ တစ်ယောက်ကို မေးလိုက်မိပါသည်။
“တခုခုတော့ တစ်ခုခုပဲ ဒီနေ့ခရီးစဉ် ဘာထူးနေလဲမသိ ကောင်မလေးတွေအားလုံးက ငယ်ငယ်လေးတွေ ရက်ရက်စက်စက်လှကြတယ်နော် “ လို့မေးတော့
သူငယ်ချင်းက ကျွန်မကို ကောင်းချီးပေးလာပါသည်။
“နင်ကငတုံးပဲ… မြင်တာနဲ့သူတို့ဘာတွေဆိုတာ မသိဘူးလား” တဲ့
“ဘာတွေလဲ ငါတကယ်မသိတာဟ”လို့ပြန်ပြောတော့
“အကုန်လုံးက Dancer တွေနဲ့ entertainer တွေ.. ဒီအချိန် ဒီလမှာ သူတို့အတွက် ဒီမှာ အလုပ်မရှိဘူး… ဒါက သူတို့အိမ်ပြန်နားတဲ့အချိန်” လို့ရှင်းပြတော့မှ မနက်ဖြန်ဆိုရင် ဒီတိုင်းပြည်မှာ ဥပုဒ်လရောက်ပြီဆိုတာကို သတိရလိုက်မိပါသည်။
ဒါပေမယ့် နုပျိုလှပလွန်းတဲ့ အရောင်စုံ အသွေးစုံ ကောင်မလေးတွေကိုတော့ မစပ်စုပဲမနေနိုင်ပါ။ မိန်းကလေးချင်းတောင် ငေးယူရတဲ့ ငယ်ရွယ်ပျိုမျစ်တဲ့ အလှပိုင်ရှင်တွေကို ရာနဲ့ချီပြီး အစုအဝေးလိုက်တွေ့ရတာ ပထမဆုံးအကြိမ်လဲ ဖြစ်ပါသည်။
မိန်းကလေးတစ်ယောက်ဆီမှာရှိသင့်တဲ့ သိမ်မွေ့နူးညံ့မှုတွေ ယောက်ျားလေးတွေ စွဲမက်ကြတဲ့ ကိုယ်ဟန်အမူအယာတွေပိုင်ဆိုင်ထားကြသလို မိန်းမပီသလွန်းစွာ ခြယ်မှုန်းထားကြတဲ့ ကောင်မလေးတွေက ကျွန်မအတွက်တော့ စိတ်ဝင်စားစရာဖြစ်နေခဲ့ပါသည်။
တဖြည်းဖြည်းနဲ့ ခရီးသည်တွေ ကုန်စပြုလာချိန်မှာတော့ အခြားကောင်တာသုံးခုက သူငယ်ချင်းတွေ ကောင်တာပိတ်ပြီး နားနေခန်းသွားဖို့ပြင်နေတာတွေ့လိုက်တာမို့
“ဝေး ငါ့ကို တစ်ယောက်တည်းထားခဲ့တော့မှာလား ကောင်မလေးတွေကိုမစောင့်တော့ဘူးလား “
လို့မေးတော့ သူငယ်ချင်းတစ်ယောက်က နှာခေါင်းရှုံ့ပြီး “Useless Entertainer တွေကို ဝန်ဆောင်မှုပေးဖို့တာဝန်ကို နင်ပဲဆက်ယူတော့လေ ဒီဖလိုက်ကိုလဲ နင်ပဲပိတ်လိုက်နော် ” လို့ပြောပြီး သူတို့ထွက်သွားကြပါသည်။
ဒီလေယာဉ်ခရီးစဉ်အတွက် ခရီးသည်မကုန်ခင် ကောင်တာပိတ်ကြခြင်းအားဖြင့် ကျွန်မထက်နာရီဝက်လောက်ပိုပြီး နားရမယ်ဆိုတာ သိနေပေမယ့် သူတို့လူလည်ကျခြင်းကို အပြစ်မမြင်မိပါ။ သူတို့သုံးသွားတဲ့ စကားလုံးအသုံးအနှုန်းအတွက်တော့ ဝမ်းနည်းရပါသည်။
“အသုံးမကျတဲ့ ပျော်တော်ဆက်တွေ “လို့ ပြောနေကြပေမယ့် ပျော်တော်ဆက်တွေ ဝန်ဆောင်မှုပေးနေတဲ့တဲ့ ကလပ်တွေ ဘီယာဘားတွေကို သူတို့မသွားပဲနေနိုင်ကြလို့လားလို့ မေးချင်ပါသည်။
Entertainer တွေရှိတဲ့ Entertainment City တွေမှာ အပျော်လာရှာကြတဲ့လူတွေအားလုံးနီးပါးဟာ ဘာလို့များယောက်ျားတွေဖြစ်နေရတာလဲဆိုတာကိုလဲ မေးချင်ပါသည်။
နိုက်ကလပ် ဘီယာဘား အနှိပ်ခန်း ကာစီနိုကလပ်တွေမှာ ပျော်တော်ဆက်တွေမရှိတော့ဘူးဆိုရင်ရော သူတို့ဘာဆက်လုပ်ကြမလဲဆိုတာ သိချင်ပါသည်။
ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေကို ပျော်တော်ဆက်လို့ ရင့်ရင့်သီးသီးပြောနေကြပေမယ့် သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ မိန်းကလေးတွေကိုတောင် သူတို့ရဲ့ ပျော်ရွှင်မှုတစ်ခုတည်းအတွက် နည်းမျိုးစုံနဲ့ အသုံးချနေကြတာကို ပြန်ပြီးမမြင်နိုင်ကြတာဟာ သူတို့ရဲ့ အတ္တတွေပဲလား....
ပျော်တော်ဆက်လို့သူတို့ပြောနေကြတဲ့ မိန်းကလေးတွေမှာရော တန်ဘိုးတွေမရှိနိုင်ဘူးလား… သူတို့အတွက် တန်ဘိုးမရှိနိုင်ဘူးဆိုရင်တောင် ပျော်တော်ဆက်တွေရဲ့ ဝင်ငွေနဲ့ အသက်ရှင်ရပ်တည်နေတဲ့ မိသားစုဝင်တွေအတွက် ဒီမိန်းကလေးတွေမှာ တန်ဘိုးတစ်ခုတော့ ရှိနိုင်ပါသည်။
ပြီးတော့ သူတို့ဒီဘဝကိုရွေးချယ်လျှောက်လှမ်းခဲ့တဲ့ အခြေခံအကြောင်းရင်းတွေလဲ လုံလောက်စွာရှိနေမှာလဲ သေချာပါသည်။ သူတို့ကို ဒီလို အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်ထဲကို တွန်းပို့ခဲ့သူတွေဟာ တချိန်တခါက သူတို့ရွေးချယ်ခဲ့ဘူးတဲ့ လင်ယောက်ျားတွေလဲ ဖြစ်နိုင်သလို ဆင်းရဲငတ်မွတ်မှုဒဏ်မခံနိုင်ကြတဲ့ သူတို့ရဲ့ မိသားစုဝင်တွေလဲ ဖြစ်နိုင်ပါသေးသည်…..
ဆင်းရဲငတ်မွတ်မှုဒဏ်နဲ့ ဘဝရဲ့ အတိတ်ဆိုး အရိပ်ဆိုး ကံကြမ္မာဆိုးတွေကသာ မိန်းကလေးတွေကို ဘဝဆိုးတွေရောက်အောင်ပို့ပေးတတ်တဲ့ အဓိက တရားခံတွေဖြစ်တယ်ဆိုတာ သူတို့သိစေချင်ပါသည်။
နိုက်ကလပ်တစ်ခုရဲ့ သန့်စင်ခန်းထဲမှာ ငိုကြွေးနေတဲ့ သားတစ်ယောက်မိခင် လင်ယောက်ျားရဲ့ စွန့်ပစ်ခံ ပျော်တော်ဆက်တစ်ယောက်ရဲ့ ရင်ဖွင့်သံတွေကို ကြားခဲ့ဘူးသူမို့ သူတို့ရပ်တည်နေတဲ့ ဘဝကြမ်းကြမ်းတွေကို ကျွန်မနားလည်နိုင်သလို သူတို့ကို တန်ဘိုးချပစ်ခဲ့သူတွေကိုလဲ နားလည်စေချင်မိပါသည်။
မိခင်အိုနဲ့ လူမမည်သားတစ်ယောက်ရဲ့ ဘဝရပ်တည်ရေးအတွက် ပညာမတတ်သူပီပီ ဒီဘဝကို ရွေးခဲ့မိပေမယ့် သူမကိုယ်တိုင် မပျော်ရွှင်နိုင်ပဲ နေ့စဉ်နဲ့အမျှ ငိုကြွေးနေခဲ့တယ်ဆိုတာ သိခွင့်ရခဲ့ပေမယ့် ကိုယ်တိုင်လဲ ဖြစ်မြောက်အောင် အကူအညီမပေးနိုင်ခဲ့တာမို့ သူတို့ဘဝတွေကို စာနာနားလည်နိုင်ရုံသာ တတ်နိုင်ခဲ့ပါသည်။
ဒါပေမယ့် ကျွန်မသူငယ်ချင်းပြောသွားတဲ့ အသုံးမကျဘူးလို့သူပြောခဲ့တဲ့ စကားက ဘာကိုရည်ရွယ်ကြလဲလို့သိချင်မိပါသည်။ ကျွန်မမြင်ခဲ့တွေ့ခဲ့သလို သူတို့မြင်တွေ့ခွင့် စာနာခွင့်ရခဲ့မယ်ဆိုရင်…
သူတို့မိသားစု အသိုင်းအဝိုင်းထဲမှာ ဒီလို ဘဝလမ်းကြမ်းကြမ်းတွေကို ရွေးလျှောက်နေသူတွေ ရှိခဲ့မယ်ဆိုရင် သူတို့ ဒီလို ပစ်ပစ်ခါခါ ပြောရက်မယ်လို့ မထင်မိပါ။
ကိုယ့်တန်ဘိုးကို ကိုယ်ထိန်းရမယ်ဆိုတဲ့ အသိတွေရှိနေပေမယ့် တခါတရံမှာ ကိုယ့်တန်ဘိုးကို ကိုယ်တိုင်မသတ်မှတ်ခင် သူတို့တွေက သတ်မှတ်ပစ်လိုက်ကြတာကိုတော့ စိတ်မကောင်းဖြစ်ရပါသည်။
ပြီးတော့ ကျွန်မတို့တစ်ယောက်ချင်းစီ ပိုင်ဆိုင်ထားကြတဲ့ မတူညီနိုင်ကြတဲ့ ကျွန်မတို့ရဲ့ တန်ဘိုးတွေကို အရေးတယူ စောင့်ကြည့် တိုင်းတာပေးနေကြတဲ့ သူတို့ပေတံတွေရဲ့ အထူအပါးကိုလဲ စိတ်ဝင်စားနေမိပါသည်။
Monday, August 23, 2010
|
Labels:
အက်ဆေး
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
8 comments:
Nice presentation from the alternative view !!!
ဟဲဟဲ...ခက်တာက အမျိုးသမီးရေးရာအဖွဲ့ ကြီးကတော့ 
ဖျက်လိုက်ပြီတဲ့ ဗျာ...
နို့ မို့ ဆို မမ ကို အတွင်းရေးမှူးချူပ်ကြီးခန့် ချင်ပါတယ်...
ဟုတ်ပါတယ်ဗျာ...
တန်ဖိုးမဲ့ အောင်ဝိုင်းဝန်းစောင်မကြည့် ရှုသူနဲ့  ကိုယ့် ကိုယ်
ကို တန်ဖိုးမထားသူ အတူတူပဲ အပြစ်ရှိကြပါပေတယ်...
နိုက်ကလပ်တို့၊ ဘားတို့မှာ လုပ်နေကြတဲ့ မိန်းခလေးတိုင်းဟာ ဒီအလုပ်ကို နှစ်ခြိုက်လို့၊ သဘောကျလို့ စိတ်ပါလက်ပါ လုပ်နေကြတဲ့ အရေအတွက်က နည်းပါးပါတယ်.. တကယ်လို့ သူတို့သာ ပိုက်ဆံရှိသားသမီးတွေ ဖြစ်နေခဲ့ရင်၊ ကျောထောက်နောက်ခံကောင်းခဲ့ရင် ဒီအလုပ်တွေ လုပ်ပါ့မလားနော်..
လူတိုင်းရဲ့ ဘ၀တွေမှာ ကိုယ်မသိနိုင်တဲ့ နောက်ခံ အကြောင်းအရာလေးတွေ ရှိနေကြပါတယ်.. နောက်ဆုံး ရွေးချယ်စရာလမ်းမရှိတော့လို့ ဒီဘ၀ရောက်လာရသူတွေ ဒုနဲ့ဒေးပါ။ နှင်းရဲ့ ဒီပိုစ့်လေးက သိပ်ကောင်းပါတယ်.. လူတိုင်းဟာ ကိုယ်ဝေဖန်ပြောဆိုမဲ့ လူတစ်ယောက်အကြောင်းကို တိတိကျကျ မသိရဘဲ တန်ဖိုးဖြတ်မစောဖို့ သိပ်ကို အရေးကြီးပါတယ်.. တစ်ခါတစ်ခါမှာ လူတစ်ယောက်ရဲ့ ဘ၀ဟာ လူတစ်ချို့ရဲ့ ပါးစပ်ဖျားလေးက စကားတွေနဲ့ ဘ၀ပျက်သွားနိုင်ပါတယ်..
ကိုယ့်စိတ်နဲ့ နှိုင်း မရိုင်းဘူး ဆိုတဲ့ စကားလေး ရှိတယ် မဟုတ်လား။ သူတို့ရဲ့ “ တန်ဖိုး “ အပေါ်မှာ ထားတဲ့ သတ်မှတ်ချက်ပေါ့လေ။ သူတို့ရဲ့ တန်ဖိုး အပေါ်မှာ သူတို့ကိုယ်သူတို့ နဲ့ နှိုင်းကာ သတ်မှတ်တာလို့ ထင်မိပါတယ်။ လောကမှာ တန်ဖိုး မရှိဘူး ဆိုတဲ့ သူက မရှိပါဘူး။
မနှင်းရေ...ဘ၀ပေးအခြေအနေအရ ဘ၀တန်ဘိုးကို
အများကြီးပေးဆပ်နေကြရတဲ့သူတွေရှိပါရဲ့..
ဟိုနေ့က ဂျာနယ်တခုမှာ မော်ဒယ်မလေးက နိုင်ငံခြားဈေးဝယ်တခါထွက်ရင် ဒေါ်လာတသိန်း သုံးတယ်ဆိုတာမျိုးဖတ်ရတော့...............
အသွားမတော် တလှမ်းနဲ့လည်း ဘ၀ပျက်ခဲ့ကြရတယ်။ တော်မယ်ထင်ပြီး လှမ်းခဲ့တော့လည်း အပျော်ကြံသူကြောင့် ဖျက်ဆီးခံခဲ့ကြရတယ်။ ဘယ်လိုကြောင့်ဖြစ်ဖြစ် တခါပျက်ပြီးသူများအတွက် အကောင်းဖက်ပြန်လှည့်နိုင်ဖို့ လမ်းညွှန်ကောင်းလေးတွေ စဉ်းစားပေးနိုင်ကြရင်ဖြင့်...
ဖက်ပေါက်တာက ဖာထေးသုံးမရ..ဆူးကျိုးတာကျ ပြန်ချွန်လို့ရ.. ခံရခက်တဲ့ မိန်းမသားများဘ၀ကလည်းနော်...
အမရေ..နိုက်ကလပ်တို့ဘားတို့မှာအလုပ်လုပ်
နေကြတဲ့မိန်းကလေးတွေဟာအပေါ်ကကြည့်ရင်
ပျက်စီးနေသူတွေ..ကိုယ်ခန္ဓာကိုငွေနဲ့
တန်ဘိုးဖြတ်လို့ရောင်းချနေသူတွေလို့လူတွေက
မြင်ကြတယ်..သူတို့ဘဝဘာတွေဖြစ်ခဲ့လဲ
ဘဝကိုသူတို့ဘယ်လိုဖြတ်သန်းခဲ့ရလို့
ခုလိုဘဝမျိုးတွေရောက်ခဲ့ကြတာလဲလို့
ဘယ်သူမှမတွေးကြဘူး..တကယ်တော့လူဆိုတာ
ခံစားချက်နဲ့ဖွဲ့စည်းတည်ဆောက်ထားတာပါ...
ဒါပေမဲ့...လူတိုင်းကသူတို့တွေရဲ့ခံစားချက်ကို
ထည့်မတွက်ဘဲအထင်တခုထဲနဲ့ပြောကြတာတော့
မကောင်းဘူးလို့ကျမလဲထင်တယ်....
ငွေမလိုအပ်ဘဲနဲ့အပျော်အပါးမက်လို့ပျက်ဆီး
နေတဲ့မိန်းကလေးတွေလည်းရှိပါတယ်..
လောကကြီးကလဲတခါတခါကျရင်
မတရားဘူးအမရေ...
တန်ဖိုးဆိုတာ ဘာနဲ့တိုင်းတာကြတာလဲ..
သေချာတာတော့မိန်းကလေးအများစုဟာ မိန်းမဆိုးတွေ
မဖြစ်ချင်ကြပါဘူး.။ ဘ၀ပေးအရ ဖြစ်သွားကြရတာတွေ
လည်းအများကြီးရှိကြတာပဲ..အမြင်နဲ့တန်ဖိုးကို
တိုင်းတာဖို့တော့မဖြစ်သင့်ပါဘူး..။
ခင်တဲ့
သဒ္ဓါ
အနော်က တော့ ဘာမှ တိဝူးနော်။ ကောင်မလေး အချို့ကို သနားမိပါရဲ့။ ဖတ်ရင်း ရင်မောလာပေမယ့် အဆုံးထိတော့ ဖတ်သွားတယ်။ ကျံတော့မယ် ဂျာ ။ နောက်မှ ပြန်လာခဲ့မယ်
ခင်မင်စွာဖြင့်
မိုးယံ
Post a Comment